ဗိုလ်ချုပ်မှူးကြီးက ဒေါ်အောင်ဆန်းစုကြည်ကို တွေ့မည်လော

E-mail Print
ဆက်ဆံရေးဝန်ကြီး ဦးအောင်ကြည်က ဒေါ်အောင်ဆန်း စုကြည်ကို တပတ်အတွင်း နှစ်ကြိမ် တွေ့ဆုံခဲ့ အပြီးတွင် စစ်အစိုးရ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေကိုယ်တိုင် ဒေါ်အောင်ဆန်း စုကြည်ကို တွေ့ဆုံလိမ့်မည်ဟု ထင်ကြေးပေးမှုတချို့ ရန်ကုန်မြို့တွင် ထွက်ပေါ်နေသည်။

အောက်တိုဘာ ၃ ရက်နေ့က တွေ့ဆုံမှုမှာ အရေးယူ ပိတ်ဆို့ထားမှုများ ရုပ်သိမ်းရေး အတွက် စစ်အစိုးရနှင့် ပူးပေါင်း ဆောင်ရွက်လိုကြောင်း ဒေါ်အောင်ဆန်းစုကြည်က စာရေးသားပေးပို့ထားမှုနှင့် ပတ်သက်သည်ဟု အစိုးရ သတင်းစာများတွင် ဖော်ပြထားပြီး အောက်တိုဘာ ၇ ရက်နေ့တွင် ထပ်မံ တွေ့ဆုံကြခြင်း ဖြစ်သည်။

အနောက်နိုင်ငံများ၏ ပိတ်ဆို့အရေးယူမှုများ ရုပ်သိမ်းပေးစေလိုကြောင်း စစ်အစိုးရက ကုလသမဂ္ဂ အထွေထွေ ညီလာခံတွင် မကြာမီက ပြောကြားထားခြင်းကြောင့်လည်း ဝန်ကြီး ဦးအောင်ကြည်၏ လှုပ်ရှားမှု နှစ်ခုသည် စစ်အစိုးရခေါင်းဆောင် နှင့် ဒီမိုကရေစီ ခေါင်းဆောင်အကြား တွေ့ဆုံနိုင်ရေးအတွက် ရှေ့ပြေးလက္ခဏာ ဖြစ်နိုင်သည်ဟု ထင်ကြေး ပေးနေကြခြင်း ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်၏ ပေးစာကြောင့် စစ်အစိုးရဘက်က ဦးအောင်ကြည်အား စေလွှတ်ပြီး ၂ ကြိမ် တွေ့ဆုံစေခြင်းမှာ ကောင်းသော အလားအလာ အဖြစ် သတ်မှတ်နိုင်ကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ပြောသည်။

“ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံတော်အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး သန်းရွှေတို့ တွေ့ဆုံ ဖြေရှင်းမှသာလျှင်
နိုင်ငံရေး ပြဿနာ အားလုံးက ဖြေရှင်း သွားနိုင်တယ်လို့ အန်ကယ်လ်တို့ အခိုင်အမာ ယုံကြည်ပါတယ်။
စီးပွားရေး ပြဿနာတွေကို ဖြေရှင်းရာကနေ  နိုင်ငံရေး ပြဿနာတွေကို ဖြေရှင်းတဲ့ အဆင့်ထိ လုပ်နိုင်ဖွယ်ရာ ရှိတယ်လို့ပဲ ယူဆရမှာပါ” ဟု အဖွဲ့ချုပ် ပြန်ကြားရေး တာဝန်ခံ ဦးခင်မောင်ဆွေက ဧရာဝတီကို ပြောသည်။

သို့သော်လည်း နိုင်ငံရေးသမားများ နှင့် အကဲခတ်သမား အများစုက ခေါင်းဆောင်နှစ်ဦး တွေ့ဆုံမှုမှာ ဖြစ်လာနိုင်ချေ မရှိကြောင်း သုံးသပ်ကြသည်။

ဦးအောင်ကြည်နှင့် နှစ်ကြိမ် တွေ့ကြခြင်းမှာ စာနှင့် ပတ်သက်ပြီး ပြောဆိုရန် လိုအပ်၍ တွေ့ခြင်းသာ ဖြစ်နိုင်ပြီး နိုင်ငံရေးအရ ပြုပြင်ပြောင်းလဲရေး အတွက် တွေ့သည်ဟု မယူဆကြောင်း ရခိုင်တိုင်းရင်းသား နိုင်ငံရေး ခေါင်းဆောင်တဦးဖြစ်သူ ဦးအေးသာအောင်က ပြောသည်။

“နအဖအနေနဲ့ NLD ကို တွေ့ဖို့၊ ဆုံဖို့၊ အပေးအယူလုပ်ဖို့၊ ညှိနှိုင်းဖို့၊ ဆွေးနွေးဖို့ အသွင် လက္ခဏာမျိုးတွေ မမြင်ရဘူးလေ၊ တွေ့တယ်ဆိုတာက အဖြေတခုထွက်အောင် အပြောင်းအလဲတခု၊ အပေးအယူတခု လုပ်ဖို့ တွေ့တာပဲ ဖြစ်ရမယ်လေ။   အဲဒီလိုလုပ်ဖို့ သဘောထားတွေ အနေအထားတွေကို မတွေ့ရသေးတဲ့ အတွက်ကြောင့် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ အနေနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို လောလောဆယ်မှာ တွေ့လိမ့်မယ်လို့ မထင်တာပါဘူး” ဟု ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် အတွင်းရေးမှူး ဦးအေးသာအောင်က ဆိုသည်။

စစ်အစိုးရက ၂၀၁၀ ရွေးကောက်ပွဲ ဖြစ်မြောက်ရေးအတွက် အားသွန်ခွန်စိုက် လုပ်ကိုင်နေသည်ကို ကြည့်ခြင်းဖြင့် ဒေါ်အောင်ဆန်းစုကြည်နှင့် စေ့စပ်ညှိနှိုင်းမှုများ လုပ်လိမ့်မည်မဟုတ်ဟု ယူဆရကြောင်း ပြည်ပရောက် စင်ပြိုင်အစိုးရ ခေါင်းဆောင်တဦးက ဧရာဝတီကို ပြောသည်။

“တွေ့မယ်ဆိုတာလည်း ဖြစ်နိုင်ချေ ရှိပါတယ်။ ဒါပေမယ့် တွေ့ပဲ တွေ့လိမ့်မယ်၊ ဆွေးနွေးတာတော့ လုပ်မှာ မဟုတ်ဘူး” ဟု ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသား ညွန့်ပေါင်းအစိုးရ အဖွဲ့ဝင်၊ သထုံမြို့နယ် မဲဆန္ဒနယ် အမှတ် (၁) လွှတ်တော်ကိုယ်စားလှယ် ခွန်မြင့်ထွန်းက သုံးသပ်သည်။

မြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေသော နိုင်ငံရေး၊ စီးပွားရေး အကျပ်အတည်းများကို ဖြေရှင်းနိုင်ရန်အတွက် စစ်အစိုးရနှင့် ဆွေးနွေးရန် လိုအပ်သည်ဟု ဒေါ်အောင်ဆန်းစုကြည်က အကြိမ်ကြိမ် ပြောဆိုခဲ့ဖူးသည်။

စစ်အစိုးရက ထုတ်ပြန်ခဲ့သော ဓာတ်ပုံအထောက်အထားများအရ ၁၉၉၄ နှင့် ၂၀၀၃ ခုနှစ်အတွင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေ နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ အနည်းဆုံး သုံးကြိမ် တွေ့ဆုံခဲ့ပြီး ဖြစ်သည်။

သို့သော်လည်း သုံးကြိမ်စလုံးမှာ တွေ့ဆုံမှုသက်သက်သာ ဖြစ်ပြီး ဆွေးနွေးမှုများ ပြုလုပ်သည့်အဆင့်သို့ မရောက်ခဲ့ကြောင်း သိရသည်။

ဗိုလ်ချုပ်မှူးကြီးသန်းရွှေက ဒေါ်အောင်ဆန်းစုကြည်ကို ခေါ်ယူတွေ့ဆုံပြီး နိုင်ငံအတွင်း ဖွံ့ဖြိုးရေးလုပ်ငန်းများ အောင်မြင်ဖြစ်ထွန်းကြောင်း ရှင်းပြခြင်းသာ ဖြစ်သည်ဟု ဆိုသည်။

ထို့ပြင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေက ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံဆွေးနွေးလိုခြင်း မရှိကြောင်း သတင်းများလည်း ထွက်ပေါ်ခဲ့ဖူးသည်။

ဗိုလ်ချုပ်မှူးကြီးသန်းရွှေ စိတ်ပြောင်းသွားခြင်းမှာ ဖြစ်နိုင်ချေရှိသော်လည်း ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့သည်အထိ ဖြစ်လာလိမ့်မည်ဟု မယူဆကြောင်း မြန်မာ့အရေး လေ့လာသူ ဦးဝင်းမင်းက ဧရာဝတီကို ပြောသည်။

“နိုင်ငံတကာ ဖိအားတွေ လျော့လာစေချင်ရင်တော့ ဒေါ်အောင်ဆန်းစုကြည် တောင်းဆိုထားတဲ့အတိုင်း အဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်တွေနဲ့ တွေ့ခွင့်ပေးတာမျိုး၊ သံတမန်တွေနဲ့ တွေ့ခွင့်ပေးတာမျိုး အရင်လုပ်မယ်လို့ ယူဆပါတယ်” ဟု ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့အခြေစိုက် ဦးဝင်းမင်းက သုံးသပ်သည်။

စက်တင်ဘာလ ၂၅ ရက်နေ့ ရက်စွဲဖြင့် ဒေါ်အောင်ဆန်းစုကြည်က ဗိုလ်ချုပ်မှူးကြီးထံ ပေးပို့ခဲ့သော စာတွင် “မြန်မာနိုင်ငံအပေါ် အရေးယူပိတ်ဆို့မှုများ ရုပ်သိမ်း ပယ်ဖျက်ရေးအတွက် ကျွန်မအနေဖြင့် နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ နှင့် ပူးပေါင်းဆောင်ရွက်လိုကြောင်း” ဟု ဖော်ပြထားသည်။

အနောက်နိုင်ငံများ၏ မြန်မာပြည်အပေါ် ပိတ်ဆို့မှုများ ရုပ်သိမ်းရေးကို ထိရောက်စွာ ဆောင်ရွက်နိုင်ရန် ထိုနိုင်ငံများ၏ သံတမန်များနှင့် တွေ့ဆုံရန် လိုအပ်သဖြင့် တွေ့ခွင့်ပေးရန် မေတ္တာရပ်ခံထားသည်။

(ဤသတင်းကို ဇာနည်ဝင်း နှင့် ကြည်ဝေ ပူးတွဲ ရေးသားသည်။)
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်