စစ်ရေးနည်းဖြင့် မဖြေရှင်းချင်ဟု ၀ခေါင်းဆောင်ပြောဆို

E-mail Print
ဝတိုင်းရင်းသား အပစ်ရပ်အဖွဲ့ ခေါင်းဆောင် ဦးပေါက်ယူချမ်းက တရုတ် မြန်မာ နယ်စပ်တွင် စစ်ရေး လှုပ်ရှားမှုများ ဖြစ်ပေါ်နေသောကြောင့် စစ်အစိုးရနှင့် ငြိမ်းချမ်းရေးကို အချိန်ယူ တည်ဆောက်ရန် လိုအပ်သည်ဟု  ပြောဆိုလိုက်ကြောင်း  သိရသည်။

ယမန်နေ့က ထုတ်လွှင့်သွားသည့် တရုတ် ရုပ်မြင်သံကြား Phoenix TV နှင့် တွေ့ဆုံ မေးမြန်းခန်း တခုတွင် ဦးပေါက်ယူချမ်းက ထိုသို့ ပြောကြားလိုက်ခြင်း ဖြစ်ပြီး အသွင် ကူးပြောင်းရေးအတွက် အခက်အခဲများကို စစ်ရေးနည်းဖြင့် ဖြေရှင်း၍ မရနိုင်ဟုလည်း ပြောလိုက်သည်။

“တပ်များ အသွင် ကူးပြောင်းရေးကို လက်ခံတယ်၊ လက်တွေ့ လုပ်ငန်းများ လုပ်ကိုင်တဲ့အခါ နှစ်ဦးနှစ်ဘက် အသေးစိတ် အပြန်အလှန် ညှိနှိုင်း ဆွေးနွေးဖို့ လိုတယ်၊ အချိန်ယူရမယ်။ တပ်တွေကို ဖျက်သိမ်းတဲ့ ပုံမျိုးတော့ မလုပ်ဘူး၊ စစ်ရေးအရ ဖြေရှင်းလာမယ် ဆိုရင်တော့ ခုခံကာကွယ် ရမှာပဲ” ဟု ဝ ပြည် သွေးစည်း ညီညွတ်ရေး တပ်မတော် (UWSA) အကြီးအကဲ ဦးပေါက်ယူချမ်းက ပြောကြားသည်ဟု သိရသည်။

UWSA အပြင် ကချင် လွတ်မြောက်ရေး တပ်မတော် (KIA) ကလည်း ထိုသို့သော သဘောထား ရှိနေကြောင်း တရုတ်မြန်မာ နယ်စပ်ရှိ စစ်ရေးနိုင်ငံရေး လေ့လာသူ ဦးအောင်ကျော်ဇောက ပြောသည်။

“KIA  ရော ၀ ကပါ နယ်ခြားစောင့်တပ် ကိစ္စကို ယေဘုယျအားဖြင့် မူအရ သဘောတူတယ်လို့ ပြောတယ်၊ ဒါပေမဲ့ ဒီအချိန်မှာ  ဘယ်လို ညှိနှိုင်းမယ် ဆိုတာကိုတော့ မပြောဘူး သူတို့ပြောတဲ့ အောက်တိုဘာလမှာတော့ လုပ်နိုင်မယ် မထင်ဘူး၊ ဒီလို တရားဝင် ပြောတာဟာ တရုတ် ဖိအား ပေးတာလို့ ထင်တယ်” ယခင် ဗမာပြည် ကွန်မြူနစ် ပါတီဝင် တဦးဖြစ်သူ ဦးအောင်ကျော်ဇောက သုံးသပ်လိုက်သည်။

စစ်ဘက်ဆိုင်ရာ လုံခြုံရေး အရာရှိချုပ် ဗိုလ်ချုပ်ကြီး ရဲမြင့်က UWSAကို တိုက်ခိုက်မည် မဟုတ်ကြောင်း စာဖြင့် ထပ်မံ ကတိပေးထားသည်ဟု ၀တပ်ဖွဲ့ အရာရှိ တချို့ကို ကိုးကားပြီး ဦးအောင်ကျော်ဇောက ရှင်းပြသည်။

သို့သော်လည်း ၀ ဒေသတွင် စစ်အစိုးရတပ်များ ချထားပြီး စိတ်ဓာတ် စစ်ဆင်ရေး ပုံစံ လုပ်ကိုင်နေကြောင်း၊ လက်နက်ကြီးများဖြင့် ခြိမ်းခြောက်မှုများ လုပ်ကိုင်နေကြောင်း ထိုဒေသအရေးကို အထူးပြု လေ့လာနေသူ စာနယ်ဇင်းသမား တဦးက ပြောသည်။

“တပ် တချို့ကိုတော့ ဖျောက်ထားတယ်လို့ ကြားတယ်၊ လက်နက်ကြီးတွေ ပါတယ်၊ တခါမှ မမြင်ဘူးဘူး တဲ့” ဟု ထိုင်းနိုင်ငံ အခြေစိုက် သျှမ်းသံတော်ဆင့် သတင်းစဉ်မှ အယ်ဒီတာ ဦးစိန်ကြည်က ပြောသည်။

UWSA သည် ဗမာပြည် ကွန်မြူနစ် ပါတီ၏ လက်နက်ကိုင် အင်အားစု အဖြစ်မှ ၁၉၈၉ ခုနှစ်တွင် ခွဲထွက်ခဲ့ပြီး၊ ယခုအခါ စစ်သည်အင်အား နှစ်သောင်း မှ နှစ်သောင်းခွဲကြားတွင် ရှိသည်ဟု သိရသည်။

တရုတ်မြန်မာ နယ်စပ် အနီးရှိ KIA တပ်ဖွဲ့ကလည်း ပြီးခဲ့သည့် စနေ နှင့် တနင်္ဂနွေနေ့တို့တွင် လူထု အစည်းအဝေး ခေါ်ယူ ကျင်းပရာ စစ်အစိုးရက ကမ်းလှမ်းထားသည့်  နယ်ခြားစောင့်တပ်အဖြစ် အသွင်ပြောင်းရေး အကြောင်းအရာကို ဆွေးနွေးခဲ့သည်။

နယ်ခြားစောင့်တပ် ဖွဲ့စည်းရေးကို ယခင်ကတည်းကပင် မူအားဖြင့် သဘောတူညီကြောင်း၊ နယ်ခြားစောင့်တပ် အဖြစ် မဟုတ်ဘဲ ကချင်လုံခြုံရေးတပ် အဖြစ်သာ ဖွဲ့လိုကြောင်း၊ ငြိမ်းချမ်းရေးနည်းဖြင့် ဆောင်ရွက်သွားမည် ဖြစ်ပြီး စစ်ရေးနည်းဖြင့် ဆောင်ရွက်မှုကို ဆန့်ကျင်ကြောင်း လူထုအစည်းအဝေးပွဲတွင် ဆုံးဖြတ်ခဲ့သည်။

ရှမ်းပြည်နယ် ကိုးကန့်ဒေသတွင် ပြီးခဲ့သည့် လကုန်ပိုင်းက ၃ ရက်ကြာ ဖြစ်ပွားခဲ့သည့် တိုက်ပွဲများကြောင့် ထိုဒေသ နှင့် အနီးတ၀ိုက်တွင် အခြေစိုက်သော အပစ်ရပ် တိုင်းရင်းသားအဖွဲ့များ ထိန်းချုပ်ရာဒေသမှ အရပ်သားအများအပြား တရုတ်နိုင်ငံဘက်သို့ တိမ်းရှောင်လျက်ရှိသည်။

ကိုးကန့်ဒေသ တိုက်ပွဲများ အပြီးတွင် ကာကွယ်ရေး ၀န်ကြီးဌာနမှ ဒုတိယဗိုလ်ချုပ်ကြီး မင်းအောင်လှိုင် နှင့် စစ်ခေါင်းဆောင်တချို့သည် ကိုးကန့်ဒေသ လောက်ကိုင်မြို့သို့ သွားရောက်ပြီး ဒေသ တည်ငြိမ်ရေးကို ဆောင်ရွက်နေကြကြောင်း စစ်အစိုးရ သတင်းစာများတွင် ရေးသားထားသည်။

ကိုးကန့်ဒေသမှ တရုတ်နိုင်ငံဘက်သို့ တိမ်းရှောင်သွားသူ ဒုက္ခသည် သုံးသောင်းကျော် အနက်မှ တသောင်းကျော် နေရပ်ရင်းသို့ ပြန်ခဲ့ပြီးဖြစ်သည်ဟု သိရသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်