ရွေးကောက်ပွဲ သတင်းတို

ရွေးကောက်ပွဲ သတင်းတို

မန္တလေး မြို့တော်ဝန်ကို မဲမပေးရေး လှုပ်ရှား

မန္တလေး အောင်မြေသာဇံမြို့နယ် ၊ ဘူတာဈေး ၊ ညောင်ပင်ဈေး ၊ ပိုက်ကျုံးနှင့် သီရိမင်္ဂလာ ကားကွင်းတို့တွင် ကြံ့ဖွံ့ပါတီ လွှတ်တော် ကိုယ်စားလှယ်လောင်း မြို့တော်ဝန် ဦးဖုန်းဇော်ဟန်ကို မဲမပေးရေး ဗီစီဒီနှင့် စာရွက်များ ဖြန့်ဝေနေရာ လက်ရှိ မြို့တော်ဝန် ဖုန်းဇော်ဟန် သို့မဟုတ် ဘုံးဇော်ဟန် မြို့တော်ဝန်ဖြစ်ပြီးနောက် ပြည်သူပိုင်ပစ္စည်းများကို ဘုံးပြီး ပိုင်ဆိုင်ထားသော ပစ္စည်းများ စာရင်းဟု ၄င်းပိုင်ဆိုင်သော အိမ်ရာခြံမြေ ဓာတ်ပုံများနှင့်တကွ ဖော်ပြထားကြောင်း တွေ့မြင်ခဲ့ရသူ တဦးကပြောသည်။
ရွေးကောက်ပွဲ သတင်းတို

NLD မြို့နယ်ပေါင်း ၂၀ ကျော် မဲမပေးရေး လှုပ်ရှား

ပဲခူးတိုင်း ဇီးကုန်းမြို့နယ်နှင့် မန္တလေးတိုင်း၊ မကွေးတိုင်း မိထ္ထီလာ၊ သာစည်၊ ၀မ်းတွင်း၊ မလှိုင်၊ တောင်သာ၊ မြင်းခြံ၊ ပျော်ဘွယ်၊ ရမည်းသင်း၊ လယ်ဝေး၊ ကျောက်ပန်းတောင်း၊ ချောက်၊ ညောင်ဦး၊ ဆိပ်ဖြူ၊ စလေ စသည့် မြို့နယ် ပေါင်း ၂၀ ကျော်တွင် NLD အဖွဲ့ဝင်များက မဲမပေးရေး လှုပ်ရှားမှုကို ယနေ့တွင် ပြုလုပ်ကြောင်း သတင်းရရှိသည်။ တနင်္သာရီတိုင်း မြိတ်မြို့နယ်တွင်လည်း မဲမပေးဘဲ နေနိုင်ခွင့်ရှိသည် ဆိုသော လက်ကမ်း စာစောင် ၁၀၀၀၀ ကျော်ဖြန့်မည်ဖြစ်ကြောင်း သိရသည်။
ရွေးကောက်ပွဲ သတင်းတို

ပလောင်ပါတီ ပြိုင်ဘက်မရှိနိုင်

ရှမ်းပြည် မြောက်ပိုင်း နမ့်ဆန်နှင့် မိုင်းတုံ မြို့နယ်ရှိ မဲဆန္ဒနယ် များတွင် ပလောင် (တအောဝ်း) အမျိုးသား ပါတီသည် ယှဉ်ပြိုင်ရန် မလိုဘဲ အနိုင်ရရှိသွားကြောင်း သိရသည်။ မူလက ကြံ့ဖွံ့ပါတီနှင့် ၎င်းတို့ ပါတီသာ ရှိကြောင်း၊ နောက်ပိုင်းတွင် ကြံ့ဖွံ့ပါတီက မပြိုင်တော့ သောကြောင့် ၎င်းတို့ပါတီ တပါတီတည်းသာ ကျန်တော့ကြောင်း ပလောင် အမျိုးသား ပါတီ ဥက္ကဋ္ဌ ဦးအိုက်ဖုန်းက ပြောသည်။
ရွေးကောက်ပွဲ သတင်းတို

ဟုမ္မလင်းတွင် မဲပုံးများကို ရွာသားများဖျက်ဆီး

စစ်ကိုင်းတိုင်း ဟုမ္မလင်းမြို့နယ် ကက်သာရွာတွင် မဲထည့်ရန် လာရောက် ပေးပို့ထားသည့် မဲပုံးများကို ရွာသားများက ယမန်နေ့ညက ဖျက်ဆီးလိုက်ကြောင်း သတင်းရရှိသည်။
ရွေးကောက်ပွဲ သတင်းတို

ဂီရိဒုက္ခသည်များကို ကြိုတင်မဲ ဆက်တိုက်ကောက်

ဂီရိလေဘေးဒဏ် ခံခဲ့ရသော ရခိုင်ပြည်နယ်ရှိ ပေါက်တော မြို့နယ်တွင် ရပ်ကွက်၊ ကျေးရွာ တာဝန် ရှိသူများက ကြံ့ဖွံ့ပါတီ အတွက် ကြိုတင်မဲ များကို နိုဝင်ဘာ ၁ ရက်မှစ၍ အတင်းအကျပ် ကောက်ခံ နေကြောင်း သိရသည်။ မဲရုံမှူး လက်မှတ် မပါ သော ကြိုတင်မဲ များကို ကြံ့ဖွံ့ပါတီအား အမှန်ခြစ် ခိုင်းကြောင်း၊ မဲထည့်ပြီး စာအိတ် များကိုလည်း ဖွင့်ထား ခိုင်းကြောင်း၊ ကြိုတင်မဲ ထည့်စရာ မလိုသည့် သာမန် ပြည်သူ များကိုပါ ခြိမ်းခြောက်၍ မဲပေး ခိုင်းနေကြောင်း ဒေသခံများက ပြောသည်။
ရွေးကောက်ပွဲ သတင်းတို

ဝန်ကြီးများ လက်ဖက်ရည်ဆိုင်တွင် မဲဆွယ်

မန္တလေးနှင့် ကျောက်ဆည်တွင် ကျန်းမာရေး ၀န်ကြီး ဒေါက်တာ ကျော်မြင့်၊ သိပ္ပံနှင့် နည်းပညာ ဝန်ကြီး ဦးသောင်း ဦးဆောင်သည့် အဖွဲ့ဝင် တချို့က လက်ဖက်ရည်ဆိုင် များအတွင်း ၀င်ထိုင်၍ မဲဆွယ် စည်းရုံးနေကြောင်း နိုင်ငံရေး ပါတီများနှင့် နီးစပ်သူ မျက်မြင် တဦးက ဧရာဝတီသို့ ပြောသည်။
ရွေးကောက်ပွဲ သတင်းတို

အကျဉ်းသားများထံ ကြိုတင်မဲကောက်မည်

ရန်ကုန် အင်းစိန်မြို့နယ်ရှိ အကျဉ်းဦးစီဌာန အာဏာပိုင်များက ဦးဆောင်၍ အကျဉ်းသူ အကျဉ်းသား များထံမှ ယနေ့နှင့် မနက်ဖြန် ၂ ရက် ကြိုတင်မဲများ ကောက်ယူမည် ဖြစ်ကြောင်း သတင်း ရရှိသည်။
ရွေးကောက်ပွဲ သတင်းတို

ရန်ကုန်တွင် လုံခြုံရေး သိသိသာသာတင်းကျပ်

နိုဝင်ဘာ ၄ ရက်နေ့ ယမန်နေ့ ည ၉ နာရီအချိန်ခန့်တွင် ရန်ကုန်မြို့တွင်း၌ လုံထိန်း ရဲကားများ လှည့်လည်နေကြောင်း၊ လည်ပင်းတွင် အနီပတ်ထားသည့် လက်နက်အပြည့်အစုံ ကိုင်ဆောင်ထားသော ရဲများစွာပါသည့် ကားများဖြစ်ကြောင်း၊ ရန်ကုန်တွင် လုံခြုံရေးသိသိသာသာ တိုးမြှင့်ချထားကြောင်း ရန်ကုန်အခြေစိုက် သတင်းထောက် တဦးကပြောသည်။ ယနေ့ မနက်တွင်လည်း လုံထိန်းရဲကားများမှာ မီးများဖွင့်၍ လှည့်လည်နေဆဲဖြစ်ကြောင်း ၎င်းက ဆိုသည်။
ရွေးကောက်ပွဲ သတင်းတို

မင်းတပ် ဆောက်လုပ်ရေးဝန်ထမ်းများ ကြံ့ဖွံ့ကြိုတင်မဲထည့်ရ

ချင်းပြည်နယ် မင်းတပ်မြို့နယ် အနောက် ရပ်ကွက်ရှိ ဆောက်လုပ်ရေး ၀န်ထမ်းများနှင့် ဝန်ထမ်း မိသားစု များထံမှ ကြံ့ဖွံ့ပါတီ ကို ထောက်ခံသည့် ကြိုတင်မဲကို အောက်တိုဘာ လကုန်ကတည်းက အပြီး ကောက်ယူ သွားကြောင်း သိရသည်။ ဆောက်လုပ်ရေး ဌာန ခရိုင် အင်ဂျင်နီယာမှူးက စာရင်းများ ကောက်ယူ သွားခြင်း ဖြစ်ပြီး မဲရုံသို့ မဲသွားထည့်ရန် မလို တော့ကြောင်း ပြောဆိုသွားသည်ဟု မင်းတပ် ဆောက်လုပ်ရေး ဝန်ထမ်းများက ပြောသည်။
ရွေးကောက်ပွဲ သတင်းတို

ချင်းပြည်နယ်တွင် ကြံ့ဖွံ့ ခြိမ်း၍ခြောက် မဲထည့်ခိုင်း

ချင်းပြည်နယ် မင်းတပ်မြို့နယ်နှင့် မိုင် ၃၀၊ ၄၀ ပတ်လည်ရှိ ရွာများတွင် ကြံ့ဖွံ့ပါတီဝင်နှင့် ၎င်းတို့၏ သြဇာခံ ရယက များက ကြံ့ဖွံ့ပါတီကို မဲမထည့်ပါက လည်ပင်းဖြတ်မည်၊ ဖမ်းဆီးထောင်ချမည်၊ ဒဏ်ငွေ ကျပ် ၁ သိန်းပေးရမည်ဟု ခြိမ်းခြောက် ပြောဆို ကြောင်း၊ ထို့ပြင် ရို ကျေးရွာ၊ မချိုကျေးရွာများတွင် သေဆုံးပြီးသူများ စာရင်းကို မဲစာရင်းတွင် ထည့်သွင်း ထားခြင်းများ ပြုလုပ်၍ ကြံ့ဖွံ့ပါတီကို ထောက်ခံသည့် မဲများ ရယူနေကြောင်း ဒေသခံများက ပြောသည်။
ရွေးကောက်ပွဲ သတင်းတို

ရေနံပိုက်လိုင်း မီးလောင်မှု လူ ၂၀၀ နီးပါး သေဆုံး

ပခုက္ကူခရိုင် ကျောက်ခွက် အရာတော် ရေနံပိုက်လိုင်း မီးလောင်မှုကြောင့် သေဆုံးသူ ၂၀၀ နီးပါးပြီး ဆေးကုသမှု ခံယူ နေရသည့် ဒဏ်ရာရသူများ ထံမှ ဒေသအာဏာပိုင်များက ကြိုတင်မဲများ လာရောက် ကောက်ယူနေသည်ဟု မိသားစုဝင် များက ပြောသည်။ ဒဏ်ရာပြင်းထန်သည့် လူနာများမှာ ချောက်ဆေးရုံတွင် ၅၀ ကျော်၊ မြစ်ခြေဆေးရုံတွင် ၈ ဦး၊ ပခုက္ကူ ဆေးရုံ တွင် ၂၀ ကျော်ရှိပြီး ကျန်လူနာများမှာ ကျွန်းချောင်းနှင့် ညောင်ဦးဆေးရုံတွင် ကုသမှုခံယူဆဲဖြစ်သည်ဟု သိရသည်။
ရွေးကောက်ပွဲ သတင်းတို

မုံရွာ ဆေးရုံ လူနာတွေလည်း ကြိုတင်မဲနှင့် မလွတ်

စစ်ကိုင်းတိုင်း မုံရွာခရိုင် ရွေးကောက်ပွဲ ကော်မရှင်တွင် ပါဝင်သည့် ခရိုင် ဥပဒေ အရာရှိက မုံရွာ ပြည်သူ့ဆေးရုံရှိ လူနာများကို ယမန်နေ့က ကြိုတင်မဲ လိုက်လံ ကောက်ခံနေကြောင်း သတင်းရသည်။
Page 13 of 20

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်