သတင်းတိုများ

သတင်းတိုများ

အောင်ဆန်းဂျာမွန်း စာဖတ်ခန်းများ ဖွင့်လှစ်

ယနေ့ ပြုလုပ်သည့် ပဲခူးနေ့ချင်းပြန်ခရီးစဉ်အတွင်း ဒေါ်အောင်ဆန်းစုကြည်သည် အောင်ဆန်းဂျာမွန်း အမည်ရှိ စာဖတ်ခန်း ၂ ခုကို ဖွင့်လှစ်ပေးလိုက်သည်။နံနက် ၁၁ နာရီခွဲခန့်က ပဲခူးမြို့ အောင်ဆန်းဂျာမွန်း စာဖတ်ခန်းဖွင့်ပွဲသို့ ဒေါ်အောင်ဆန်းစုကြည် ရောက်ရှိသွားပြီး ဖွင့်ပွဲရှိ ရာနှင့်ချီသော ဒေသခံတို့ကို မိန့်ခွန်းပြောခဲ့သည်။နံနက် ၁၀ နာရီခန့်ကလည်း အနီးရှိ သနပ်ပင်မြို့နယ်သို့သွားရောက်ပြီး အောင်ဆန်းဂျာမွန်း စာဖတ်ခန်းဖွင့်ပွဲသို့ တက်ရောက်ကာ ဒေသခံ ၃၀၀ ခန့်ကို ၁၅ မိနစ်ခန့် မိန့်ခွန်းပြောသည်။ခရီးစဉ်တလျှောက် အာဏာပိုင်တို့က လမ်းရှင်းလင်းရေး လုပ်ဆောင်ထားသဖြင့် ဒေါ်အောင်ဆန်းစုကြည်၏ ယာဉ်တန်း အဆင်ပြေစွာ သွားလာနိုင်သည်ဟု သိရသည်။
သတင်းတိုများ

ဒေါ်အောင်ဆန်းစုကြည်နှင့် ဝန်ကြီး ဦးအောင်ကြည် ဒုတိယအကြိမ်တွေ့မည်

ဒေါ်အောင်ဆန်းစုကြည်သည် ဗဟိုအစိုးရ ကိုယ်စားလှယ် ဝန်ကြီး ဦးအောင်ကြည်နှင့် မနက်ဖြန်တွင် ဒုတိယအကြိမ်အဖြစ် ထပ်မံတွေ့ဆုံမည်ဟု NLD နှင့် နီးစပ်သူတဦးထံမှ သိရသည်။ တွေ့ဆုံမှုသည် ဒေါ်အောင်ဆန်းစုကြည် ပဲခူးသို့ ပထမဆုံးနိုင်ငံရေးခရီးစဉ် မတိုင်မီ ၂ ရက်အလိုတွင် ဖြစ်သည်။ နေအိမ်အကျယ်ချုပ်မှ လွတ်မြောက်ပြီးနောက် ပထမဆုံးအကြိမ်အဖြစ် ဒေါ်အောင်ဆန်းစုကြည်သည် ဇူလိုင်လ ၂၅ ရက်နေ့တွင် ဝန်ကြီး ဦးအောင်ကြည်နှင့် ပထမဆုံးအကြိမ် တွေ့ဆုံပြီး ပူးတွဲကြေညာချက် ထုတ်ပြန်ခဲ့သည်။
သတင်းတိုများ

ဧရာဝတီကို ကယ်တင်ရန် ဒေါ်အောင်ဆန်းစုကြည် ပြောပြီ

ဧရာဝတီကို ကယ်တင်ကြရန် ဒေါ်အောင်ဆန်းစုကြည်က “ဧရာဝတီအတွက် ပန်ကြားချက်” ကို ယနေ့ ထုတ်ပြန်လိုက်သည်။ ယင်းကြေညာချက်တွင် ဆည်များဆောက်လုပ်ခြင်း၏ ဆိုးကျိုးများကိုလည်း ဖော်ပြထားပြီး စိုက်ပျိုးရေး၊ လူမှုရေးနှင့် စီးပွားရေး ပြဿနာများ ပေါ်ပေါက်နိုင်မှုကိုလည်း ထောက်ပြထားသည်။ မြန်မာအစိုးရနှင့် တရုတ်တို့သည် နောက်ဆက်တွဲ ပြဿနာများကို ရှောင်ရှားမည်ဟု ယုံကြည်ကြောင်းနှင့် ကချင်တိုင်းတိုင်းသားများ၏ အစိုးရအပေါ် ယုံကြည်မှု ပျောက်ဆုံးနေကြောင်း ထောက်ပြထားသည်။ ဧရာဝတီမြစ်နှင့် ဆက်စပ်ဖြစ်ပေါ်လာသည့် အန္တရာယ်များကို ပူးပေါင်းဖြေရှင်းရန်လည်း နှိုးဆော်ထားသည်။
သတင်းတိုများ

ဦးအောင်ဆန်းဦးနှင့် မော်နီတာဂျာနယ် တရားစွဲခံရ

ဦးအောင်ဆန်းဦးနှင့် မော်နီတာ ဂျာနယ်တို့ အင်တာဗျူးတွင် အမွေဆိုင် အိမ်အမှုနှင့် ပတ်သက်၍ ဦးအောင်ဆန်းဦးက တရားရုံးဆုံးဖြတ်ချက်မချမီ ကျော်လွန်ပြောဆိုသောကြောင့် ဦးအောင်ဆန်းဦး၊ အင်တာဗျူး ဂျာနယ် အယ်ဒီတာချုပ် ဦးမြတ်ခိုင်နှင့် ထုတ်ဝေသူတို့ကို ဒေါ်အောင်ဆန်းစုကြည်က တရားစွဲလိုက်သည်။ တရားရုံးကို မထီမဲ့မြင်ပြုမှုဖြင့် ဒေါ်အောင်ဆန်းစုကြည်က စွဲဆိုမှုကို တရားရုံးက ယနေ့ လက်ခံလိုက်ကြောင်း သိရသည်။ ဦးအောင်ဆန်းဦးက ၂၀၀၀ ပြည့်နှစ်တွင် နေအိမ်နှင့် ခြံ ပိုင်ဆိုင်လိုမှုဖြင့် ဒေါ်အောင်ဆန်းစုကြည်အား စတင်တရားစွဲဆိုခဲ့သည်။
သတင်းတိုများ

ဦးသိန်းစိန် အစိုးရ ပထမဆုံး သတင်းစာရှင်းလင်းပွဲ လုပ်မည်

သမ္မတ ဦးသိန်းစိန် အစိုးရက ပထမဆုံးအကြိမ် သတင်းစာရှင်းလင်းပွဲကို သြဂုတ်လ ၁၂ ရက်နေ့ မနက် ၁၀ နာရီတွင် နေပြည်တော်၌ ကျင်းပမည်ဟု စာပေစိစစ်ရေးဌာနက ပြည်တွင်း သတင်းမီဒီယာများသို့ တရားဝင်အကြောင်းကြားချက် ထုတ်ပြန်ထားသည်။ ဂျာနယ်တတိုက်လျှင် အယ်ဒီတာတဦးနှင့် သတင်းထောက်တဦး တက်ရောက်ခွင့်ပြုသည်ဟု သိရှိရသည်။
သတင်းတိုများ

အစိုးရ ပြောခွင့်ရအဖွဲ့ ဖွဲ့

အစိုးရ၏ အဖွဲ့ဝင် ၁၁ ဦးပါ ပြောရေးဆိုခွင့်နှင့် သတင်းထုတ်ပြန်ရေးအဖွဲ့ ဖွဲ့စည်းကြောင်း ယနေ့ အစိုးရသတင်းစာများတွင် ထုတ်ပြန်ကြေညာသည်။ ပြန်ကြားရေးဝန်ကြီး ဦးကျော်ဆန်းက အဖွဲ့ခေါင်းဆောင် ဖြစ်ပြီး ပြည်ထဲရေး၊ နိုင်ငံခြားရေး စသည့်ဝန်ကြီးဌာနများမှ ဒုဝန်ကြီးများနှင့် ရဲတပ်ဖွဲ့၊ ကာကွယ်ရေးဦးစီးချုပ်ရုံးတို့မှာ တာဝန်ရှိသူများ ပါဝင်သည်။
သတင်းတိုများ

ရှမ်းစစ်ပြေး ဒုက္ခသည် ၃ သောင်း အကူအညီ လိုအပ်

ရှမ်းပြည်နယ် မြောက်ပိုင်းတွင် ရှမ်းပြည်တပ်မတော် မြောက်ပိုင်းနှင့် အစိုးရတပ်များအကြား တိုက်ပွဲများကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးရသူ ၃ သောင်းကျော် ရှိနေပြီး အကူအညီများ လိုအပ်နေကြောင်း သိရသည်။ မတ်လအတွင်း စတင်ခဲ့သော တိုက်ပွဲများကြောင့် မြို့နယ် ၉ ခုမှ ဒေသခံများသည် တရုတ်နယ်စပ်၊ ထိုင်းနယ်စပ်နှင့် တောတောင်များတွင် ထွက်ပြေးခိုလှုံနေကြောင်း၊ နိုင်ငံတကာ အကူအညီများ မရောက်ရှိနိုင်ဘဲ ရိက္ခာနှင့် သောက်သုံးရေ ပြတ်လပ်ခြင်း၊ မိုးသည်းထန်ပြီး အကာအကွယ် လုံလောက်စွာ မရှိခြင်းကြောင့် သက်ကြီးရွယ်အိုနှင့် ကလေးသူငယ်များ ဝမ်းလျှောဝမ်းပျက်နှင့် ငှက်ဖျားကြောင့် ၂၄ ဦး သေဆုံးကြောင်း ရှမ်းအမျိုးသမီးရေးရာ ဆက်သွယ်လှုပ်ရှား ဆောင်ရွက်ရေးအသင်းနှင့် ရှမ်းလူ့အခွင့်အရေး ဖောင်ဒေးရှင်းတို့က သတင်းထုတ်ပြန်ထားသည်။
သတင်းတိုများ

ဧရာဝတီမြစ်အရေး ပြည်တွင်းမီဒီယာ ထုတ်ဖော်ဝေဖန်

သြဂုတ်လ ၉ ရက်နေ့ထုတ် အစိုးရသတင်းစာပါ ဧရာဝတီမြစ်ကြောမှ ရေအားလျှပ်စစ်စီမံကိန်းများအပေါ် ခုခံကာကွယ်ရေးသားမှုကို Eleven Media Group နှင့် သတင်းစာ ဆရာကြီး လူထုဦးစိန်ဝင်းတို့က ပြင်းပြင်းထန်ထန် ဝေဖန်လိုက်သည်။ သတင်းစာ ဆောင်းပါးအပါ အချက်အလက်များအပေါ် ပြန်လည် ထောက်ပြထားပြီး လတ်တလော ဧရာဝတီမြစ်၏ သဘာဝ ဂေဟစနစ် ပျက်စီးနေခြင်းများအပေါ် ဆွေးနွေးဝေဖန်ထားသည်။
သတင်းတိုများ

အကူအညီရရေး IMF စည်းမျဉ်းများ လိုက်နာရန်လို

မြန်မာနိုင်ငံတွင် နိုင်ငံခြားငွေ လဲလှယ်မှုစနစ် ပြုပြင်ပြောင်းလဲရေး နိုင်ငံတကာ ငွေကြေးရံပုံငွေအဖွဲ့ (IMF) ၏ အကူအညီရယူလိုလျှင် IMF ၏ စည်းမျဉ်းစည်းကမ်းများကို လိုက်နာရမည်ဟု အမေရိကန်က ယနေ့ ပြောဆိုလိုက်သည်။ နိုင်ငံခြားငွေလှဲလှယ်မှုစနစ် ပြောင်းလဲရေး အထောက်အကူပေးရန် မြန်မာအစိုးရက မေတ္တာရပ်ခံထားကြောင်း IMF တာဝန်ရှိသူများက အတည်ပြု ပြောဆိုသော်လည်း ယင်းကိစ္စအတွက် ဆုံးဖြတ်ချက် မချရသေးကြောင်း သိရသည်။
သတင်းတိုများ

ထိုင်းရေပိုင်နက်တွင် မြန်မာ ၅၅ ဦး အဖမ်းခံရ

ထိုင်းနိုင်ငံ ရနောင်းခရိုင် ရေပိုင်နက်အတွင်း ဝင်ရောက်လာသော မြန်မာနိုင်ငံသား ၅၅ ဦးကို ယမန်နေ့တွင် ထိုင်းအာဏာပိုင်များက ဖမ်းဆီးလိုက်သည်။ ကော့သောင်းမြို့မှ တဘက်ကမ်းရှိ ရနောင်းမြို့သို့ ရေလမ်းခရီးဖြင့် ဖြတ်သန်းနေစဉ် တရားဝင် ခရီးသွားလာခွင့် စာရွက်စာတမ်း မရှိ၍ ဖမ်းဆီးခြင်းဖြစ်ကြောင်း ထိုင်းသတင်းများတွင် ဖော်ပြထားသည်။ အဖမ်းခံရသူများတွင် အမျိုးသား ၄၃ ဦး၊ အမျိုးသမီး ၉ ဦးနှင့် ကလေး ၃ ဦး ပါဝင်ကြောင်း၊ လှေသမားက ထွက်ပြေးရန် ကြိုးစားခဲ့သေးကြောင်း သိရသည်။
သတင်းတိုများ

ထိုင်း လူ့အခွင့်အရေး ကော်မရှင်မင်းကြီး CoI ဖွဲ့ရေး ထောက်ခံ

ထိုင်း အမျိုးသား လူ့အခွင့်အရေးကော်မရှင်မင်းကြီးက မြန်မာစစ်အာဏာရှင်များ လူသားထုအပေါ် ကျူးလွန်သည့် ရာဇဝတ်မှုနှင့် စစ်ရာဝတ်မှုများအတွက် ကုလသမဂ္ဂ စုံစမ်းစစ်ဆေးရေး ကော်မရှင် (CoI) ဖွဲ့ရေးကို သူ့အနေဖြင့် ထောက်ခံကြောင်း ၂၃ နှစ်မြောက် ၈ လေးလုံးအထိမ်းအမှတ် ဆွေးနွေးပွဲတခုတွင် ထုတ်ဖော်ပြောဆိုလိုက်သည်။ ကော်မရှင်မင်းကြီး Dr. Nirun Pitakwatchara က မြန်မာစစ်အာဏာရှင်များ၏ ပြစ်မှုများအတွက် CoI ဖြင့် စစ်ဆေးဖော်ထုတ်မှု မရှိလျှင် အာဆီယံ၏ အနာဂတ်လည်း မကောင်းနိုင်ဟု ပြောသည်။ ထိုင်းနိုင်ငံ ဖွဲ့စည်းပုံအခြေခံဥပဒေအရလည်း နိုင်ငံတကာ လူ့အခွင့်အရေးမြင့်တင်ရန် ကိစ္စများအတွက် ဆောင်ရွက်ရန် တာဝန်ရှိသည်ဟု ထောက်ပြသွားသည်။
သတင်းတိုများ

ရေအားလျှပ်စစ် စီမံကိန်းများကြောင့် ဧရာဝတီ မထိခိုက်ဟု အစိုးရပြော

ဧရာဝတီမြစ်တကြောတွင် တည်ဆောက်မည့် မြစ်ဆုံ၊ ချီဗွေ စသည့် ရေအားလျှပ်စစ် စီမံကိန်း ၈ ခုကြောင့် ဧရာဝတီမြစ်ကို အမှီပြုနေသည့် စိုက်ပျိုးရေး၊ စီးပွားရေး၊ လူမှုရေး လုပ်ငန်းများအပေါ် ထိခိုက်မှု လုံးဝမရှိနိုင်ကြောင်း ယနေ့ထုတ် အစိုးရသတင်းစာပါ ဆောင်းပါးတပုဒ်တွင် ခုခံရေးသားထားသည်။ တရုတ်နှင့် မြန်မာပညာရှင်များပါဝင်သော အဖွဲ့က ထိုကြီးမားလှသည့် စီမံကိန်းကြီးများသည် ဧရာဝတီမြစ်နှင့် သဘာဝပတ်ဝန်းကျင်ကို ထိခိုက်စေနိုင်ကြောင်း သတိပေးခဲ့သော်လည်း တရုတ်ပိုင် CPI ကုမ္ပဏီက ဆက်လုပ်ရန် ဆုံးဖြတ်ပြီးနောက် ပြည်တွင်း ပြည်ပမှ ထိုစီမံကိန်းများအပေါ် ဝေဖန်မှုများ ဆက်တိုက် ထွက်ပေါ်လာခဲ့သည်။
သတင်းတိုများ

၈ လေးလုံးပွဲ FCCT တွင် ပြုလုပ်

ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ နိုင်ငံခြား သတင်းထောက်များ ကလပ် (FCCT) တွင် ၈ လေးလုံး ၂၃ နှစ်မြောက် နှစ်ပတ်လည် အခမ်းအနားကို ယမန်နေ့ညနေ ၇ နာရီခွဲတွင် စတင်ကျင်းပသည်။ AAPP မှ ကိုဘိုကြည် အပါအဝင် ကရင်၊ ကရင်နီ၊ ကချင်နှင့် ထိုင်းအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ တက်ရောက်သည်။ နယ်စပ်တိုက်ပွဲများ၊ တိုင်းရင်းသားပြည်သူများ၏ အခက်အခဲများ၊ မြန်မာအစိုးရ တည်ဆောက်နေသော ရေကာတာ စီမံကိန်းကြီးများ ဆိုးကျိုးများ၊ ကုလသမဂ္ဂ စုံစမ်းစစ်ဆေးရေး ကော်မရှင် (CoI) ဖွဲ့ရေး ထောက်ခံမှုတို့ကို ရှင်းလင်း ပြောကြားခဲ့ကြကြောင်း သိရသည်။
သတင်းတိုများ

တိုင်ရင်းသားကိုယ်စားလှယ်များ အိတ်ဖွင့်ပေးစာ ထုတ်ပြန်

ဦးဆောင်စီ၊ ဦးစခုန်တိန့်ယိန်း စသူတို့ပါဝင်သော ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ၂၃ ဦးက တိုင်းရင်းသား ကိုယ်စားလှယ်များ အမည်ခံလျက် ငြိမ်းချမ်းရေးလိုလားသူများအတွက် အိတ်ဖွင့်ပေးစာကို ယမန်နေ့က အစိုးရမီဒီယာများမှတဆင့် ထုတ်ပြန်ကြေညာသည်။ ယင်းပေးစာတွင် ယခင်အစိုးရများ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ မအောင်မြင်မှုကို အရှိအတိုင်း သိသင့်ကြောင်းပြောထားသော်လည်း တိုင်ရင်းသား လက်နက်ကိုင်များကို သံသယလွန်ကဲခြင်း စသည်ဖြင့် ပြစ်တင်ဝေဖန်ထားသည်။ ငြိမ်းချမ်းရေးအတွက် ယခုအစိုးရ၏ လုပ်ရပ်ကိုလည်း ထောက်ခံကြောင်း ဖော်ပြထားသည်။
သတင်းတိုများ

ဒေါ်အောင်ဆန်းစုကြည် ပထမဆုံး နိုင်ငံရေး ခရီးစဉ် ထွက်မည်

နေအိမ်အကျယ်ချုပ်မှ လွတ်မြောက်ပြီးနောက် ပထမဆုံးသော နိုင်ငံရေးခရီးစဉ်အဖြစ် ဒေါ်အောင်ဆန်းစုကြည်သည် သြဂုတ်လ ၁၄ ရက်နေ့၌ ပဲခူးသို့ သွားရောက်မည်ဟု သိရသည်။ ပဲခူးမြို့တွင် ဖွင့်လှစ်မည့် စာကြည့်တိုက် ဖွင့်ပွဲတခုသို့ တက်ရောက်မည်ဖြစ်ပြီး NLD လူငယ်များနှင့်လည်း တွေ့ဆုံမည်ဟု သိရှိရသည်။ ဒေါ်အောင်ဆန်းစုကြည်သည် ဇူလိုင်လ အတွင်းကလည်း သားဖြစ်သူ ကိုထိန်လင်းနှင့် ပုဂံမြို့သို့ မိသားစု ခရီးစဉ်အဖြစ် သွားရောက်လည်ပတ်သေးသည်။
သတင်းတိုများ

ခွဲထွက် DKBA များကို နယ်ခြားစောင့်တပ်ဖြင့် ပြန်တိုက်ခိုင်းမည်

ကရင်ပြည်နယ် မြ၀တီ၊ ကော့ကရိတ်၊ လှိုင်းဘွဲနှင့် ဘုရားသုံးဆူ မြို့နယ်များရှိ ခွဲထွက် DKBA အဖွဲ့များကို ယခု မိုးတွင်းကာလအတွင်း အထူးစစ်ဆင်ရေးတရပ်အနေဖြင့် အမြန်ဆုံး ချေမှုန်းနိုင်ရန်အတွက် နေပြည်တော်ရှိ အမှတ် (၄) ကာကွယ်ရေးဌာန စစ်ဆင်ရေးအထူးအဖွဲ့မှူး ဗိုလ်ချုပ် သက်နိုင်ဝင်းနှင့် အဖွဲ့က ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက ကော့ကရိတ်မြို့နယ်ရှိ တပ်စခန်းတွင် ကရင်နယ်ခြားစောင့်တပ်မှ တပ်မှူးများနှင့် လာရောက်ဆွေးနွေးကြောင်း သိရသည်။ အိမ်ကြက်ချင်း အိုးမိုးသုတ် ခွပ်ခိုင်းသည့် ကိစ္စဖြစ်သောကြောင့် သတိပြုကြရန် ခွဲထွက် DKBA တပ်မဟာ (၅) က နယ်ခြားစောင့်တပ်များကို သတိပေးထားသည်။
သတင်းတိုများ

သာဓုကျောင်းတိုက်တွင် ၈ လေးလုံး ၂၃ နှစ်ပြည့်ပွဲ ကျင်းပ

ယနေ့ကျရောက်သော ၈ လေးလုံး ၂၃ နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ရန်ကုန်မြို့ ကြည့်မြင်တိုင်မြို့နယ်၊ နတ်စင်လမ်းရှိ သာဓု ပရိယတ္တိစာသင်တိုက်တွင် ကျင်းပသော ၀ါဆိုသင်္ကန်းကပ်လှူပွဲနှင့် အလှူပွဲသို့ ဒေါ်အောင်ဆန်းစုကြည်၊ ၈၈ မျိုးဆက်ကျောင်းသားများ၊ ၈ လေးလုံး အရေးတော်ပုံတွင် ပါဝင်ခဲ့ကြသော မြန်မာ့ဒီမိုကရေစီအရေး လှုပ်ရှားနေကြသူများ တက်ရောက်သည်။ သာဓုကျောင်းတိုက်နှင့် အနည်းငယ် အလှမ်းဝေးသောနေရာတွင် အစိုးရဘက်မှ လုံခြုံရေးကားများ ချထားသည်။
သတင်းတိုများ

ပန်းချီမောင်မောင်သိုက် ကွယ်လွန်

ယနေ့ မွန်းလွဲ ၁၂ နာရီ ၄၅ တွင် ပန်းချီမောင်မောင်သိုက် ကွယ်လွန်သွားပြီဖြစ်ကြောင်း သတင်းရရှိသည်။ ပန်းချီ မောင်မောင်သိုက်သည် စာနယ်ဇင်းသရုပ်ဖော် ပန်းချီများကို စိုက်လိုက်မတ်တပ် ရေးဆွဲရင်း မြန်မာ့ ပန်းချီလောကတွင် နှစ်ပေါင်းများစွာ ရပ်တည်ခဲ့သူဖြစ်သည်။
သတင်းတိုများ

နေပြည်တော်တွင် မြေအောက်ရထားလမ်း ဖောက်မည်ဟုဆို

နေပြည်တော်တွင် ကီလိုမီတာ ၅၀ အရှည်ရှိ မြေအောက်ရထားလမ်း ဆောက်လုပ်ရန် ရုရှား ကုမ္ပဏီတခုက တာဝန်ယူမည်ဖြစ်ကြောင်း အမည်မဖော်ပြသည့် ရုရှ စီမံကိန်း ဗိသုကာ တာဝန်ရှိသူတဦးကို ကိုးကား၍ Voice of Russia ရေဒီယိုက ကြေညာသွားသည်။ လတ်တလောတွင် ကွင်းဆင်းလေ့လာမှုနှင့် ဒီဇိုင်းချမှုအဆင့်သို့ ရောက်ရှိနေသည်ဟု ဆိုသည်။ ယင်းမြေအောက်ရထားလမ်းအရှည်သည် မော်စကိုမြို့ပတ်လမ်းထက် ၃ ဆမျှပိုရှည်သည်ဟု မော်စကိုနယူးစ်တွင် ဖော်ပြထားပြီး မြန်မာ လေ့လာအကဲခတ်သူများကမှု ထိုမျှ ရှည်လျားသည့် ယင်းမြေအောက်ရထားလမ်းအတွက် ကုန်ကျစရိတ်ကို မြန်မာအစိုးရ တတ်နိုင်ခြင်း ရှိမရှိနှင့် အသုံးဝင်မှုအပေါ် သံသယရှိနေကြသည်။
သတင်းတိုများ

လူ ၇ ဦးသေဆုံးမှု တိုက်ခိုက်ခံရခြင်းဖြစ်ဟု အစိုးရသတင်းစာ ပြော

တာပိန်မှ မိုးမောက်သို့ ထွက်ခွာလာသည့် ကားတစီးကို သြဂုတ်လ ၂ ရက်နေ့တွင် KIA က တိုက်ခိုက်ခဲ့ရာ အရပ်သား ၆ ဦးနှင့် ရဲ ၁ ဦး သေဆုံးပြီး တခြားရဲ ၁ ဦး ဒဏ်ရာ ရရှိခဲ့သည်။ ယင်းအခင်းဖြစ်ပွားမှုသည် အပစ်ရပ်ရေး ဆွေးနွေးဆဲ ကာလအတွင်း ၎င်းတို့တားမြစ်နယ်မြေထဲဝင်၍ ဗုံးကွဲခြင်း ဖြစ်ကြောင်း KIA က ပြောဆိုခဲ့သော်လည်း ယင်းမှာ လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခံရခြင်းကြောင့်သာ ဖြစ်သည်ဟု အစိုးရသတင်းစာက ရေးသည်။ ပစ်ခတ်ခံရသော ကားနှင့် သေဆုံးသူများကို သတင်းစာတွင် ဖော်ပြထားသော်လည်း KIA ကို သောင်းကျန်းသူဟု သုံးနှုန်းထားခြင်း မရှိပေ။
Page 8 of 41

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်