ရွေးကောက်ပွဲ သတင်းတို

ရွေးကောက်ပွဲ သတင်းတို

အင်းအားပြနေသည့် စစ်ကားများကြောင့် ရန်ကုန်လူထု ထိတ်လန့်

ရန်ကုန်မြို့တွင်း နေရာအနှံ့တွင် လက်နက်ကိုင် စစ်သား၊ ရဲများသည် ကားစီးရေ အများ အပြားဖြင့် လှည်လည်အင်အား ပြနေခြင်းကြောင့် မြို့ခံလူထုမှာ စိုးရိမ်ထိန့်လန့် နေကြကြောင်း သိရသည်။ ၂၀၀၇ ရွှေဝါရောင် တော်လှန်ရေးအား နှိင်နင်း ခဲ့သည့် စစ်သားနှင့် လုံထိန်းရဲများနှင့် ပုံစံတူ ဖြစ်နေသောကြောင့် မဲမပေးပါက အနိုင်အထက် ပြုမည်ကို ပြည်သူများက စိုးရိမ်နေ ကြကြောင်း ဒေသခံများက ပြောသည်။
ရွေးကောက်ပွဲ သတင်းတို

မဲပေးရန် သိရှိကြောင်း လက်မှတ်ထိုးရ

ကြည့်မြင်တိုင်၊ အလုံ၊ မြောက်ဒဂုံမြို့နယ် များတွင် ရပ်ကွက် တာဝန် ရှိသူများက အိမ်အလိုက် သန်းခေါင် စာရင်းများ တောင်းယူ၍ မဲစာရင်းအမှတ်များနှင့် လိုက်လံ တိုက်ဆိုင် စစ်ဆေးပြီး ရွေးကောက်ပွဲ နေ့တွင် မဲသွားပေးရန် ပြောကာ သိရှိကြောင်း လက်မှတ် ထိုးခိုင်းခဲ့ကြောင်း အဆိုပါမြို့နယ်တွင် နေထိုင်သူများထံမှ သိရသည်။
ရွေးကောက်ပွဲ သတင်းတို

မဲစလစ်များ လိုက်ဝေပြီ

ရန်ကုန်မြို့တွင်းရှိ မြို့နယ်များတွင် ရပ်ကွက် တာဝန်ရှိသူများမှ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်၊ မဲရုံအမှတ်၊ မဲအမှတ်စဉ်၊ မဲရုံလိပ်စာ၊ အမည်၊ မှတ်ပုံတင်၊ နေရပ်လိပ်စာများ ပါဝင်သော မဲစလစ် စာရွက်များလိုက်လံပေးခဲ့ပြီး ၇ ရက်နေ့ နံနက် ၆ နာရီ မှ ညနေ ၄ နာရီအတွင်း အဆိုပါ မဲစာရွက်နှင့် အတူ နိုင်ငံသား စိစစ်ရေးကတ် ယူဆောင်လာကာ မဲရုံသို့ လာရောက် မဲပေးရန် ပြောခဲ့ကြောင်း သိရသည်။
ရွေးကောက်ပွဲ သတင်းတို

မှတ်ပုံတင် တခု ၃၀၀၀၊ နာရီပိုင်းအတွင်း လုပ်ပေးမည်

ရွေးကောက်ပွဲ၌ မဲထည့်နိုင်ရန် အတွက် ၁၈ နှစ် ပြည့်သူတိုင်းကို ကျပ် ၃၀၀၀ ဖြင့် မှတ်ပုံတင် နာရီပိုင်းအတွင်း လုပ်ဆောင် ပေးနေကြောင်း သိရသည်။ တောင်ဥက္ကလာ၊ မြောက်ဥက္ကလာနှင့် ရန်ကုန်မြို့တွင်းမှ မြို့နယ် အများအပြားတွင် ယခုရက် ပိုင်းအတွင်း စာရင်းကောက်၍ အတင်းအကျပ် လုပ်ဆောင် ခိုင်းနေကြောင်း ဒေသခံများက ပြောသည်။ နိုင်ငံသားကတ် ထုတ်ပေးပြီး သူများကိုလည်း ကြံ့ဖွံ့ပါတီ ကိုသာ မဲပေးရန် ပြောဆိုကြောင်း သိရသည်။
ရွေးကောက်ပွဲ သတင်းတို

ပြည်ပမီဒီယာကို နားမယောင်ရန် အစိုးရသတင်းစာတွင် တိုက်တွန်း

ယနေ့ထုတ် စစ်အစိုးရပိုင် သတင်းစာများ၏ အယ်ဒီတာ့ အာဘော်တွင် လွတ်လပ်ပြီး တရားမျှတသည့် ရွေးကောက်ပွဲ ဖြစ်စေရန် ထောင့်စေ့စွာ စီစဉ်ပေး ထားကြောင်း၊ ထို့ကြောင့် ပြည်ပမီဒီယာ များ၏ သွေးထိုးမှုကို နားမယောင်ဘဲ၊ ဒီမိုကရေစီ အခွင့်အရေး တရပ် အနေဖြင့် ပြည်သူ့အကျိုး ဆောင်ရွက်သည့် ကိုယ်စားလှယ်ကို မဲပေးရန် တိုက်တွန်း ထားသည်။ ထို့ပြင် ဝန်ကြီးချုပ် ဦးသိန်းစိန်နှင့် ကြံ့ဖွံ့ ခေါင်းဆောင် ဝန်ကြီးများ၏ နိုင်ငံတဝန်း လှည့်လည်၍ နိုင်ငံ့အကျိုး ဆောင်နေမှု များကိုလည်း ဖော်ပြထားသည်။
ရွေးကောက်ပွဲ သတင်းတို

ကြံ့ဖွံ့က ပလောင်ကိုယ်စားလှယ်ကို ခြိမ်းခြောက်

ရှမ်းပြည်နယ် မြောက်ပိုင်း မူဆယ်ခရိုင် ကွတ်ခိုင်မြို့နယ် မဲဆန္ဒနယ်တွင် မဲဆွယ်စည်းရုံးမှုပြုလုပ်နေသော ပလောင် အမျိုးသား ပါတီ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးအိုက်ဆန်ကို ကြံ့ဖွံ့ ပါတီ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးတီခွန်မြတ်က ပြည်သူ့စစ် အဖွဲ့ဝင် ၃ ဦးကို စေလွှတ်၍ မဲဆွယ် စည်းရုံးမှု ဆက်မလုပ်ရန် လက်နက်ဖြင့် ခြိမ်းခြောက် ခဲ့ကြောင်း၊ ပလောင် အမျိုးသား ပါတီက ဖြန့်ဝေသော ပါတီရေးရာ သဘောထား စာရွက်စာတမ်းများနှင့် ပါတီ အမှတ် တံဆိပ် အလံများ ကိုလည်း လိုက်လံ သိမ်းယူ ဖျက်ဆီး ခဲ့ကြောင်း ပြည်ပ အခြေစိုက် ပလောင်အဖွဲ့၏ ပြောကြားချက် အရ သိရသည်။
ရွေးကောက်ပွဲ သတင်းတို

၇ ရက်နေ့ ဘုရားကျောင်းတချို့ပိတ်ရမည်

ရွေးကောက်ပွဲနေ့တွင် ဘုရားကျောင်း ပိတ်ရန် ရယကများက ရန်ကုန် မြို့လယ်ရှိ တယ်လဂူ အသင်းတော်ကို ယနေ့နံနက်က ပြောဆို သွားကြောင်း၊ နေ့လယ်ပိုင်း၌ ထပ်လာ၍ ဘုရားမရှိခိုး ရန် အထက်က အမိန့်စာ ထုတ်မထား သော်လည်း မဲရုံနှင့် နီးကပ် နေသဖြင့် ဆူပူမှု၊ ဖမ်းဆီးမှုများ ဖြစ်လာလျှင် တာဝန် မယူဟု ထပ်မံ ပြောဆိုသွားကြောင်း၊ ထို့ကြောင့် ဘုရားကျောင်းပိတ်ရန် ဆုံးဖြတ်ထားကြောင်း အဆိုပါ အသင်းတော် အသိုင်းအဝန်းက ပြောသည်။ အလားတူ ဆူးလေရှိ ဧမာနွေလ အသင်းတော် လည်း ယင်းနေ့တွင် ပိတ်မည်ဟု သိရသည်။
ရွေးကောက်ပွဲ သတင်းတို

စစ်ကိုင်းတွင် ကြံ့ဖွံ့ကိုမဲပေးရန် အာဏာပိုင်များနှင့် ပူးပေါင်းပြောဆို

ဆောက်လုပ်ရေး ဝန်ကြီးနှင့် စက်မှု ၂ ဝန်ကြီးတာဝန်တို့ ပူးတွဲယူထားသည့် စစ်ကိုင်းတိုင်း ကြံ့ဖွံ့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးခင်မောင်မြင့်၏ မဲဆန္ဒနယ်ဖြစ်သည့် စစ်ကိုင်းမြို့ပေါ် ရပ်ကွက် နေအိမ်များသို့ ကြံ့ဖွံ့၊ ရယကနှင့် သက်ဆိုင်ရာ ရွေးကောက်ပွဲ ကော်မရှင် တာဝန်ရှိသူတို့ လာရောက်ကာ မဲစာရင်း နံပါတ်များ ပေးဝေ၍ ရွေးကောက်ပွဲနေ့တွင် မလာမဖြစ် မဲလာထည့်ရန်၊ ခြင်္သေ့အရုပ်ဘေး ကွက်လပ်တွင် အမှန်ခြစ်ရန် ပြောသွားကြောင်း ဒေသခံများထံမှ သိရသည်။
ရွေးကောက်ပွဲ သတင်းတို

ရေတပ်တွင် ကြံ့ဖွံ့ကို ကြိုတင်မဲ မပေးသောကြောင့် အသစ်ပြန်ပေးရ

ရန်ကုန် တောင်ပိုင်းခရိုင် ဆိပ်ကြီး ခနောင်တို ရေတပ် စခန်းတွင် ရေတပ် မိသားစုများအား ကြိုတင်မဲ ကောက်ယူရာ ချိတ်ပိတ် မဟုတ်ဘဲ စာအိတ်များ ပွင့်နေကြောင်း၊ အာဏာပိုင်များက ထိုစာအိတ်များကို ဖွင့်ကြည့်ရာ ကြံ့ဖွံ့ပါတီကို မဲ ပေးမထားဘဲ NDF ပါတီကို အများစု မဲပေးထားသဖြင့် အာဏာပိုင်များက ကြိမ်းမောင်းကာ မဲ များကို အသစ် ပြန်လည် ပေးခိုင်းကြောင်း ရေတပ် မိသားစု များ၏ ပြောပြချက်အရ သိရသည်။
ရွေးကောက်ပွဲ သတင်းတို

ရယကနှင့် ကော်မရှင် ကြိုတင်မဲကောက်

တနင်္သာရီတိုင်း ကော့သောင်းခရိုင် ခမောက်ကြီးချောင်းဝရွာနှင့် ခမောက်ငယ်ရွာများ ဒေသခံများထံမှ ရယက နှင့် ရွေးကောက်ပွဲ ကော်မရှင်တို့က နိုဝင်ဘာ၂ ရက်နေ့က ကြိုတင်မဲများ ကောက်ခံသွားကြောင်း ဒေသခံ တဦးက ပြောသည်။ ရွာ ၂ ရွာတွင် စုစုပေါင်း အိမ်ခြေ ၁၅၀ ခန့် ရှိကြောင်း သိရသည်။
ရွေးကောက်ပွဲ သတင်းတို

ဟာ့ဂ်ျ ခရီးသွားများလည်း ကြိုတင်မဲ ပေးရ

ဆော်ဒီအာရေဗျ နိုင်ငံ မက္ကာမြို့ ဟာ့ဂ်ျ(Hajj) ခရီးစဉ် သွားရောက်မည့် အစ္စလမ်ဘာသာဝင် ၄၀၀၀ ခန့်ရှိ ခရီးစဉ်တွင်ပါဝင်သူ အများစုထံမှ ကြိုတင်မဲ ကောက်ယူနေကြောင်းသိရသည်။ သက်ဆိုင်ရာ မွတ်စလင်အသင်း သို့မဟုတ် ဘာသာရေး ၀န်ဆောင်မှု ကုမ္ပဏီ အစီအစဉ်နှင့် နိုဝင်ဘာ ၁၇ ရက် အသားအစ် မတိုင်မီ သွားရောက်သည့် အစ္စလမ် ဘာသာဝင် များထံမှ ကောက်ယူခြင်း ဖြစ်သည်ဟု မင်္ဂလာတောင်ညွှန့် မြို့နယ်နေ အစ္စလမ် ဘာသာရေး ဆရာ တဦးက ပြောသည်။
ရွေးကောက်ပွဲ သတင်းတို

ကြံ့ဖွံ့လုပ်ရပ်များ အစီရင်ခံစာ ထုတ်မည်

ရွေးကောက်ပွဲကို ရန်ကုန်အခြေစိုက် Myanmar network for free election အဖွဲ့မှ စောင့်ကြည့် အကဲခတ်ကာ အစီရင်ခံစာ ထုတ်ပြန် သွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။ အဆိုပါ အဖွဲ့သည် ၉ လပိုင်းမှ စတင်ကာ ရွေးကောက်ပွဲ အကြိုကာလ အခြေ အနေများကို စုဆောင်း နေကြောင်း၊ လတ်တလော စုဆောင်း ရရှိချက် အများစုမှာ ကြံ့ဖွံ့ပါတီ၏ ခြိမ်းခြောက် အကြပ်ကိုင် မဲဆွယ်မှုများနှင့် ကြိုတင်မဲကောက် ယူနေမှုများ ဖြစ်ကြောင်း၊ နိုဝင်ဘာ ၁၀ ရက်တွင် အစီရင်ခံစာ ထုတ်ပြန်သွားရန် စီစဉ်နေသည်ဟု အဖွဲ့ဝင်တဦးက ပြောသည်။
Page 12 of 20

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်