ရွေးကောက်ပွဲ သတင်းတို

ရွေးကောက်ပွဲ သတင်းတို

ရေနံချောင်းမှာ ကြံ့ဖွံ့နှင့် တစည ကြိုတင်မဲကောက်

မကွေးတိုင်း ရေနံချောင်း မြို့မတောင်ရပ်ကွက်တွင် ယမန်နေ့က ကြိုတင်မဲယူရာ မဲပေးသူ ၇၀ ရှိကြောင်း၊ ကြံ့ဖွံ့ပါတီက ၆၈ မဲ ရရှိပြီး တစည ပါတီက ၂ မဲ ရရှိကြောင်း သတင်းရသည်။ ကြိုတင်မဲကို တရားဝင်မဲပေးသည့်နေ့မှသာ အများရှေ့၌ ထုတ်ယူ ရေတွက်ရမည် ဖြစ်ကြောင်း၊ ယခုကဲ့သို့ ရွေးကောက်ပွဲ ကော်မရှင်နှင့် တာဝန်ရှိသူများက ကြိုတင်ဖွင့်ပြီး ရေတွက်ခြင်းသည် တရားမ၀င်ကြောင်း ရေနံချောင်းမြို့ခံတဦးက ပြော သည်။
ရွေးကောက်ပွဲ သတင်းတို

တရားမျှတလျှင် နိုင်မည်ဟု ကရင်ပါတီပြော

ရွေးကောက်ပွဲ တရားမျှတလျှင် ကရင်ပြည်နယ် မဲဆန္ဒနယ်များ၌ အနိုင်ရမည်ဟု ဘားအံမြို့ရှိ ဖလုံ - စဝေါ် ဒီမိုကတစ် ပါတီ ဥက္ကဌ ဦးခင်မောင်မြင့်က ဧရာဝတီသို့ ပြောသည်။ “ အကယ်၍များ စစ်တပ်က ဘာမှ ဖိအားတွေ မပါဘူးဆိုရင်တော့ ကရင်ပြည်နယ် အတွင်း မှာ တရေးနိုး ထပြိုင်လို့ ရဲသေးတာပေါ့” ဟု ၎င်းက ဆိုသည်။ လတ်တလောတွင် ၎င်းတို့ အနေနှင့် ပြည်ပမီဒီယာများနှင့် ဆက်သွယ်ပြောဆိုသည့် အကြောင်း အရာများကို အက်စ်ဘီ သို့ ပြန်လည် သတင်း ပေးပို့ရကြောင်း သိရသည်။
ရွေးကောက်ပွဲ သတင်းတို

မွန်ပါတီ စည်းရုံးရေးမှူး သေနတ်ဒင်နှင့် အရိုက်ခံရ

မွန်ပြည်နယ် ရေးမြို့နယ်တောင်ပိုင်း ရင်းဒိန်း ကျေးရွာ ဥက္ကဋ္ဌသည် အောက်တိုဘာ ၂၇ က မွန်ဒေသလုံး ဆိုင်ရာ ဒီမိုကရေစီ ပါတီ (AMRDP) စည်းရုံးရေးမှူး တဦးကို ပစ္စတို သေနတ်ဖြင့် ရိုက်သဖြင့် ရေးမြို့နယ် ဆေးရုံ တွင် ဆေးကုသမှု ခံယူနေရကြောင်း၊ ရင်းဒိန်း ဥက္ကဋ္ဌ က စစ်တပ်ဘက်က ဖြစ်ကြောင်း၊ စည်းရုံးရေးမှူးကို ရွာထဲ ပေးမဝင်သဖြင့် သူနဲ့ရင်းနှီးသည့် SB နှင့်အတူ သွားရာ ဝင်ခွင့် ရသွားသဖြင့် SB အားကိုးသည် ဆို၍ ခေါင်းကို ရိုက်ခြင်း ဖြစ်ကြောင်း  AMRDP ဥက္ကဋ္ဌ နိုင်ငွေသိန်း ကပြောသည်။
ရွေးကောက်ပွဲ သတင်းတို

“ဝ” ပါတီ “ဝ” နယ်မြေမှာ နှင်ထုတ်ခံရ

“ဝ” အမျိုးသား စည်းလုံးညီညွတ်ရေးပါတီ (WNUP) သည် “ဝ”· ပြည်သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA) ထိန်းချုပ် နယ်မြေ ပန်ဆန်းမြို့နယ်၌ စည်းရုံးမှုများ ပြုလုပ်နေစဉ် UWSA တပ်ဖွဲ့ဝင်များ က နှင်ထုတ်ခဲ့ ကြောင်း သိရသည်။ UWSA အရာရှိတဦးက “ကျနော်တို့ နယ်မြေကို လာပြီးတော့ သူတို့က ဝ လူမျိုးတွေ ကို ကိုယ်စား ပြုပါတယ် ဆိုပြီး ပြောတဲ့အတွက် ပြီးခဲ့တဲ့ ၂ ရက်လောက် မှာ အခုလို နှင်ထုတ်ခဲ့တာ” ဟု ပြောသည်။
ရွေးကောက်ပွဲ သတင်းတို

ကြိုတင်မဲများကို ညဘက်အထိ ကောက်ယူနေ

မရမ်းကုန်းမြို့နယ်တွင် ယမန်နေ့ညက ကြိုတင်မဲများကို ညပိုင်းအချိန်အထိ ကောက်ယူလျက်ရှိရာ မဲရုံစောင့်မည့် ဆရာ၊ ဆရာမများ၊ ဝန်ထမ်းများနှင့် ခြိမ်းခြောက်အကျပ်ကိုင် ခံထားရဖြင့် ထိတ်လန့်နေသော ရပ်ကွက်သူ ရပ်ကွက်သား စုစုပေါင်း ၂၀ ကျော်ခန့် မဲလာပေးကြသည်ဟု မျက်မြင်တဦးက ပြောဆိုသည်။
ရွေးကောက်ပွဲ သတင်းတို

ပလိပ်က ၀န်ထမ်းများ ကြံ့ဖွံ့ပဲ မဲထည့်ရမည်

မန္တလေးတိုင်း ပလိပ်ချည်မျှင်နှင့် အထည်စက်ရုံ ၀န်ထမ်းများ ကြံ့ဖွံ့ပါတီကို မဲထည့်ရမည်ဖြစ်သည်ဟု စက်ရုံမှူး ဗိုလ်မှူး သိန်းလွင်က ပြီးခဲ့သည့်ရက်က ညွှန်ကြားကြောင်း သတင်းရသည်။ ၀န်ထမ်းများသည် ယခင်ကတည်းက ကြံ့ဖွံ့အသင်းဝင်များဖြစ်ကြောင်း၊ ပါတီအသွင်ကူးပြောင်းသွားသော်လည်း မိမိကိုယ်မိမိ ပါတီဝင် အဖြစ်ခံယူပြီး ကြံ့ဖွံ့ကိုသာ မဲထည့်ရမည်ဖြစ်သည်ဟု စက်ရုံမှူး က ပြောကြောင်း ၀န်ထမ်းတဦးက ဧရာဝတီသို့ ပြောသည်။
ရွေးကောက်ပွဲ သတင်းတို

ဘန်ကောက်မှာ ရွေးကောက်ပွဲ ဆန္ဒပြ

ဘန်ကောက် မြန်မာသံရုံးရှေ့တွင် စစ်အစိုးရကျင်းပမည့် ၂၀၁၀ ရွေးကောက်ပွဲကို ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများက ဆန့်ကျင်ဆန္ဒပြခဲ့ကြကြောင်း သတင်းရရှိသည်။ “စစ်အစိုးရကျင်းပပေးမည့် ၂၀၁၀ ရွေးကောက်ပွဲ ...အလိုမရှိ ၊ ဒေါ်အောင်ဆန်း စုကြည်နှင့် နိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးရေး တို့အရေး ၊ သုံးပွင့်ဆိုင်တွေ့ဆုံဆွေးနွေးရေး တို့အရေး” စသည့် ကြွေးကြော် သံများကို ONSOB ၊ RCRC ၊ BRHC အဖွဲ့များ ဦးဆောင်၍ ကြွေးကြော်ဆန္ဒပြခဲ့ကြကြောင်း ပါဝင်ခဲ့သူတဦးက ပြောသည်။
ရွေးကောက်ပွဲ သတင်းတို

မန္တလေးမှာ NO လှုပ်ရှားမှုလုပ်

NLDလူငယ်များက မန္တလေးမြို့တွင် ရွေးကောက်ပွဲမဲမပေးရေး လှုပ်ရှားမှုများ ယနေ့ စတင်နေပြီဖြစ်ကြောင်း သိရသည်။ NO စာတန်းပါ တီရှပ်ဝတ် လူငယ်များက ဆိုင်ကယ်အစီး ၂၀ ကျော်ဖြင့်ချမ်းအေးသာဇံ၊ ပြည်ကြီးတံခွန်၊ မဟာအောင်မြေ စသည့် မြို့နယ်များတွင် ကိုယ်ပိုင်ပြဌာန်းခွင့်ဥပဒေအရ မဲမပေးဘဲ နေခွင့်ရှိကြောင်း စာရွက်များကို ယနေ့ နံနက်ပိုင်းက ဖြန့်ဝေခဲ့ကြောင်း NLDလူငယ်တဦးက ဧရာဝတီသို့ ပြောသည်။
ရွေးကောက်ပွဲ သတင်းတို

ကြံ့ဖွံ့ကိုမဲပေးရန် ပြည်ထဲရေးဝန်ကြီး ညွှန်ကြား

ရဲ၊ စစစ၊ အကျဉ်းဦးစီး စသည့် ပြည်ထဲရေးဝန်ကြီးဌာန လက်အောက်ရှိ ဝန်ထမ်းအားလုံး ကြံ့ဖွံ့ကိုသာ မဲပေးရမည် ဟု ပြည်ထဲရေးဝန်ကြီး ဦးမောင်ဦးက ညွှန်ကြား လိုက်သည်။ ကြံ့ဖွံ့ကို မဲမပေးပါက ဝေးလံသော ဒေသများသို့ ပြောင်းရွှေ့ခံရမည် ဖြစ်ကြောင်း၊ မိသားစုဝင်များလည်း လိုင်းခန်းများမှ ပြောင်းရွှေ့ပေးရမည် ဖြစ်ကြောင်း ဦးမောင်ဦးက ပြောဆိုသည်ဟု သိရသည်။ ဦးမောင်ဦးသည် ကြံ့ဖွံ့ပါတီ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် အဖြစ် တပ်ကုန်းမြို့နယ်မှ ဝင်ရောက် ယှဉ်ပြိုင်မည် ဖြစ်သည်။
ရွေးကောက်ပွဲ သတင်းတို

ကြံ့ဖွံ့မတရားအနိုင်ယူလျှင် ကျန်ပါတီများ သပိတ်မှောက်မည်

ကြံ့ဖွံ့ပါတီသည် နည်းမျိုးစုံဖြင့် ကြိုတင်မဲ ကောက်ယူခြင်း၊ အာဏာပိုင်များနှင့် ပူးပေါင်း၍ အတင်းအကျပ် ဥပဒေမဲ့ မဲပေးရန် လုပ်ဆောင်လျက် ရှိသောကြောင့် ရွေးကောက်ပွဲ အပြီးတွင် မတရားသည့် နည်းလမ်းဖြင့် အနိုင် ယူမည် ဆိုပါက ရွေးကောက် ပွဲ ရလဒ်ကို ကြံ့ဖွံ့မဟုတ်သော တိုင်းရင်းသား ပါတီများနှင့် ဒီမိုကရက်တစ် အင်အားစုများက သပတ်မှောက် ပြီး ရှေ့လုပ်ငန်းစဉ်များကို ရပ်ဆိုင်းမည် ဖြစ်ကြောင်း တိုင်းရင်းသား ပါတီ ခေါင်းဆောင် များက ပြောသည်။
ရွေးကောက်ပွဲ သတင်းတို

ရွေးကောက်ပွဲနေ့ အင်တာနက် မသေချာ

ရွေးကောက်ပွဲ ကျင်းပရန် ၂ ရက်အလိုအထိ စစ်အစိုးရ ထိန်းချုပ်ထားသော အင်တာနက်ဆာဗာ DDoS ဖြင့် အကြီးအကျယ် တိုက်ခိုက်ခံနေရကြောင်း၊ မထိန်းချုပ်နိုင်လောက်အောင် ပမာဏ ကြီးမားလှကြောင်း ရတနာပုံ တယ်လီပို့ သတင်းထုတ်ပြန်ချက်အရ သိရသည်။ ရွေးကောက်ပွဲနေ့တွင် အင်တာနက် ပြန်ရ မရ မသေချာကြောင်း ရတနာပုံ တယ်လီပို့ ဝန်ထမ်းတဦးကို ကိုးကား၍ AFP က ဖော်ပြထားသည်။
ရွေးကောက်ပွဲ သတင်းတို

ဒေါ်အောင်ဆန်းစုကြည်လွတ်မည်ဟု ဆိုင်းဘုတ်ချိတ်

ရန်ကုန်မြို့ ရွှေဂုံတိုင် NLD ရုံးချုပ်တွင် ဒေါ်အောင်ဆန်းစုကြည် ဓာတ်ပုံနှင့် ဒေါ်အောင်ဆန်းစုကြည် ပြန်လည်လွတ်မြောက်ရန် ၈ ရက်သာ လိုတော့သည်ဟူသော စာသားပါသည့် ၆ ပေ x ၈ပေ ဗီနိုင်းပိုစတာ ၂ ခုကို ချိတ်ဆွဲခဲ့ရာ လူထုစိတ်ဝင်စားမှုများခဲ့ပြီး ရွှေဂုံတိုင်ရုံးရှေ့တွင်လည်း လုံထိန်း ၊ စရဖနှင့် သတင်းတပ်ဖွဲ့အင်အား ၁၀၀ ခန့်အထိ တိုးမြှင့်ချထားသည်ကို ယမန်နေ့က တွေ့မြင် ရကြောင်း· NLD လူငယ်တဦးက ပြောသည်။
Page 14 of 20

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်