အမေရိကန်နှင့် မြန်မာ ဆက်ဆံရေးတိုးတက်ရန် အပြုသဘောဆောင်သည့် ခရီးစဉ်အဖြစ် ဂျင်မ်ဝက်ဘ် ဖော်ဆောင်နိုင်ဟုဆို

E-mail Print
အမေရိကန် အထက်လွှတ်တော်အမတ် မစ္စတာ ဂျင်မ် ဝက်ဘ်၏ ခရီးစဉ်သည် အမေရိကန်နိုင်ငံနှင့် မြန်မာ နှစ်နိုင်ငံအကြား ဆက်ဆံရေး ပိုမိုတိုးတက် ကောင်းမွန်စေရန် အပြုသဘော ဆောင်သည့် ခရီးစဉ် ဖြစ်သည် ဟု ယမန်နေ့ထုတ် မြန်မာ့အလင်း သတင်းစာတွင် ဖော်ပြထားသည်။

“အမေရိကန်ရဲ့ ထိပ်တန်း နိုင်ငံရေး အသိုင်းအဝန်းမှာ ဆီနိတ်တာ ဝက်ဘ်လို လက်တွေ့ကျပြီး အမြော်အမြင်ရှိတဲ့ ပုဂ္ဂိုလ်မျိုး ရှိနေပြီးတော့ မြန်မာ - အမေရိကန် နှစ်နိုင်ငံ ဆက်ဆံရေးမှာ အရေးပါတဲ့ အရှေ့အာရှနဲ့ ပစိဖိတ်ရေးရာ ဆပ်ကော်မတီရဲ့ အကြီးအကဲ အဖြစ် တာဝန်ယူခွင့် ရလာတာဟာ မြန်မာပြည်သူတွေအတွက် ကံကောင်းခြင်း တရပ်လို့ ယူဆနိုင်သလို ဆီနိတ်တာဝက်ဘ်ရဲ့ အကျိုးဖြစ်ထွန်းမှုရှိတဲ့ မြန်မာနိုင်ငံ ခရီးစဉ်အတွက်လည်း မြန်မာ ပြည်သူအများစုက ဝမ်းမြောက်ဝမ်းသာ ကြိုဆိုကြမှာ သေချာပါတယ်” ဟု ၎င်းသတင်းစာပါ “ပိတ်လေ ဝေးလေ၊ ထိခိုက်လေမို့ ရွှေတံခါးကြီး ဖွင့်ကြပါစို့” ဆောင်းပါး၌ ရေးသားထားသည်။

အနောက်အုပ်စု သဘောထားတင်းမာသူ များနှင့် ပြည်တွင်း ပြည်ပမှ မြန်မာအစိုးရ၏ အတိုက်အခံအဖွဲ့များ အနေနှင့် စီးပွားရေးပိတ်ဆို့မှုသည်သာလျှင် စစ်အစိုးရအပေါ် မကျေနပ်ကြောင်းပြနိုင်သည့် တခုတည်းသော နည်းလမ်းဟု ထင်မြင်ယူဆနေကြကြောင်း၊ မြန်မာအစိုးရကို ဖိအားပေး၊ အပြစ်ပေးရန် စီးပွားရေးပိတ်ဆို့မှု နည်းလမ်းတမျိုးတည်းကို အသုံးပြုနေခြင်းသည် ခုတ်ရာတခြား ရှရာတလွဲဖြစ်နေကြောင်း ဆောင်းပါးရှင် ကိုမြန်မာက ဖော်ပြထားသည်။

၎င်းက စီးပွားရေးပိတ်ဆို့မှု၏ ဆိုးကျိုးကို အနောက်နိုင်ငံသားများလည်း ယထာဘူတကျကျ သိမြင်လာကြပြီ ဟု ဆိုသည်။

“အနောက်နိုင်ငံသားတွေ ထဲမှာလည်း ပိတ်ဆို့မှုရဲ့ ဆိုးကျိုးတွေကို ယထာဘူတ ကျကျ သိမြင်ပြီး မြန်မာအစိုးရနဲ့ ထိတွေ့ဆက်ဆံရေးကို အားပေးတိုးမြှင့်သင့်တယ်လို့ ယူဆတဲ့ ဆင်ခြင်တုံတရား ပြည့်ဝတဲ့သူတွေ အများကြီး ရှိပါတယ်။ အဲဒီပုဂ္ဂိုလ်တွေထဲမှာ မကြာခင်က မြန်မာနိုင်ငံကို လာသွားတဲ့ အမေရိကန်အထက်လွှတ်တော် အမတ် မစ္စတာ ဂျင်မ် ဝက်ဘ်ဟာလည်း တယောက်အပါအဝင်ဖြစ်ပါတယ်” ဟု ဆောင်းပါးရှင်က ရေးထားသည်။

ယခင်တပတ်က မစ္စတာ ဂျင်မ်ဝက်ဘ် မြန်မာပြည်သို့ လာရောက်ကာ ဗိုလ်ချုပ်မှူးကြီး သန်းရွှေအပါအဝင် စစ်အစိုးရ ခေါင်းဆောင်များနှင့် တွေ့ဆုံခွင့်ရခဲ့ပြီး မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်နှင့် လည်း ၄၅ မိနစ်ကြာ တွေ့ဆုံဆွေးနွေးခွင့်ရခဲ့သည်။

မြန်မာနိုင်ငံအပေါ် အနောက်နိုင်ငံများက စီးပွားရေးပိတ်ဆို့မှု ရုတ်သိမ်းရန် ကိစ္စကို အဓိက ဆွေးနွေးခဲ့ကြရာ၌ ဒေါ်အောင်ဆန်းစုကြည်နှင့် မစ္စတာ ဂျင်မ်ဝက်ဘ်တို့ အမြင်မတူမှုများရှိသည်ဟု ဆိုသည်။ ဆွေးနွေးပွဲ၌ ဒေါ်အောင်ဆန်းစုကြည်က စီးပွားရေးပိတ်ဆို့မှု လျှော့ချရန် ပြည်ပနိုင်ငံများနှင့် ညှိနှိုင်းဆောင်ရွက်ခြင်း မပြုမီ ပြည်တွင်းတွင် အရင်ပူးပေါင်းဆောင်ရွက်ခြင်း ပြုလုပ်ရန် လိုအပ်ကြောင်း ပြောကြားခဲ့သည်။

စစ်အစိုးရအပေါ် နိုင်ငံတကာက ချမှတ်ထားသော ပိတ်ဆို့မှုများသည် သူ၏ ဆောင်ရွက်ချက်များ မဟုတ်သည့် အတွက် ရုတ်သိမ်းပေး၍ မရနိုင်ကြောင်း၊ ယင်းပိတ်ဆို့မှုများသည် တိုင်းပြည်နှင့် လူထု အတွက် အကျိုး မရှိပါက စစ်အစိုးရနှင့် ပူးပေါင်းဆောင်ရွက်ရန် ၂၀၀၇ ခုနှစ်က အဆိုပြုခဲ့ရာ အစပိုင်း တွင် စစ်အစိုးရက သဘော တူ သယောင် ရှိသော်လည်း နောက်ပိုင်းတွင် အရာမထင်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က မစ္စတာ ဂျင်မ် ၀က်ဘ် ကို ရှင်းပြခဲ့သည် ဟု အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ၏ ပြောခွင့်ရပုဂ္ဂိုလ် ဦးဉာဏ်ဝင်းက ပြောခဲ့သည်။

မစ္စတာ ဂျင်မ်ဝက်ဘ်သည် မြန်မာနိုင်ငံအပေါ် အမေရိကန်နှင့် ဥရောပသမဂ္ဂနိုင်ငံများ၏ စီးပွားရေးပိတ်ဆို့မှုကို သဘောမတူခဲ့သူတဦးဖြစ်ပြီး နှစ်ပေါင်းများစွာအတွင်း အမေရိကန်ထိပ်တန်း နိုင်ငံရေးဆိုင်ရာ တာဝန်ရှိသူ တဦးနှင့် မြန်မာအာဏာပိုင်များအကြား ပထမဆုံးတွေ့ဆုံမှုဖြစ်သည်ဟု သတင်းစာ ဆောင်းပါးတွင် ရေးသား ထားသည်။

သတင်းစာ ဆောင်းပါး၌ ဥရောပသမဂ္ဂ အနေနှင့် သြဂုတ် ၁၃ ရက်နေ့က မြန်မာနိုင်ငံအပေါ် အရေးယူ ပိတ်ဆို့မှုများ ထပ်မံ ပြုလုပ်လာခြင်းအပေါ် ဝမ်းနည်းသည်ဟု ဆိုထားသည်။ ထိုကဲ့သို့ အရေးယူ ပိတ်ဆို့ ခြင်းကြောင့် မြန်မာပြည်သူပြည်သားများသာ နစ်နာသည်ဟုလည်း ရေးသားဖော်ပြထားသည်။

မြန်မာ့အရေးလေ့လာသူ ဦးအောင်နိုင်ဦးက ဒေါ်အောင်ဆန်းစုကြည်ကို တွေ့ခွင့်ရခဲ့သည့် မစ္စတာ ဂျင်မ်ဝက်ဘ် ကြောင့် မြန်မာပြည်အပေါ် ပိတ်ဆို့ အရေးယူ ထားသည့် အမေရိကန်၏ သဘောထား ပြောင်းလဲမည်ဟု မထင် ကြောင်း၊ စီးပွားရေးပိတ်ဆို့မှုများ ရုတ်သိမ်းရန် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေး အကျဉ်းသားများကို လွှတ်မှသာ ဖြစ်နိုင်ခြေရှိကြောင်း ဧရာဝတီသို့ ပြောသည်။

မြန်မာစစ်အစိုးရက မစ္စတာ ဂျင်မ် ဝက်ဘ်၏ တောင်းဆိုမှုကြောင့် အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၇ နှစ် ကျခံ ထားရသူ မစ္စတာ ဂျွန် ဝီလျံ ယက်ထောကို ပြန်လွှတ်ပေးခဲ့သော်လည်း နေအိမ်တွင်း ကျူးကျော်ဝင်ရောက် ခံခဲ့ရသူ ဒေါ်အောင်ဆန်းစုကြည်ကိုမူ နေအိမ်အကျယ်ချုပ် ၁ နှစ်ခွဲ သတ်မှတ်ခဲ့သည်။

ယနေ့ထုတ် မြန်မာ့အလင်း သတင်းစာ ဆောင်းပါးထဲ၌လည်း ဒေါ်အောင်ဆန်းစုကြည်ကို အပြီးသတ် လွှတ် ပေးရန် တောင်းဆိုခြင်းသည် ဥပဒေကို ပြောင်ပြောင်တင်းတင်း ဆန့်ကျင်ခြင်း ဖြစ်ကြောင်းနှင့် အင်အားကြီးသူများ စုပေါင်း၍ ပိတ်ဆို့မှုများ မလုပ်သင့်ကြောင်း ရေးသားထားသည်။

ဆောင်းပါးရှင်ကိုမြန်မာက ယမန်နေ့က ရေးသားထားသော ၎င်း၏ ဆောင်းပါးအဆုံးသတ်၌ “ပိတ်ဆို့ ပြဌာန်းမှုကို ဖိအားပေးရေး နည်းလမ်းတခု အဖြစ် ကျင့်သုံးလေလေ၊ အားလုံး လိုချင်မျှော်မှန်းကြတဲ့ ဒီမိုကရေစီ ပန်းတိုင်နဲ့ ဝေးလေလေ မြန်မာပြည်သူတွေ ရဲ့ လူမှုရေး၊ စီးပွားရေး၊ ဖွံ့ဖြိုးတိုးတက်မှုတွေနဲ့ ဝေးလေလေ၊ ပြည်သူလူထုရဲ့ လိုလားထောက်ခံမှုတွေနဲ့ ဝေး လေလေ ဖြစ်မယ်ဆိုတာ နိုင်ငံရေး အင်အားစုတွေ အားလုံးက လက်တွေ့ကျကျ နားလည်သိမြင်ပြီး ပိတ်ဆို့ရေး နည်းလမ်းတွေကို စွန့်လွှတ်ကာ ခေတ်မီ ဖွံ့ဖြိုး တိုးတက်ပြီးတော့ အေးချမ်း သာယာ တဲ့ ဒီမိုကရေစီနိုင်ငံတော်သစ် အတွက် ရွှေတံခါးကြီးကို စုပေါင်း ဝိုင်းဝန်း ဖွင့်လှစ်ကြပါစို့လို့ တိုက်တွန်း လိုက်ချင်ပါတယ်” ဟု ရေးသား ထား သည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်