နှစ်လ ကျော်အတွင်း လူ ၁၀၀ ခန့်ဖမ်းဆီးခံရဟု AAPP ပြော

E-mail Print
စစ်အစိုးရက ဒီမိုကရေစီရေး တက်ကြွ လှုပ်ရှားသူများကို ဆက်လက်ဖမ်းဆီးမှုများ ပြုလုပ်နေရာ ပြီးခဲ့သည့် သြဂုတ်လ မှ စတင်၍ နှစ်လကျော်အတွင်း လူ ၁၀၀ ခန့် ဖမ်းဆီးခံထား ရကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ပြောသည်။

ထိုင်းနိုင်ငံအခြေစိုက် AAPP ၏ အတွင်းရေးမှူး ဦးတိတ်နိုင်က“အခုလို ဖမ်းဆီးနေတာဟာ လာမယ့်၂၀၁၀ မှာ ဒီမိုကရေစီရေး တက်ကြွလှုပ်ရှားနေတဲ့ လူတွေကို အပြင်မှာ မရှိစေချင်ဘူး။ တတ်နိုင်သမျှ အကျဉ်းထောင် ထဲကို ထည့်ထားချင်တဲ့ သဘောပဲ” ဟုပြောသည်။

စက်တင်ဘာ ရွှေဝါရောင်၂ နှစ်ပြည့်လှုပ်ရှားမှုဖြင့် လည်းကောင်း၊ သံဃာတော်များ တတိယအကြိမ်ကံဆောင် မည်ဆိုသည့် သတင်းများ ထွက်ပေါ်မှုကြောင့် လည်းကောင်း ရန်ကုန်တိုင်း၊ မန္တလေးတိုင်း၊ မကွေးတိုင်း၊ ပဲခူးတိုင်းနှင့် ရခိုင်ပြည်နယ် စသည့် မြို့နယ်တို့မှ သံဃာတော်များ၊ ကျောင်းသား၊လူငယ်များ အပါအဝင် နိုင်ငံရေးတက်ကြွလှုပ်ရှားသူများကို ဆက်လက်ဖမ်းဆီးမှုများရှိကြောင်းသိရသည်။

သြဂုတ်လတွင် ၃၃ ဦး၊ စက်တင်ဘာလတွင် သံဃာတော်များအပါ အဝင် ၅၀ ကျော်၊ ယခုလအတွင်း ၁၈ ဦး ခန့် ရှိကြောင်း မြန်မာနိုင်ငံရှေ့နေများကောင်စီ (BLC) နှင့် AAPP အဖမ်းအဆီး စာရင်းများအရသိရသည်။  

လက်ရှိ အဖမ်းအဆီးခံနေရသူများနှင့်ပတ်သက်ပြီး BLC က ဥပဒေရေးရာသုံးသပ်၊ ထုတ်ပြန်ချက်တစောင်ကို ပြီးခဲ့သည့် အောက်တိုဘာ ၆ ရက်နေ့က ထုတ်ပြန်ထားသည်။

ယင်း BLC ၏ ဥပဒေရေးရာ သုံးသပ်ထုတ်ပြန်ချက်တွင် “ဖမ်းဆီးသင့်သူကို ဖမ်းဆီးထားပါက မတရား ဖမ်းဆီးချုပ်နှောင်မှုဖြစ်သောကြောင့် ပြစ်မှုဆိုင်ရာ ပုဒ်မ ၃၄၀ ကို ဖောက်ဖျက်ကျူးလွန်ခြင်းဖြစ်သည်” ဟု ဖော်ပြထားသည်။

ထို့အတူ စက်တင်ဘာ ရွှေဝါရောင်တော်လှန်ရေး ၂ နှစ်ပြည့်တွင် သံဃာတော်များနှင့် ချိတ်ဆက်မှုကြောင့် စစ်အစိုးရ၏ အောင်သပြေ စစ်ကြောရေးစခန်း၌ နှိပ်စက်ညှဉ်းပန်းခံခဲ့ရသူ အမျိုးသားဒီမိုကရေစီ အဖွဲချုပ် (NLD) မှ လူငယ်အဖွဲ့ဝင် ကိုတိုးအောင်သည် ပြီးခဲ့သည့် တနင်္ဂနွေနေ့က ထိုင်း-မြန်မာ နယ်စပ်သို့ ထွက်ပြေးတိမ်းရှောင်ခဲ့သည်။

ကိုတိုးအောင်သည် လွန်ခဲ့သော စက်တင်ဘာ ၁၁ ရက်နေ့ တွင် ဖမ်းဆီးခံခဲ့ရပြီး ၂၆ ရက်နေ့တွင် ပြန်လည် လွတ်မြောက်လာသည်။ သူသည် ဒဂုံမြို့နယ်ရှိ အနောက်ပိုင်းခရိုင်ရဲစခန်းနှင့် အောင်သပြေ စစ်ကြောရေး စခန်းများတွင် နှိပ်စက်ညှဉ်းပန်းခံခဲ့ရသည်ဟုဆိုသည်။

ကိုတိုးအောင်က“ အောင်သပြေ စစ်ကြောရေးစခန်းမှာ ကျနော့်ကို ၃ ရက် စစ်တယ်၊ ထမင်းမကျွေးဘူး၊ ရေ မတိုက်ဘူး၊ နားချိန် အိပ်ချိန်လုံးဝမပေးဘူး ” ဟု ဧရာဝတီကို ပြောသည်။

၁၆ ရက်ကြာ နှိပ်စက်ညှဉ်းပန်းခံခဲ့ရပြီးနောက် ကိုတိုးအောင်အနေဖြင့် ပြည်တွင်း ဆူပူလှုံ့ဆော်မှုမပြုလုပ်ရန် နှင့် ပြည်ပသတင်းဌာနသို့ သတင်းမပေးရန် စသည့် အာဏာပိုင်တို့မှ ခေါ်ယူသတိပေးမှုကို သိရှိပါကြောင်း လက်မှတ်ထိုးပြီး ပြန်လွတ်လာခဲ့သည်ဟုဆိုသည်။

ယင်း အောင်သပြေစစ်ကြောရေးစခန်း၌် ၂ နှစ်ပြည့် စက်တင်ဘာရွှေဝါရောင်တော်လှန်ရေး လှုပ်ရှားမှုကြောင့် သံဃာတော်များနှင့် အမျိုးသမီး နှစ်ဦး အပါအဝင် ရခိုင်ကျောင်းသားလူငယ်များအဖွဲ့ (AASYC) ၊ GW အဖွဲ့ ဝင်များ နှင့် ကိုညီညီအောင် စသူတို့ အယောက် ၂၀ ခန့်ကို တွေ့မြင်ခဲ့ရကြောင်း ကိုတိုးအောင်က ပြောသည်။

ထို သူများထဲတွင် အရှင်ဝါယမ၊ အရှင်ဝိသုတ (ချောက်) အရှင်ဃောသိတ၊ အရှင်ဝိသု (ပခုက္ကူ) အရှင်ရေဝတ (GW) ၊ အခြားသော ဘွဲ့အမည်မသိ ဘုန်းကြီးတပါး နှင့် အရှင်ရေဝတ (AASYC) တို့ကိုပါ တွေ့မြင်ခဲ့ကြောင်းပြောသည်။

၎င်းတို့အား အကြမ်းဖက်ဖောက်ခွဲမှုနှင့်ပတ်သက်ပြီး ဝန်ခံလက်မှတ်ထိုးရန် ဖိအားပေးပြောဆိုမှုများကို တွေ့ရှိခဲ့ကြောင်းလည်း ကိုတိုးအောင်ကဆိုသည်။

အသက် ၄၅ နှစ်ရှိ ကိုတိုးအောင်သည် ယခင်ကလည်း နိုင်ငံရေးမှုဖြင့် အင်းစိန်ထောင်နှင့် မန္တလေးထောင် တွင် စုစုပေါင်း ထောင်ဒဏ် ၉ နှစ်ကျော်ကျခဲ့ဖူးကြောင်းသိရသည်။

လက်ရှိ ဖမ်းဆီးထားသူများနှင့် ပတ်သက်ပြီး အစိုးရက သက်ဆိုင်ရာ မိသားစုများထံသို့ တစုံတရာအကြောင်း ကြားခြင်းမရှိပေ။ အရေးပေါ် နိုင်ငံရေးပုဒ်မ (၅) ညဖြင့် ဖမ်းဆီးခေါ်ဆောင်ထားခြင်းဖြစ်ပြီး ၂၀၀၇ နှင့် ၂၀၀၈ ခုနှစ်အတွင်းမှ ဖမ်းဆီးထားသော နိုင်ငံရေးလှုပ်ရှားသူများကိုလည်း ယနေ့အချိန် အထိ တရားရုံးထုတ် စစ်ဆေးမှုများ ပြုလုပ်ဆဲဖြစ်သည်။

မြန်မာနိုင်ငံတွင် နိုင်ငံရေးအကျဉ်းသား အနည်းဆုံး ၂၁၁၉ ဦး ရှိကြောင်း နိုင်ငံရေး အကျဉ်းသားများ ကူညီ စောင့်ရှောက်ရေး အသင်း(AAPP)က စနေနေ့တွင် ထုတ်ပြန်ထားသည်။

ပြီးခဲ့သည့် စက်တင်ဘာ ၁၈ ရက်နေ့တွင် အာဏာပိုင်တို့က အကျဉ်းသား ၇၁၁၄ ဦးကို လွတ်ငြိမ်း သက်သာ ခွင့်ပေးကြောင်း ကြေညာ၍ ပြန်လည် လွှတ်ပေးရာ လွတ်မြောက်လာသူများထဲတွင် နိုင်ငံရေး အကျဉ်းသား ၁၂၈ ဦး ပါဝင်သည်ဟု AAPP က ဆိုသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်