ရွေးကောက်ပွဲ သတင်းတို

ရွေးကောက်ပွဲ သတင်းတို

မဲမပေးရေး စာရွက်များ ကြံ့ဖွံ့သိမ်းယူ

ဘိုကလေးမြို့နယ် NLD က ဖြန့်သော မဲမပေးဘဲ နေထိုင်ခွင့်ရှိသည် ဆိုသည့် စာရွက်များကို ကြံ့ဖွံ့ပါတီဝင်များ က လိုက်လံသိမ်းဆည်းပြီး ခြိမ်းခြောက်နေသည်ဟု သတင်းရရှိသည်။ NLD က ဝေသွားသည့် စာရွက်များကို ကြံ့ဖွံ့က နောက်ကလိုက်သိမ်းကြောင်း၊ ဓာတ်ပုံများရိုက်ယူ ကြောင်း၊ စာရွက်ယူသူများကိုလည်းဒုက္ခရောက်မည် ဆိုကာ ခြိမ်းခြောက်ကြောင်း ဘိုကလေး NLD ဥက္ကဋ္ဌက ပြောသည်။ ယင်းမဲမပေးရေး စာရွက်များ ဖြန့်ဝေမှုကို NLD က ဆက်လက်လုပ်ဆောင်သွားမည်ဟု သိရသည်။
ရွေးကောက်ပွဲ သတင်းတို

တာချီလိတ် လ၀ကများ ကြံ့ဖွံ့ကို ကြိုတင်မဲပေးရ

တာချီလိတ်ရှိ လ၀က ၀န်ထမ်းများကို ရွေးကောက်ပွဲ ကော်မရှင်က ကြိုတင်မဲ ကောက်ခံခဲ့ရာ ကြံ့ဖွံ့ပါတီကို မဲပေးခဲ့ရကြောင်း၊ ယင်းသို့ မဲမပေးလျှင် နောင်တချိန် အလုပ်တွင် အနှောင့်အယှက် ဖြစ်လာနိုင် သည့်အတွက် မဲပေးလိုက်ရခြင်း ဖြစ်ကြောင်း၊ မဲပေးသူပေါင်း ၆၀ ခန့်ရှိကြောင်း လ၀က ၀န်ထမ်းတဦးက ပြောသည်။ မယ်ဆိုင်- တာချီလိတ် တံတားတွင် တာဝန် ယူနေသည့် လ၀က များအပါအ၀င် ရဲတပ်ဖွဲ့ဝင်များ၊ လုံခြုံရေးယူထားသည့် စစ်သား များလည်း မဲပေးရသည်ဟု သိရသည်။
ရွေးကောက်ပွဲ သတင်းတို

ခြိမ်းခြောက်ပြောဆိုပြီး ကြံ့ဖွံ့အတွက်မဲဆွယ်

တောင်တွင်းကြီးမြို့နယ်ရှိ ကန်ဘဲကြီး သကြားစက်ရုံမှ စက်ရုံးမှူးသည် ၀န်ထမ်းများအား ခေါ်ယူကာ ကြံ့ဖွံ့ပါတီကို မဲပေးမှသာ အန္တရာယ် ကင်းမည်ဟု ပြောဆိုခဲ့ပြီး ၎င်းစက်ရုံ၌ မည်သည့်နိုင်ငံရေးပါတီ များကိုမှ လာရောက် စည်းရုံးခွင့် မပြုကြောင်းနှင့် လာသမျှကို နှင်ထုတ်မည်ဟု ပြောဆိုကြောင်း အဆိုပါ စက်ရုံနှင့်နီးစပ်သူတဦးက ပြောသည်။ အဆိုပါ စက်ရုံမှူးသည် စစ်တပ်မှ ဗိုလ်မှူးတဦးဖြစ်ပြီး ၎င်း၏ အနိုင်အထက် ပြောဆိုမှုများကို ဝန်ထမ်းများ မကျေမနပ် ဖြစ်နေကြသည်။
ရွေးကောက်ပွဲ သတင်းတို

အင်းသားများ အင်းပါတီကိုပဲ မဲပေးမည်

ရှမ်းပြည်တောင်ပိုင်း အင်းလေးဒေသရှိ ဒေသခံတိုင်းရင်းသားများက ရွေးကောက်ပွဲတွင် ၎င်းတို့ လူမျိုး ပါတီကိုသာ မဲပေးမည်ဖြစ်ကြောင်း သိရသည်။ “မြို့မှာ ပါတီ ဘယ်နှစ်ခု ရှိလဲမသိသလို ဘယ်သူတွေ ၀င်အရွေးခံမလဲ မသိဘူး၊· မဲပေးရင်တော့ ကိုယ့်လူမျိုး နာမည် ပါတဲ့ ပါတီကိုပဲ မဲထည့်ရမယ်၊ ကျနော်တို့ အင်းထဲမှာတော့ ဘာပဲပြောပြော အင်းပါတီကိုပဲ အင်းသားတွေက ၀ိုင်းပြီး မဲပေးမယ်”ဟု အင်းလေး ဟဲယာ ရွာမ မှ ရွာသားတဦးက ဆိုသည်။
ရွေးကောက်ပွဲ သတင်းတို

ကရင်ပြည်နယ်နေ့ အခမ်းအနား ရွှေ့ဆိုင်း

နိုဝင်ဘာ ၇ ရက်နေ့ ကရင်ပြည်နယ် ဘားအံမြို့တွင် ကျင်းပမည့် ကရင်ပြည်နယ်နေ့ အခမ်းအနားသည် ရွေးကောက်ပွဲ နှင့် တိုက်ဆိုင်နေသဖြင့် ကျင်းပရန် ခွင့်ပြုချက်မရသေးကြောင်း သတင်းရရှိသည်။ “ပွဲဈေးတန်း အားလုံးဆောက်ပြီးပြီ၊ ဒါပေမယ့် အခုချိန်အထိ တယောက်မှ ပွဲဈေးကို မသွားရသေးဘူး၊ နိုဝင်ဘာ ၈ ရက်နေ့မှ လုပ်မယ်လို့ပြောနေတယ်”ဟု ဘားအံ မြို့ခံတဦးက ပြောသည်။
ရွေးကောက်ပွဲ သတင်းတို

တောင်ကြီးမှာ ရွေးကောက်ပွဲထက် မီးပုံးပျံပွဲ ပိုစိတ်ဝင်စား

ရှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့နယ်ရှိ ဒေသခံများက ရွေးကောက်ပွဲ မဲပေးရေးထက် နိုဝင်ဘာ ၁၃ ရက်တွင် စတင် ကျင်းပမည့် တန်ဆောင်တိုင် မီးပုံးပျံပွဲတော်ကိုသာ ပိုမို စိတ်ဝင်စားမှု ရှိကြောင်း သိရသည်။ “မီးပုံးပျံလုပ်နေတာကိုပဲ အာရုံထားတော့ မဲပေးဖို့ကို အခုပြောမှ သတိရတယ်”ဟု တောင်ကြီး မြို့မှ လူငယ်တဦးက ပြောသည်။
ရွေးကောက်ပွဲ သတင်းတို

ရွေးကောက်ပွဲ သပိတ်မှောက်ရန် တိုက်တွန်း

၂၀၁၀ ရွေးကောက်ပွဲကို သပိတ် မှောက်ကြရန် မြန်မာနိုင်ငံလုံး ဆိုင်ရာ သံဃာ့ တပ်ပေါင်းစု အဖွဲ့၊ ၈၈ မျိုးဆက် ကျောင်းသားများနှင့် ဗမာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသား သမဂ္ဂများ အဖွဲ့ချုပ်တို့က ယနေ့ ပူးတွဲကြေညာချက် ထုတ်ပြန် လိုက်သည်။ စစ်အစိုးရ၏ ရွေးကောက်ပွဲသည် ကြံ့ဖွံ့ပါတီက အုပ်စိုးရန်ဖြစ်ပြီး တခြားပါတီများမှာ အသုံးချခံ အဆင့်သာ ရှိကြောင်း၊ သံဃာအား ညှဉ်းဆဲ သတ်ဖြတ်ပြီး တိုင်းပြည်ကို ဆင်းရဲတွင်း နက်စေခဲ့သော နအဖ နှင့် ကြံ့ဖွံ့ကို ဆန့်ကျင်သော အားဖြင့် မဲသွားမပေးကြရန်တိုက်တွန်းထားသည်။
ရွေးကောက်ပွဲ သတင်းတို

ကြံ့ဖွံ့အမတ်လောင်းများ၏ ဇနီး၊ သားသမီးများပါ မဲဝင်ဆွယ်

ရန်ကုန်တွင် ရွေးကောက်ပွဲ ၀င်ရောက် ယှဉ်ပြိုင်မည့် ကြံ့ဖွံ့ပါတီမှ အမတ်လောင်းများ၏ ဇနီးနှင့် သားသမီးများပါ လိုက်လံပြီး မဲဆွယ် စည်းရုံးမှုများ ပြုလုပ်လျက် ရှိကြောင်း သိရသည်။ အမည်ကို ကြည့်မနေဘဲ ခြင်္သေ့ရုပ် ဘေးတွင်သာ အမှန်ခြစ်ရန် ကြံ့ဖွံ့ပါတီ အမတ်လောင်းများ၏ ဇနီးများက ရပ်ကွက် အတွင်းဆင်း၍ မဲဆွယ် နေကြောင်း ပုဇွန်တောင် မြို့နယ်တွင် ကြံ့ဖွံ့၏ မဲဆွယ်စည်းရုံးမှု ခံခဲ့ရသူ တဦးက ပြောသည်။
ရွေးကောက်ပွဲ သတင်းတို

မဲရုံနှင့် ကိုက် ၁၅၀ အတွင်း စွမ်းအားရှင်များရှိမည်

ရွေးကောက်ပွဲနေ့တွင် ရန်ကုန်၊ မန္တလေးနှင့် နေပြည်တော်ရှိ မဲရုံအတွင်းနှင့် ပတ်ဝန်းကျင် ကိုက် ၁၅၀ အကွာအထိ စွမ်းအားရှင်များကို ထားရှိရန် ငွေပေးကာ ငှားရမ်းထားကြောင်း၊ ရန်ကုန်တွင် လူစည်ကားရာ နေရာများ၌ စစ်တပ်နှင့်အတူ စွမ်းအားရှင်များ ထားရှိပြီး ရွေးကောက်ပွဲ ကျင်းပရေးပျက်ပြားအောင် နှောင့်ယှက်သည်ဟု ယူဆသူများအား တားဆီး ချုပ်နှောင်ခွင့် ပေးထားမည်ဖြစ်ကြောင်း သတင်းတပ်ဖွဲ့နှင့် နီးစပ်သည့် အသိုင်းအ၀န်းမှ သိရသည်။
ရွေးကောက်ပွဲ သတင်းတို

ဝန်ထမ်းများ ပြည်ပမီဒီယာနှင့် ဆက်သွယ်လျှင် ထောင် ၁၄ နှစ်

ရွေးကောက်ပွဲ ကာလ နေပြည်တော်ရှိ အစိုးရရုံးများ အပါအ၀င် အစိုးရ ရုံးများရှိ ကွန်ပျူတာ၊ အင်တာနက်၊ မိတ္တူကူးစက်၊ Fax စသော ပစ္စည်းများကို သုံးပြီး ပြည်ပ မီဒီယာများသို့ သတင်း အချက် အလက်များ ပေးပို့လျှင် ထောင်ဒဏ် ၁၄ နှစ်အထိ ချမှတ်မည် ဟူသော သတိပေး စာများကို နိုဝင်ဘာ လဆန်းမှ စတင်ပြီး ရုံးများတွင် ကပ်ထားကြောင်း ၀န်ထမ်း အသိုင်းအ၀ိုင်းမှ သိရသည်။
ရွေးကောက်ပွဲ သတင်းတို

နေပြည်တော်နှင့် ပျဉ်းမနားရှိ အင်တာနက်ဆိုင်များ ပိတ်ရမည်

ရွေးကောက်ပွဲ ကျင်းပရန် ရက်ပိုင်း လိုအပ်ချိန်၌ နေပြည်တော်နှင့် ပျဉ်းမနားမြို့ရှိ အင်တာနက်ဆိုင်၂၀ ခန့်တွင် အရပ်ဝတ်နှင့် ရဲများ၊ ထောက်လှမ်းရေးများ အပြင် သင်္ကန်း ၀တ်ထားသော ဘုန်းကြီး များကိုပါ ထည့်ထားကာ အင်တာနက် လာရောက် သုံးစွဲသူများကို စောင့်ကြည်မှုများ ပြုလုပ်နေပြီး နိုဝင်ဘာ ၅ ရက်နေ့မှစ၍ ရွေးကောက်ပွဲပြီး ကာလအထိ ပိတ်ထားရန် ညွှန်ကြား ထားသည်ဟု ဒေသခံ အင်တာနက် သုံးစွဲသူများက ပြောသည်။
ရွေးကောက်ပွဲ သတင်းတို

ရွှေနှင့်ဒေါ်လာ ဝယ်စုသူများ၊ ဈေးထိုးတက်

ရွေးကောက်ပွဲအပြီး နိုင်ငံရေးမတည်မငြိမ်ဖြစ်မည်ကို စိုးရိမ်ကြသောကြောင့် ရွှေနှင့် ဒေါ်လာ ၀ယ်ယူမှုများလာကာ ဈေးတက်သွားကြောင်း ဈေးကွက်များမှ သိရသည်။ နိုဝင်ဘာ ၂ ရက်နေ့က ရွှေဈေးမှာ ကျပ် ၆၅၆၉၀၀ ရှိနေရမှ ၃ ရက်နေ့တွင် ၆၆၂၅၀၀ ကျပ်သို့ လည်းကောင်း။ နိုဝင်ဘာလ ၂ ရက်နေ့က အမေရိကန် တဒေါ်လာ ၉၀၈ ကျပ်ခန့်ရှိနေရာမှ ၃ ရက်နေ့တွင် တဒေါ်လာ ၉၂၅ ကျပ်အထိ လည်းကောင်း ဈေးများ ထိုးတက်သွားခဲ့သည်။
Page 16 of 20

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်