မန္တလေး စက်သုံးဆီဆိုင်များ မြို့ပြင်ထွက်ရမည်

E-mail Print
မန္တလေးမြို့တွင်းရှိ စက်သုံးဆီဆိုင်များကို မြို့ပြင်သို့ ရွှေ့ခိုင်းသည့်အပြင် တဆိုင်လျှင် ကျပ်သိန်း ၈၀ နီးပါး ကုန်ကျမည့် ဆိုင်ခန်းများ ဆောက်လုပ်ပြီးမှသာ လုပ်ငန်းလည်ပတ်ခွင့် ပြုမည် ဖြစ်သောကြောင့် စက်သုံးဆီ အရောင်းဆိုင်ငယ်များ အခက်တွေ့နေရကြောင်း ကြားသိရသည်။

ဂရိတ်ဝေါကုမ္ပဏီက ဇူလိုင်လအတွင်း မန္တလေးမြို့တွင် အီသနော အရောင်းဆိုင်ကြီး လာရောက်ဖွင့်လှစ်ပြီး နောက်ပိုင်း မန္တလေး မြို့တော် စည်ပင်သာယာရေး ကော်မတီ (MCDC) က ယခုကဲ့သို့ အမိန့်ထုတ်လိုက်ခြင်း ဖြစ်ကြောင်း စက်သုံးဆီ ဆိုင်များက ဆိုသည်။

“ဂရိတ်ဝေါ အီသနောဆိုင်က ရောင်းအားမကောင်းသေးဘူး။ အသေးစား ဆီဆိုင်တွေမှာပဲ ကားသမား တွေက ၀ယ်သုံးကြတယ်။ အခုလိုဆီဆိုင်တွေကို သိန်း ၈၀ နီးပါးကုန်မယ့် ဆိုင်ခန်းတွေ ဆောက်ခိုင်းတော့ ဆိုင်တိုင်း ဆောက်နိုင်မှာ မဟုတ်ဘူး။ အဲဒီတော့ ဆိုင်တွေရှားသွားမယ်” ဟု မန္တလေးမြို့ခံ တဦးက သုံးသပ်သည်။

မန္တလေးမြို့ရှိ စက်သုံးဆီဆိုင် စုစုပေါင်း ၁၃၇ ဆိုင်ကို မန္တလေး၊ ပြင်ဦးလွင် လမ်းမဘေးရှိ အောင်ပင်လယ် အရပ်သို့ ပြောင်းရွှေ့ရန်နှင့် ၁၅ ပေ ပတ်လည်ဆိုင်ခန်းတိုင်းကို ကျပ် ၇၈ သိန်းကျော်ကျမည့် Steel Structure (သံမဏိ တိုင်များ) ဖြင့် ဆောက်လုပ်ရန် ညွှန်ကြားထားကြောင်း သိရသည်။

စက်သုံးဆီဆိုင်များကို တည်ဆောက်ရာတွင် MCDC၊ ကြံ့ခိုင်ရေးအသင်းနှင့် ရဲတပ်ဖွဲ့တို့ ပူးပေါင်း၍ ဆောက်လုပ် မည်ဖြစ်သည်။ အသေးစား စက်သုံးဆီအရောင်းဆိုင်များအနေနှင့် ညွှန်ကြားချက်ကို မလိုက်နာပါက အရေးယူ ခံရမည်ဖြစ်ကြောင်း MCDC ထံမှသိရသည်။

“လမ်းဘေးဆိုင်လေးတွေကို လုံးလုံး မရောင်းရဘူးလို့ မပြောဘဲ မဖြစ်နိုင်တဲ့ ဆိုင်ခန်ုးကြီးတွေ ဆောက်ပြီးမှ ရောင်းခိုင်းတာ။ ကျနော်တို့လို ဆိုင်လေးတွေ ကျတော့ဗျာ ဒီသိန်း ၈၀ နီးပါး ဆိုတော့ ဘယ်သူက တတ်နိုင်မှာလဲ။ အဲဒီတော့ သူတို့ဖြစ်စေချင်တဲ့အတိုင်း ဆိုင်သေးလေးတွေ ပျောက်ကုန် တော့မှာပေါ့” ဟု မတ္တရာ ကားလမ်းမ ဘေးရှိ စက်သုံးဆီ ရောင်းချသူ တဦးကပြောသည်။

ယခုနှစ်မိုးရာသီအတွင်း သတ်မှတ်ထားသော ဆိုင်ခန်းများကို အပြီးတည်ဆောက်ရန် MCDC က လုပ်ငန်းရှင် များကို ဇူလိုင် ၁၅ ရက်နေ့တွင် ခေါ်ယူပြောကြားခဲ့ကြောင်း သိရသည်။

“ကျနော်တို့ အနေနဲ့ ပြောင်းဆို ပြောင်းရမှာပဲလေ။ ဒါပေမယ့် သူတို့သက်မှတ်တဲ့ ဆိုင် အတိုင်းဆောက်ဖို့ ကျနော်တို့ အရင်းက အဲဒီလောက် မရှိဘူးဗျ။ သူတို့က လုပ်ချင်ရာ လျှောက်လုပ်နေတာ” ဟု မန္တလေးတွင် စက်သုံးဆီ ရောင်းချနေသူ တဦးက ပြောသည်။

မီးအကြီးအကျယ် လောင်လေ့ရှိသည့် မန္တလေးမြို့တွင် မီးဘေးကြိုတင်ကာကွယ် တားဆီးရန်အတွက် မန္တလေးမြို့နှင့် နီးစပ်နေသော စက်သုံးဆီ ဆိုင်များကို မြို့ပြင်သို့ ပြောင်းရွှေ့ခိုင်းခြင်း ဖြစ်ကြောင်း MCDC မှတာဝန်ရှိသူတဦးက ဆိုသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်