စစ်အစိုးရနှင့် SSA-S အပစ်ရပ်မလား

E-mail Print
ရှမ်းပြည် တပ်မတော် တောင်ပိုင်း (SSA -S) ကို အပစ်ခတ်ရပ်စဲရန် မြန်မာစစ်အစိုးရက ထိုင်းနိုင်ငံ အာဏာပိုင်များမှ တဆင့် ကမ်းလှမ်းထားကြောင်း သိရှိရသည်။

အဆိုပါ SSA -S တပ်ဖွဲ့ကို မြန်မာစစ်အစိုးရက အပစ်ခတ်ရပ်စဲရေး ကမ်းလှမ်းချက်နှင့်ပတ်သက်ပြီး ယမန်နေ့က ရှမ်းသံတော်ဆင့် သတင်းစဉ် အင်တာနက် စာမျက်နှာတွင် ဖော်ပြထားသည်။

သို့သော် ထိုင်းအာဏာပိုင်များက SSA -S မှ တာဝန်ရှိသူများထံ အပစ်ခတ် ရပ်စဲရေးအတွက် အကြောင်းကြားခြင်း မရှိသေးကြောင်း သိရသည်။

SSA -S တပ်ဖွဲ့အနေနှင့်မူ အပစ်ခတ်ရပ်စဲရေးကိုအမြဲတမ်း တံခါးဖွင့်ထားသည် ဟု SSA -S မှ ပြောခွင့်ရပုဂ္ဂိုလ်  စိုင်းဆိုင်မိဏ်းက ဧရာဝတီသို့ ပြောသည်။

“ကျနော်တို့ဘက်ကတော့ ဆွေးနွေးရေးအတွက် အမြဲတမ်း တံခါးဖွင့်ထားတယ်၊ နိုင်ငံရေးကို ဖြေရှင်းဖို့ အမြဲတမ်း ကြိုဆိုပါတယ်”ဟု စိုင်းဆိုင်မိဏ်းက ဆိုသည်။

မြန်မာ စစ်အစိုးရ၏ ကမ်းလှမ်းချက်ကို မသိရှိရသေးသော်လည်း SSA -S ၏ မူအရ အပစ်အခတ်ရပ်စဲရေး ဆွေး နွေးမည်ဆိုပါက ကျန်လက်နက်ကိုင် တိုင်းရင်းသားအဖွဲ့များပါဝင်ပြီး နိုင်ငံရေးပြဿနာများကိုအမြန် ဆုံးဆွေးနွေး ညှိနှိုင်းရန် စသည့်အချက်များပါဝင်ကြောင်း သိရသည်။

ရှမ်းသံတော်ဆင့် သတင်းအယ်ဒီတာ ဦးစိန်ကြည်ကမူ အပစ်ခတ် ရပ်စဲထားသော တပ်ဖွဲ့များ ကို နယ်ခြားစောင့် တပ်အဖြစ် အသွင်းကူးပြောင်းရေးအတွက် စစ်အစိုးရက ဖိအားပေးလာနိုင်ကြောင်း၊ ထိုသို့ ပြုလုပ်ပါက တခြား တပ်ဖွဲ့များထံ ပြန်လည် ပူးပေါင်းမည်ကို စိုးရိမ်သည့်အတွက် ယခုကဲ့သို့ SSA -S တောင်ပိုင်းကို ကမ်းလှမ်းခြင်း ဖြစ်နိုင်ကြောင်း သုံးသပ်သည်။

“အပစ်ရပ်အဖွဲ့တွေကို မြန်မာစစ်အစိုးရက ဖိအားပေးမယ်၊ လာမယ့် အောက်တိုဘာလထဲမှာ သတ်မှတ်ပေးထား တယ်၊ နယ်ခြားစောင့်တပ်လုပ်မလား၊မလုပ်ဘူးလား၊ အဲဒီနောက်ပိုင်း မြန်မာ စစ်အစိုးရက ဖိအားပေးမယ်၊ စစ်ရေး အရ အကျပ်ကိုင်မှုတွေ လုပ်လာမယ်ဆိုရင် သဘောက ဒီအပစ်ရပ်အဖွဲ့တွေက SSA နဲ့ နီးစပ်လာမလား၊ သွား ရောက် ပူးပေါင်းမလားဆိုတာကို တွက်ထားတယ်”ဟု ဦးစိန်ကြည်က ပြောသည်။

စစ်အစိုးရက အပစ်ခတ်ရပ်စဲထားသော တပ်ဖွဲ့များကို နယ်ခြားစောင့်တပ်ဖွဲ့အဖြစ် အသွင်ကူးပြောင်းရေး အတွက် အဖြေပေးရန် ၆ လခန့် အချိန်ပေးထားရာ လာမည့် အောက်တိုဘာလ နောက်ဆုံးဖြစ်သည်။

ယင်း SSA-S နှင့် UWSA တပ်ဖွဲ့များသည်လည်း ယခုအခါ စစ်ရေးမဟာမိတ် ဖွဲ့ထားကြပြီဟု ထောက်လှမ်းရေး သတင်းရပ်ကွက်များကဆိုသည်။ ယခင် ကာလများက SSA-S တပ်များကို တိုက်ခိုက်ရန်အတွက် စစ်အစိုးရက ၀ တပ်ဖွဲ့များကို အသုံးချခဲ့ဖူးသည်။

SSA-S က မြန်မာစစ်အစိုးရနှင့် အပစ်အခတ် ရပ်စဲရေး သဘောတူညီချက် မယူရသေးသည့် တိုင်းရင်းသား တပ်ဖွဲ့ အနည်းစုတွင်ပါဝင်သည့် လက်နက်ကိုင် အဖွဲ့တခု ဖြစ်သည်။ ယခင်က ပဋိပက္ခများ၊ ရန်လိုမှုများရှိခဲ့ကြသော် လည်း မကြာသေးခင် နှစ်များက စ၍ ရှမ်းနှင့် ၀တို့ နားလည်မှုဖြင့် မဟာမိတ်ဖွဲ့ထားကြသည်ဟု မြန်မာ့အရေး ကျွမ်းကျင်သူ ဘာတေးလ် လင့်တနာက မကြာသေးမိက ဧရာဝတီသို့ပြောခဲ့သည်။

မြန်မာ စစ်အစိုးရတပ်များသည် တရုတ်-မြန်မာ နယ်စပ်တလျှောက်ရှိ ကိုးကန့်ဒေသတွင် တိုက်ပွဲများ ပြီးဆုံးသွား သော်လည်း စစ်ရေးပြင်ဆင်မှုများ ထပ်မံတိုးမြှင့်လျက် ရှိကြောင်းသိရသည်။

ယင်း ဒေသတွင် ယခင်က စစ်အစိုးရ တပ်ရင်း ၁၀ ရင်းသာ တပ်စွဲ ထားသော်လည်း ယခုအခါ လောက်ကိုင်မြို့ တောင်ဘက် နှင့် မြောက်ဘက်တွင် ရှမ်းပြည် မြောက်ပိုင်း သိန္နီ အခြေစိုက် အမှတ်(၁၆) စစ်ဆင်ရေး ကွပ်ကဲမှု ဌာနချုပ် လက် အောက်ခံ တပ်ရင်း ၁၀ ရင်းကို လည်းကောင်း၊ စစ်ကိုင်းတိုင်းရှိ ခြေလျင် တပ်မ (၃၃) မှ တပ်ရင်း ၁၀ ရင်းကို လည်းကောင်း  ထပ်မံ ဖြန့်ကျက်ထားသဖြင့် စုစုပေါင်း တပ်ရင်း ၃၀ ရှိသွားပြီ ဖြစ်သည်။

ထို့အပြင် မိတ္ထီလာ အခြေစိုက် ခြေလျင် တပ်မ ၉၉ ကိုလည်း တပ်လှန့်ထားကြောင်း၊ ရှမ်းပြည်နယ် တရုတ်-မြန်မာ နယ်စပ် တလျှောက်ရှိ စစ်တပ်များကိုလည်း အသင့် အနေအထား ပြင်ဆင် ထားရန် အမိန့်ပေးထားကြောင်း စစ် တပ်နှင့် နီးစပ်သော အသိုင်း အ၀န်းက ဆိုသည်။
 
SSA သည် ၁၉၉၆ ခုနှစ်တွင် ခွန်ဆာဦးဆောင်သည့် မော်ထိုင်း တပ်မတော်သည် မြန်မာ စစ်အစိုးရထံ လက်နက် ချပြီးနောက်ပိုင်း ဗိုလ်မှူးကြီး ယော့ဆတ် က ဦးဆောင်၍ ထူထောင်ခဲ့ခြင်းဖြစ်သည်။

လွန်ခဲ့သည့် ၂၀၀၇ ခုနှစ် မေလတွင် မြန်မာစစ်အစိုးရ တြိဂံတိုင်းမှ ကိုယ်စားလှယ်များနှင့် SSA မှ တာဝန်ရှိ သူများက ထိုင်း မြန်မာနယ်စပ်တနေရာတွင် နောက်ဆုံးအကြိမ် ဆွေးနွေးခဲ့ကြောင်း သိရသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်