စစ်အရာရှိဟောင်းများ ရွေးကောက်ပွဲဝင်ရန် ပြင်ဆင်

E-mail Print
စစ်အစိုးရက တပ်မတော် အငြိမ်းစား စစ်အရာရှိများကို ၂၀၁၀ ရွေးကောက်ပွဲ အတွက် ပါတီဖွဲ့စည်းစေပြီး အမတ်လောင်းများ အဖြစ် ၀င်ရောက်အရွေးချယ်ခံ ယှဉ်ပြိုင်နိုင်ရန် ညီလာခံ တရပ် ခေါ်ယူကျင်းပပေးတော့မည်ဟု သတင်းရရှိသည်။

မြန်မာနိုင်ငံ စစ်မှုထမ်းဟောင်းအဖွဲ့က ၂၀၀၉ ခုနှစ် ညီလာခံကို လာမည့် အောက်တိုဘာလ ၆ ရက်နေ့မှ ၉ ရက်နေ့ အထိ ကျင်းပမည်ဖြစ်ပြီး အဆိုပါညီလာခံတွင် အငြိမ်းစား စစ်တပ်အရာရှိများကို ပြည်နယ်နှင့်တိုင်းအလိုက် ကိုယ်စားပြု ယှဉ်ပြိုင်မည့် အမတ်လောင်းများအဖြစ် ရွေးချယ်မှုများ ပြုလုပ်ဖွယ် ရှိကြောင်း နေပြည်တော်ဝန်ထမ်း သတင်း ရပ်ကွက်မှ စုံစမ်းသိရှိရသည်။

စစ်မှုထမ်းဟောင်းအဖွဲ့ ညီလာခံကို နှစ်စဉ်နှစ်တိုင်း ပုံမှန်ပြုလုပ်လေ့မရှိဘဲ ၃ နှစ်ခြား၊ ၂ နှစ်ခြား တကြိမ်သာ ပြုလုပ်လေ့ရှိခဲ့ကြောင်း၊ ယခုနှစ်တွင်မူ လာမည့် ၂၀၁၀ ရွေးကောက်ပွဲအတွက် စစ်မှုထမ်းဟောင်းများကို
အမတ်လောင်းများအဖြစ် မြန်မာတနိုင်ငံလုံးရှိ မဲဆန္ဒနယ်များတွင် ၀င်ရောက်ယှဉ်ပြိုင်စေရေး ဆွေးနွေးမှုများ ဆောင်ရွက်နိုင်ရန် ညီလာခံခေါ်ယူကျင်းပခြင်း ဖြစ်နိုင်ကြောင်း နေပြည်တော်ဝန်ကြီးဌာနတခုမှ ညွှန်ကြားရေးမှူး တဦးက သုံးသပ်သည်။

မြန်မာနိုင်ငံ စစ်မှုထမ်းဟောင်း ညီလာခံကို ပြည်နယ်နှင့်တိုင်း ကိုယ်စားပြု စစ်အရာရှိဟောင်းများ အားလုံး စုံစုံညီညီ တက်ရောက်ကြမည်ဖြစ်ပြီး ညီလာခံကျင်းပစဉ် လေးရက်တာကာလအတွင်း ၂၀၁၀ ရွေးကောက်ပွဲတွင် စစ်အရာရှိဟောင်းများ ယှဉ်ပြိုင်ကြရန်ကိစ္စကို အဓိကအားဖြင့် ဦးစားပေးဆွေးနွေးဖွယ်ရှိ သည်ဟု သိရှိရသည်။

“စစ်မှုထမ်းဟောင်းညီလာခံမှာ ၂၀၁၀ ရွေးကောက်ပွဲအတွက် မြို့နယ်၊ ခရိုင်၊ ပြည်နယ်၊ တိုင်း အလိုက် အရွေးချယ် ခံမယ့် အရာရှိဟောင်းတွေ စာရင်းထွက်ဖို့ရှိတယ်” ဟု စစ်မှုထမ်း ဟောင်းအသိုင်းအ၀န်းနှင့် နီးစပ်သူ အစိုးရအရာရှိ တဦးကပြောကြားသည်။

မြန်မာနိုင်ငံ စစ်မှုထမ်းဟောင်းညီလာခံအတွက် ကြိုတင်ပြင်ဆင်သည့်အနေဖြင့် သက်ဆိုင်ရာ ပြည်နယ်တိုင်းအလိုက် တိုင်းမှူးများက ဦးစီးပြီး ပြည်နယ်၊ တိုင်း စစ်မှုထမ်းဟောင်း အကြိုညီလာခံများ ကျင်းပကာ နေပြည်တော်တွင် ပြုလုပ်မည့် ဗဟိုညီလာခံတွင် တင်သွင်းရန် အစီရင်ခံစာများ၊ ရှေ့လုပ်ငန်းစဉ်များအကြောင်း ကြိုတင် ဆွေးနွေး လျက်ရှိကြောင်း နေပြည်တော် ၀န်ထမ်းသတင်း ရပ်ကွက်က ဆိုသည်။

“စစ်မှုထမ်းဟောင်းတွေထဲမှာ အထူးသဖြင့် အငြိမ်းစားဗိုလ်ချုပ်၊ ဗိုလ်မှူးချုပ်နဲ့ ဗိုလ်မှူးကြီး တွေကလည်း ပါတီဖွဲ့ ရွေးကောက်ပွဲဝင်ဖို့ ပြင်ကြမယ်” ဟု နေပြည်တော် ကာကွယ်ရေးဝန်ကြီးဌာနနှင့် နီးစပ်သူ တဦးက ပြောသည်။

မြန်မာနိုင်ငံ စစ်မှုထမ်းဟောင်းညီလာခံကို အောက်တိုဘာ လဆန်းပိုင်းတွင် ကျင်းပပြီးနောက် အောက်တိုဘာ လကုန်ပိုင်းတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးအသင်း (ကြံ့ဖွံ့) ၏ နှစ်ပတ်လည် ညီလာခံကိုပါ ဆက်လက် ကျင်းပမည် ဖြစ်ကာ အစိုးရက ၂၀၁၀ ရွေးကောက်ပွဲအတွက် အပြီးသတ် ပြင်ဆင်မှုများ ပြုလုပ်ဖွယ်ရှိသည်ဟုလည်း သိရှိရသည်။

“အခုပုံစံအတိုင်းဆိုရင် စစ်မှုထမ်းဟောင်းအဖွဲ့ကနေ သက်ဆိုင်ရာ ပြည်နယ်၊ တိုင်း အလိုက် ပါတီတွေ ပေါ်လာမယ်။  ကြံ့ဖွံ့ အဖွဲ့ကိုအခြေခံတဲ့ ပါတီတွေလည်း ပေါ်လာမယ့် ပုံစံရှိ တယ်” ဟု ရန်ကုန်အခြေစိုက် သတင်းသမား တဦးက သုံးသပ်သည်။

၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် စစ်တပ် ကျောထောက်နောက်ခံ ပေးထားသည့် တိုင်းရင်းသား စည်းလုံး ညီညွတ်ရေးပါတီ (တစည) က ရှုံးနိမ့်ခဲ့သောကြောင့် လာမည့် ၂၀၁၀ ရွေးကောက်ပွဲတွင် စစ်အစိုးရ ကျောထောက်ခံပါတီ အများအပြား ထူထောင်ခြင်းဖြင့် ရွေးကောက်ပွဲတွင် ရှုံးနိမ့်ခြင်း မရှိအောင် လုပ်ဆောင်ခြင်း ဖြစ်နိုင်ကြောင်းလည်း ထိုသတင်းစာဆရာက ပြောသည်။

“စစ်အစိုးရ ကိုယ်စားပြု ပါတီတခုတည်းဆိုရင် မတော်လို့ ခြေချော်လက်ချော် ရှုံးသွားနိုင်တယ်။ ဒါကြောင့် ကြံ့ဖွံ့ ကလည်း ပါတီတွေထောင်၊ စစ်မှုထမ်းဟောင်းကလည်း ပါတီတွေ ထောင်ကြမယ့်အပြင် ကိုအေးလွင်တို့လို စစ်အစိုးရရဲ့ ဒီမိုကရေစီ လမ်းပြမြေပုံကို ထောက်ခံတဲ့၊ အစိုးရနဲ့ ဆက်နွှယ်တဲ့ အုပ်စုတွေကလည်း ပါတီတွေ ထောင်ကြမယ်” ဟု ၎င်းက ဆက်လက်ပြောကြားသည်။

၂၀၁၀ ရွေးကောက်ပွဲနှင့် ဆက်စပ်ပြီး ပြည်သူများ အကြားတွင်လည်း သဘောထား ကွဲပြားမှုများ ရှိနေပြီး တချို့က ရွေးကောက်ပွဲကို စစ်အုပ်ချုပ်ရေး ချုပ်ငြိမ်းနိုင်သော အခွင့်အလမ်းတရပ်အဖြစ် ရှုမြင်ကြသော်လည်း အများစုက အာဏာရှင်စနစ် သက်ဆိုးရှည်စေမည့် ရွေးကောက်ပွဲဟု သုံးသပ်ကြသည်။

“၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြည်လုံးကျွတ် ဆန္ဒခံယူပွဲမှာ အမှန်ခြစ်ထားတဲ့ မဲလက်မှတ်တွေကိုပဲ မဖြစ်မနေ ထည့်ရမယ်ဆိုပြီး ရပ်ကွက်လူကြီးကပြောလို့ အမှန်ခြစ်ထားတဲ့ မဲကိုပဲ ထည့်ခဲ့ရတယ်။ ဒါကိုကြည့်ရင် ၂၀၁၀ ရွေးကောက်ပွဲက ဘယ်လိုမှ တရားမျှတမှာမဟုတ်ဘူး လို့ထင်ပါတယ်” ဟု ပဲခူးမြို့၊ ကျောက်ကြီးတန်းရပ်ကွက်မှ ဒေသခံတဦးက ဆိုသည်။

၂၀၁၀ ရွေးကောက်ပွဲအပြီးတွင် အရပ်သားအစိုးရ ပေါ်ထွန်းလာမည် ဖြစ်သည့်အတွက် စစ်ယူနီဖောင်းဝတ် အုပ်ချုပ်ရေး ချုပ်ငြိမ်းနိုင်သောကြောင့် ထိုရွေးကောက်ပွဲကို ပါဝင်ယှဉ်ပြိုင်သင့် သည်ဟု တချို့ပြည်သူများက
ထင်မြင်ကြသည်။

၂၀၁၀ ရွေးကောက်ပွဲဝင်ရေး၊ မ၀င်ရေးနှင့် ဆက်စပ်ပြီး အပစ်အခတ်ရပ် တိုင်းရင်းသား ငြိမ်းချမ်းရေးအဖွဲ့များနှင့် ပါတီများ အကြားတွင်လည်း သဘောထား ကွဲလွဲမှုများ အကြီးအကျယ်ဖြစ်ပေါ်လျက် ရှိပြီး ကချင် လွတ်လပ်ရေးအဖွဲ့ (KIO) နှင့် မွန်ပြည်သစ်ပါတီတို့မှ ခေါင်းဆောင်များလည်း ပါတီဖွဲ့ကာ ရွေးကောက်ပွဲဝင်ရန် ပြင်ဆင်မှုများ ရှိနေသည်ဟု သိရှိရသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်