နာဂစ်ကူညီရေး အသင်းဝင် လူငယ်များ အဖမ်းခံရ

E-mail Print
နာဂစ် ဒုက္ခသည်များ ကူညီကယ်ဆယ်ရေးတွင် ပါဝင်ခဲ့သော သတင်းထောက်များ အပါအဝင် လူငယ် ၁၂ ဦးခန့်ကို စစ်အစိုးရက ယခုရက်ပိုင်းအတွင်း ဖမ်းဆီးထားကြောင်း သိရသည်။

အဖမ်းအဆီးခံရလိုက်သူများမှာ ရန်ကုန်အခြေစိုက် သတင်းဌာနများမှ သတင်းထောက်လူငယ်တချို့နှင့် လူမှုရေး လုပ်ငန်းတွင် အကူအညီပေးနေသော လူငယ်များဖြင့် ဖွဲ့စည်းထားသည့် လင်းလက်ကြယ် အဖွဲ့ဝင်များဖြစ်ကြောင်း သိရသည်။

အဖမ်းခံရသူများထဲတွင် အလွတ်သတင်းထောက် ကိုပိုင်စိုးဦးနှင့် Living Color မီဒီယာက အပတ်စဉ် ထုတ်ဝေနေသည့် Foreign Affairs ဂျာနယ်၏ ဘာသာပြန်အယ်ဒီတာ ကိုသန့်ဇင်စိုးတို့လည်း ပါဝင်ကြောင်း သိရသည်။

ကိုသန့်ဇင်စိုး အဖမ်းအဆီးခံရခြင်းလား၊ ပျောက်ဆုံးနေခြင်းလား ဆိုသည်ကို Living Color မီဒီယာမှ တာဝန်ရှိသူများက အတည်မပြုနိုင်သေးဟု ဆိုသည်။

ပြီးခဲ့သည့် ၂၆ ရက်နေ့မှ ယမန်နေ့အထိ စစ်အစိုးရ အာဏာပိုင်များ ဖမ်းဆီးနေသည်မှာ ၁၂ ဦးခန့် ရှိပြီဖြစ်ပြီး ၈ ဦးမှာ သတင်းထောက်များ ဖြစ်ကြောင်း ရန်ကုန်အခြေစိုက် သတင်းထောက်တဦးက ပြောသည်။

၎င်းက “သူတို့က နာဂစ်ဒဏ်သင့်တဲ့ ဘုန်းကြီးကျောင်းတွေမှာ စာအုပ်လိုရင် စာအုပ်၊ ကျောင်းသားတွေ လိုအပ်တာတွေကို သူတို့တတ်နိုင်သလောက် အကူအညီပေးနေတဲ့သူတွေ။ သတင်းထောက်တွေကလည်း တတ်နိုင်တဲ့ဘက်က ကူညီပေးနေကြတာပါ” ဟု ပြောသည်။

အဆိုပါ လင်းလက်ကြယ်အဖွဲ့ကို ၂၀၀၈ ခုနှစ် မေလဆန်းတွင် နာဂစ်မုန်တိုင်းအပြီး လူမှုရေးလုပ်ငန်းများ၌ တက်ကြွစွာ ပါဝင်သော လူငယ်များ၊ သတင်းထောက်များဖြင့် ဖွဲ့စည်းထားခြင်းဖြစ်သည်။

ဆက်လက်ပြီး အဆိုပါ သတင်းထောက်က “ ဒီရက်ပိုင်း စာပေဘက်က လူတွေကို ဖမ်းနေတယ်။ အဲဒီအတွက် ကျနော်တို့လည်း သတိထားနေရတယ်၊ သူတို့က နိုင်ငံရေး လုပ်နေတာမဟုတ်တော့ အသင်းအဖွဲ့ အနေနဲ့ မှတ်ပုံတင်မရှိလို့ပဲ ခေါ်ယူစစ်ဆေးတာလား၊ ဘယ်က အလှူငွေတွေရသလဲ ဆိုတာကိုပဲ ခေါ်ယူစစ်ဆေးတာလားဆိုတာတော့ မပြောနိုင်ဘူး” ဟု ဆိုသည်။

ယခုလ အစောပိုင်းကစတင်၍ သတင်းထောက်များကို ဖမ်းဆီးမှုများရှိနေကြောင်း ထိုင်း-မြန်မာ နယ်စပ်အခြေစိုက် နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) မှ အတွင်းရေးမှူး ကိုတိတ်နိုင်ကပြောသည်။

“ကျနော်တို့ ပြောနိုင်တာက ၉ ဦးထိန်းသိမ်းခံထားရတယ်၊ ဒီထက်လည်း များနိုင်တယ်၊ ဒီအဖမ်းအဆီးနဲ့ ပတ်သက်ပြီး ဆက်လက်စုံစမ်းနေဆဲပဲ” ဟု ကိုတိတ်နိုင်က ဆိုသည်။

နာဂစ်ဒုက္ခသည်များကို ကူညီကယ်ဆယ်မှုဖြင့် လူရွှင်တော် ကိုဇာဂနာနှင့် အားကစားဂျာနယ် အယ်ဒီတာ ကိုဇော်သက်ထွေးတို့အား စစ်အစိုးရက နှစ်ရှည်ထောင်ဒဏ်ချမှတ်ထားသည်။

စက်တင်ဘာလက စစ်အစိုးရတွင် အကျဉ်းသား ၇၁၁၄ ဦးကို လွတ်ငြိမ်းသက်သာခွင့်ပေးခဲ့ရာ နိုင်ငံရေးအကျဉ်းသား ၁၂၈ ဦးပါဝင်ခဲ့သည်။

AAPP ၏ စာရင်းအရ နိုင်ငံရေးအကျဉ်းသား ၂၁၁၉ ဦး ရှိပြီး ထိုအထဲတွင် သတင်းထောက် ၄၆ ဦးပါဝင်ကြောင်း သိရသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်