အာဆီယံ ၁၆ နှစ်အောက် အမျိုးသမီး ဘောလုံးပွဲ ရန်ကုန်တွင် ပြုလုပ်မည်

E-mail Print
အာဆီယံဒေသ အသက် ၁၆ နှစ်အောက် အမျိုးသမီး ဘောလုံး ပြိုင်ပွဲကို သောကြာနေ့ (မနက်ဖြန်) မှ စတင်ပြီး ရန်ကုန်မြို့တွင် ကျင်းပမည် ဖြစ်သည်။

အဆိုပါ U-16 Women’s Championship ဘောလုံးပြိုင်ပွဲကို မြန်မာနိုင်ငံက ပထမဆုံး အကြိမ် အိမ်ရှင်နိုင်ငံအဖြစ် လက်ခံကျင်းပခြင်း ဖြစ်ပြီး၊ မြန်မာနိုင်ငံကိုယ်စားပြု ပါဝင်ယှဉ်ပြိုင်မည့် အသင်း ၂ သင်းကို (က) အသင်း နှင့် (ခ) အသင်း  ဟု အမည်ပေးထားသည်။

သြစတြေးလျနိုင်ငံ အပါအဝင် အာဆီယံအဖွဲ့ဝင်များဖြစ်သော ထိုင်း၊ အင်ဒိုနီးရှား၊ မလေးရှား၊ ဖိလစ်ပိုင်၊  ဗီယက်နမ်နိုင်ငံတို့မှ အသင်းများလည်း အာဆီယံဘောလုံးအဖွဲ့ (AFF) က ကြီးမှူးကျင်းပမည့် အာဆီယံ အသက် ၁၆ နှစ်အောက် အမျိုးသမီး ဘောလုံးပြိုင်ပွဲတွင် ယှဉ်ပြိုင်ရန် ရန်ကုန်တွင် ရောက်ရှိနေကြကြောင်း သိရသည်။

“မြန်မာအသင်းက ဗိုလ်လုပွဲ တက်နိုင်တဲ့ အခြေအနေ ရှိပါတယ်” ဟု အားကစားဂျာနယ် အယ်ဒီတာတဦးက ဧရာဝတီကို ပြောသည်။

မြန်မာအသင်း (က) နှင့် (ခ) တွင် ပါဝင်သည့် အားကစားသမားများမှာ ပြည်နယ်၊ တိုင်း လက်ရွေးစင်များ ဖြစ်ပြီး မန္တလေး နှင့် ရန်ကုန် အား/ကာသိပ္ပံ အပါအ၀င် အထက်တန်းကျောင်းများမှ လူငယ်ခြေတက်များ ဖြစ်သည်ဟု ယနေ့ထုတ် မြန်မာ့အလင်းသတင်းစာက ဆိုသည်။

အမျိုးသမီး လက်ရွေးစင် (က) အသင်း၏ အုပ်ချုပ်သူမှာ ဒေါ်မြတ်မြတ်ဦးဖြစ်ပြီး နည်းပြချုပ်မှာ ဦးဝင်းမြင့်သွင် ဖြစ်သည်။ အသင်းတွင် ဂိုးသမား ၂ ဦး၊ နောက်တန်း ၆ ဦး၊ ကွင်းလယ် ၈ ဦး၊ တိုက်စစ်မှူး ၄ ဦး တို့ပါဝင်သည်။  

(ခ) အသင်းတွင် အုပ်ချုပ်သူ ဦးစိုးမြင့်လွင် နှင့် ဝါရင့် နည်းပြ ဦးဝင်းစိန် တို့ ဦးစီးကြသည်။ အသင်းကို ဂိုးသမား ၃ ဦး၊ နောက်တန်း ၅ ဦး၊ ကွင်းလယ် ၇ ဦး၊ တိုက်စစ်မှူး ၅ ဦးတို့ဖြင့် စုစည်းထားသည်။

ယနေ့ ပြုလုပ်သည့် ဘောလုံးအသင်း အုပ်ချုပ်သူများ အစည်းအဝေး အပြီးတွင် (ခ) အသင်း နည်းပြ ဦးဝင်းစိန်က မြန်မာအသင်းသည် အတွေ့အကြုံ အနည်းဆုံး  ဖြစ်နိုင်ဖွယ်ရှိသည်ဟု ပြောကြောင်း AFF အင်တာနက် စာမျက်နှာတွင် ဖော်ပြထားသည်။

သြစတေးလျအသင်းမှ ကစားသမားများမှာ ခန္ဓာကိုယ် အရွယ်အစား ပိုမို ကြီးမားပြီး ပြိုင်ပွဲအတွင်း အတွေ့အကြုံ အများဆုံးအသင်း ဖြစ်သည်ဟု (ခ) အသင်း နည်းပြဆရာ ဦးဝင်းစိန်က ဆိုသည်။

သို့သော်လည်း မြန်မာအသင်း ၂ သင်းသည် အိမ်ကွင်းတွင် ကန်ရခြင်း နှင့် ပရိသတ်အားပေးမှု ဟူသော အားသာချက်များ ရှိနေသည်။

၈ ရက်ကြာ ကျင်းပမည့် ဘောလုံးပွဲကို ၁ ရက်လျှင် ၂ ပွဲနှုန်းဖြင့် သုဝဏ္ဏ လူငယ် အားကစား လေ့ကျင့်ရေးကွင်းနှင့် အောင်ဆန်းကွင်းတို့တွင် ယှဉ်ပြိုင်ကြမည်ဖြစ်ကြောင်း ယနေ့ထုတ် မြန်မာ့အလင်းသတင်းစာတွင် ဖော်ပြထားသည်။

အောက်တိုဘာ ၁၀ နှင့် ၁၁ ရက်နေ့ ပွဲစဉ်များကို အောင်ဆန်းကွင်းတွင် ပြုလုပ်ပြီး ကျန်ပွဲစဉ်များ အားလုံးကို သုဝဏ္ဏကွင်းတွင် ပြုလုပ်မည်ဟု ဆိုသည်။

မနက်ဖြန် ညနေ ၃နာရီခွဲတွင် မြန်မာ(က)အသင်းနှင့် မလေးရှား အသင်း၊ ဒုတိယပွဲစဉ်တွင် ညနေ ၅ နာရီ ၄၅ မိနစ်တွင် ထိုင်းအသင်းနှင့် အင်ဒိုနီးရှား အသင်းတို့ စတင် ယှဉ်ပြိုင်ကြမည် ဖြစ်ကြောင်း သိရသည်။

မြန်မာအမျိုးသမီးများသည် ဘောလုံးအားကစားတွင် ထူးချွန်ကြသူများ ဖြစ်သည်။

အသက်အရွယ်စုံ ပါဝင်သော မြန်မာအမျိုးသမီး လက်ရွေးစင်အသင်းသည် ၂၀၀၇ ခုနှစ် အာဆီယံ အမျိုးသမီး ချန်ပီယံဖြစ်ခဲ့ဖူးသည်။ ဗိုလ်လုပွဲတွင် မြန်မာအမျိုးသမီး အသင်းက ထိုင်းအမျိုးသမီးအသင်းကို ပယ်နယ်တီ ၅ ဂိုး ၂ ဂိုးဖြင့် နိုင်ပြီး ချန်ပီယံဆု ရခဲ့ခြင်းဖြစ်သည်။

မြန်မာ အမျိုးသမီး ဘောလုံးအသင်းသည် အရှေ့တောင် အာရှတွင် အဆင့် ၄၊ အာရှတွင် အဆင့် ၉ နှင့် နိုင်ငံတကာတွင် အဆင့် ၄၂ ရှိကြောင်း သတင်းများအရ သိရသည်။

ရန်ကုန်တွင် ပြုလုပ်မည့် ပွဲစဉ်များတွင် အုပ်စု ၂ ခု ခွဲထားသည်။ အုပ်စု(၁) ပွဲစဉ်တွင် မလေးရှား၊ အင်ဒိုနီးရှား၊ ထိုင်းနှင့် မြန်မာ(က) အသင်းတို့ဖြစ်ပြီး အုပ်စု(၂)  ပွဲစဉ်တွင် သြစတေးလျ၊ ဗီယက်နမ်၊ ဖိလစ်ပိုင်နှင့် မြန်မာ(ခ) အသင်းတို့ ပါဝင်သည်။

အုပ်စုပွဲစဉ်များကို အောက်တိုဘာ ၉ နေ့မှ ၁၈ ရက်နေ့အထိ ကစားကြမည်ဖြစ်သည်။ အကြိုဗိုလ်လုပွဲစဉ်ကို အောက်တိုဘာ ၁၆ ရက်နေ့တွင်ကျင်းပမည်ဖြစ်ပြီး နောက်ဆုံးဗိုလ်လုပွဲစဉ်ကို အောက်တိုဘာ ၁၈ ရက်နေ့၌ ကျင်းပမည်ဟုဆိုသည်။

ယခုပွဲကို စီစဉ်သည့် အာဆီယံ ဘောလုံးအဖွဲ့ချုပ် Asean Football Federation(AFF) ကို ၁၉၈၄ ခုနှစ်က အဖွဲ့ဝင်နိုင်ငံ ၆ နိုင်ငံဖြင့် စတင်ထူထောင်ခဲ့သည်ဟု ၎င်းတို့ အင်တာနက်စာမျက်နှာတွင် ဖော်ပြထားသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်