အိန္ဒိယရှိ မြန်မာအလုပ်သမားများ ဖမ်းဆီးခံရ

E-mail Print
အိန္ဒိယ-မြန်မာနယ်စပ် မီဇိုရမ်ပြည်နယ်ရှိ မြန်မာအလုပ်သမား အနည်းဆုံး ၂၁ ဦးကို  တရားမ၀င် နေထိုင်မှုဖြင့် အိန္ဒိယရဲများက ယမန်နေ့ညတွင် ဖမ်းဆီးထိန်းသိမ်း ထားကြောင်း သိရသည်။

အဆိုပါ မြန်မာအလုပ်သမားများမှာ အိန္ဒိယတွင် နေထိုင်ခွင့် လက်မှတ် တစုံတရာမရှိသောကြောင့် ဖမ်းဆီးခဲ့ခြင်း ဖြစ်ပြီး သူတို့ကို ပြည်နယ်မြို့တော် အိုက်ဇောရှိ တရားရုံးတွင် ရုံးတင်စစ်ဆေးကာ ထိုက်သင့်သော ပြစ်ဒဏ်များချ မှတ်မည်ဟု ပြည်နယ်ရဲဌာနမှ အရာရှိတဦးက ဧရာဝတီသို့ပြောသည်။

“သူတို့ကို ဒီမှာ တရားဝင် နေထိုင်ခွင့်လက်မှတ်တွေ မရှိလို့ဖမ်းထားတာပါ၊ အခုသူတို့ကို တရားရုံးမှာပို့ထားပါ တယ်၊ တရားရုံးက သူတို့ကို မြန်မာပြည်ကို ပြန်ပို့ဖို့ ဒါမှမဟုတ် ဒဏ်ငွေဆောင်ခိုင်းဖို့ တခုခု အမိန့်ချမှတ်ပါ လိမ့်မယ်” ဟု သူက ဆိုသည်။

ဖမ်းဆီးခံရသူ အလုပ်သမားများမှာ ဒဏ်ငွေချမှတ်ခံရပါက အိန္ဒိယ ရူပီး ၅၀၀ မှ ၂၀၀၀ အထိ ပေးဆောင်ရ မည် ဖြစ်သည်။ ဒဏ်ငွေ မဆောင်နိုင်ပါက နယ်စပ်သို့ ပြန်ပို့ခံရခြင်း၊ ထောင်ဒဏ်အနည်းဆုံး ၉ လ အထိကျခံရခြင်း များရှိသည်။

မီဇိုရမ်သို့ ဝင်လာသည့် မြန်မာနိုင်ငံသား အရေအတွက် မြင့်မားလာသကဲ့သို့ နယ်စပ် ကုန်စည်ကူးသန်းရောင်း ၀ယ်မှုများ ပြုလုပ်ရာတွင် မူးယစ်ဆေးဝါးနှင့် တရားမ၀င် လက်နက်မှောင်ခိုမှုများ၌ မြန်မာတို့ ပါဝင်ပတ်သက်မှုများ ရှိနေသောကြောင့် တရားမ၀င်နေထိုင်သူများကို အရေးယူခြင်းဖြစ်သည်ဟု ဒေသဆိုင်ရာ သတင်းဌာနများတွင် ဖော်ပြကြသည်။

ယမန်နေ့ညနေက မီဇိုရမ်ရှိ မြန်မာပြည်တွင်း ခေတ္တပြန်နေသော မြန်မာ အမျိုးသမီးတဦး ငှားရမ်းနေထိုင်သည့် အိမ်တအိမ်ကို သက်ဆိုင်ရာက ၀င်ရောက်ရှာဖွေရာတွင် လက်နက်ခဲယမ်းများကို တွေ့ရှိခဲ့သည်ကို သတင်းဌာန များတွင် ဖော်ပြ ထားသည်။

ဖမ်းဆီးရမိသော လက်နက်များမှာ M-16 သေနတ် ၈ လက်၊ ၉ မမ ပစ္စတို ၁ လက်၊ လက်ပစ်ဗုံး ၄ လုံး နှင့် လမ်းလျှောက်စကားပြောစက် ၅ ခုတို့ဖြစ်ပြီး အဆိုပါ အမျိုးသမီး၏ အမည်နှင့် အခြားအသေးစိတ်အချက်အလက် များ ကို ဖော်ပြထားခြင်း မရှိပါ။

အဆိုပါ ကိစ္စကြောင့် မြန်မာလုပ်သားများကို ဖမ်းဆီးခြင်း ဖြစ်နိုင်သည်ဟု ယက်ကန်းလုပ်ငန်းရှင်များနှင့် အလုပ်သမားများအနေဖြင့် ယူဆနေကြသော်လည်း ရဲအရာရှိကမူ ထိုကဲ့သို့ မဟုတ်ကြောင်း ငြင်းဆိုသွားသည်။

လွန်ခဲ့သောနှစ်များက ယခုလို အလုပ်သမားများကို ဖမ်းဆီးခြင်းမျိုး မရှိခဲ့သော်လည်း ယခုနှစ်တွင်မှ ဖမ်းဆီး စစ်ဆေးခြင်းများ ရှိလာသည်ဟု မြန်မာ ယက်ကန်းလုပ်ငန်းပိုင်ရှင်တဦးက ဆိုသည်။

“ဒီနှစ်ထဲမှာ ဒါနဲ့ဆိုရင် ၃ ကြိမ်ရှိပြီ၊ သူတို့ ဒီမှာ ရဲတွေပြောတာတော့ အစိုးရရဲ့အမိန့်နဲ့လို့ပြောတယ်၊ သူတို့က မှောင်ခို ကုန်ကူးတဲ့ နိုင်ငံခြားသားကို ဖမ်းခိုင်းတိုင်း ဒီယက်ကန်းသမားတွေကိုပါ လာလာဖမ်းကြတယ်”ဟု  အဆိုပါ ယက်ကန်းရုံပိုင်ရှင်က ဧရာဝတီကိုပြောသည်။

မီဇိုရမ်ပြည်နယ်တွင် လာရောက်အလုပ်လုပ်ကိုင်သူများအတွက် အလုပ်သမား မှတ်ပုံတင်ကဲ့သို့ စာရွက်စာတမ်း များကို အစိုးရမှ တရားဝင်ပြုလုပ်ပေးခြင်းမရှိ၍ သက်ဆိုင်ရာ ဒေသမှ အာဏာပိုင်များနှင့် ညှိနှိုင်း၍သာ နေထိုင်ခွင့် များ ရယူထားကြရသည်။

“သူတို့နေထိုင်ဖို့ ပါမစ်လိုဟာမျိုးက တရားဝင်ရယ်လို့တော့ မဟုတ်ဘူး၊ ဒီလိုပဲ သူတို့ တရားရုံးကို သွားပြီးတော့ အလုပ်သမားပုံနဲ့ အလုပ်ရှင် ထောက်ခံစာနဲ့သွားပြီး နားလည်မှုနဲ့လုပ်ထားတာပေါ့၊ အခု အစိုးရ အသစ်တက်လာ တော့ အရင်နှစ်တွေက လုပ်ထားတဲ့ဟာကို အသစ်ပြန်လုပ်ရမှာလိုမျိုး ဖြစ်နေတယ်၊ ဒီမှာက တခြား ထိုင်းတို့ မလေးရှားတို့မှာလို သီးသန့် မှတ်ပုံတင် လုပ်ပေးတာမျိုးတွေ၊ အလုပ်သမား အဖွဲ့အစည်းတွေဆိုတာ မရှိတော့ ဒီလိုဖြစ်လာရင် အလုပ်သမားတွေရော အလုပ်ရှင်တွေရော တော်တော်ဒုက္ခရောက်ကြပါတယ်”ဟု သူက ဆို သည်။

ယခုလို ဖမ်းဆီးမှုများ ရှိလာသောကြောင့် ယက်ကန်းရုံတချို့ရပ်နားထားရပြီး ယက်ကန်း လုပ်သားများမှာလည်း ပုန်းရှောင်နေကြရသောကြောင့် စားဝတ်နေရေး ထိခိုက်ရသည်ဟု ပုန်းရှောင်နေရသည့် ယက်ကန်းသမလေး မသေးသေးက ပြောပြသည်။

“အရင်တခါက အဖမ်းခံထားရတော့ ကြောက်တာပေါ့နော်၊ အခုလည်း မိသွားမှာစိုးလို့ မပြန်ရဲသေးဘူး၊ အခုလည်း ဖုန်းစောင့်နေတာ၊ အိမ်ရှင်က အာမခံ မပေးနိုင်တော့ ပုန်းခိုင်းထားလို့ ကျမတို့ ပုန်းနေတာ၊ ကျမတို့ တရုံလုံးပေါ့၊ အယောက် ၂၀ လောက်ရှိတယ်၊ အလုပ်ကတော့ ပျက်တာပေါ့၊ အလုပ်ပျက်တော့ သိပ်အဆင်မပြေဘူး”ဟု သူက ဆိုသည်။

ပြည်တွင်း၌ စားဝတ်နေရေးကျပ်တည်းမှုကြောင့် မြန်မာနိုင်ငံ အနောက်မြောက်ဘက် အိန္ဒိယ နယ်စပ် မီဇိုရမ် ပြည်နယ်အတွင်း ဝင်ရောက်လာသူ မြန်မာနိုင်ငံသားပေါင်း ၅ သောင်းဝန်းကျင်ရှိနေပြီး ရက်ကန်းခတ်ခြင်း၊ ရွှေပန်းထိမ် လုပ်ငန်း၊ လက်သမား၊ အိမ်ဖော်၊ တောင်ယာ၊ လမ်းဖောက်လုပ်ငန်းများနှင့် အခြား ကြုံရာ ကျပန်း အလုပ်များ လုပ်ကိုင်နေကြသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်