အမေရိကန် အဆင့်မြင့်အရာရှိများနှင့် NLD ခေါင်းဆောင်များတွေ့မည်

E-mail Print
မြန်မာနိုင်ငံသို့ လာမည့် နိုဝင်ဘာ ၃ ရက်မှ ၄ ရက်နေ့အထိ လာရောက်မည့် အမေရိကန်နိုင်ငံ အရှေ့အာရှ နှင့် ပစိဖိတ်ဒေသဆိုင်ရာ ဒု နိုင်ငံခြားရေးဝန်ကြီး Mr. Kurt Campbell နှင့် အဆင့်မြင့်အရာရှိများသည် ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ခေါင်းဆောင်များနှင့် သီးခြားတွေ့ ဆုံမည် ဖြစ်ကြောင်း သိရှိရသည်။

အဆိုပါ အမေရိကန်အဆင့်မြင့် အရာရှိများသည် NLD ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်(CEC)များနှင့် နိုဝင်ဘာ ၄ ရက်နေ့၌ ရန်ကုန်မြို့ရှိ NLD ရုံးချုပ်တွင် သီးခြားတွေ့ဆုံရန် စီစဉ်ထားသည်ဟု NLD ပြောခွင့်ရ ပုဂ္ဂိုလ် ဦးဉာဏ်ဝင်းက ပြောပြသည်။     

“ကျနော်တို့သိသလောက် CEC နဲ့ ကျနော်တို့ ရုံးချုပ်မှာလာတွေ့မယ်၊ ပြောပြီးသား၊ အမေရိကန် သံရုံးက စီစဉ်တာ၊ CEC က တွေ့ရင်ဘာပြောမလဲဆိုတာလည်း တိုင်ပင်ပြီးသားရှိပါတယ်၊ ကျနော်တော့မသိဘူး၊ CEC ကလည်း သူတို့ မတွေ့ရသေးဘဲနဲ့တော့ ပြောမှာမဟုတ်ဘူး”ဟု ၎င်းက ဆိုသည်။

ယင်းအမေရိကန်အဆင့်မြင့် အရာရှိများသည် ဒေါ်အောင်ဆန်းစုကြည်နှင့်လည်း သီးခြားတွေ့ဆုံရန် အစီ အစဉ် ရှိသော်လည်း မည်သို့ တွေ့ဆုံမည်ကိုမူ မသိရှိရသေးကြောင်းလည်း ဦးဉာဏ်ဝင်းက ပြောသည်။

တခြားသော NLD အဖွဲ့ဝင် လူငယ်တဦး၏ ပြောပြချက်အရ ဒေါ်အောင်ဆန်းစုကြည်ကို ၎င်း၏ နေအိမ်တွင် တွေ့ဆုံရန် Mr. Kurt Campbell တို့အဖွဲ့က အာဏာပိုင်များကို တောင်းဆိုထားကြောင်း သိရသည်။

ယခုခရီးစဉ်တွင် Mr. Kurt Campbell အပြင် ဒု လက်ထောက် နိုင်ငံခြားရေး ၀န်ကြီး Scot Marciel နှင့် အခြားသော အရာရှိ ၂ ဦး ပါဝင်မည်ဖြစ်သည်ဟုလည်း NLD က ပြောဆိုသည်။

“ဒီခရီးစဉ်နဲ့ပတ်သက်လို့က ကျနော်တို့ အစကတည်းက ပေါ်လစီအသစ် ပြောင်းကတည်းက ကြိုဆိုထားတာ၊ အဲဒါကို ဆက်လက်အကောင်အထည်ဖော်တာ ၊ ဒါ ကျနော်တို့က ကြိုဆိုရမှာပဲ”ဟု ဦးဉာဏ်ဝင်းက ပြော သည်။

ဦးဉာဏ်ဝင်းက ဆက်လက်ပြီး ယခုခရီးစဉ်အရ ကြီးမားသော အပြောင်းအလဲများ ချက်ချင်းဖြစ်ပေါ်နိုင်မည်ဟု မျှော်လင့် မထားကြောင်းလည်း ဆိုသည်။

သို့သော် Mr. Kurt Campbell တို့ ခရီးစဉ်အား ဒေါ်အောင်ဆန်းစုကြည်က စိတ်ဝင်တစား စောင့်ကြည့်နေ သည်ဟု ပြီးခဲ့သည့် ကြာသပတေးနေ့က ၎င်းနှင့် တွေ့ဆုံရာတွင် ပြောဆိုကြောင်းလည်း ဦးဉာဏ်ဝင်းက ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်သည် မြန်မာနိုင်ငံ အမျိုးသားပြန်လည်ရင်ကြာစေ့ရေး လုပ်ငန်းစဉ်တွင် ပါဝင်နိုင်မည် ဖြစ်သည်ဟု မကြာသေးခင်က ကျင်းပသွားသည့် ၁၅ ကြိမ်မြောက် အာဆီယံ ထိပ်သီးညီလာခံတွင် ဗိုလ်ချုပ် ကြီး သိန်းစိန်က ပြောဆိုထားသည်။

အမေရိကန်အပါအ၀င် အနောက်နိုင်ငံများက ပြုလုပ်ထားသည့် အရေးယူပိတ်ဆို့မှုများ ရုပ်သိမ်းရေးနှင့် ပတ် သက်ပြီး စစ်အစိုးရနှင့် ပူးပေါင်းဆောင်ရွက်လိုကြောင်း ဒေါ်အောင်ဆန်းစုကြည်ကလည်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေ သို့ စာရေး၍ ကမ်းလှမ်းထားသည်။

ယင်း Mr. Kurt Campbell တို့ ခရီးစဉ်နှင့်ပတ်သက်ပြီး မကြာသေးမီက ပြန်လည်သုံးသပ်ခဲ့သည့် မြန်မာနိုင်ငံ ဆိုင်ရာ မူဝါဒ၏ အစိတ်အပိုင်းတခုဖြစ်ကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန လက်ထောက် ပြောရေး ဆိုခွင့်ရှိသူ ရောဘတ် ၀ု(ဒ်)(Robert Wood)က ယမန်နေ့တွင် ထုတ်ပြန်ပြောကြားခဲ့သည်။

ခရီးစဉ်အတွင်း အမေရိကန် အရာရှိများသည် ဒေါ်အောင်ဆန်းစုကြည်နှင့် အတိုက်အခံ နိုင်ငံရေးပါတီ အဖွဲ့ဝင်များ အပြင် တိုင်းရင်းသားအဖွဲ့ကိုယ်စားလှယ်များနှင့်လည်း တွေ့ဆုံနိုင်မည်ဟု မျှော်လင့်ကြောင်း လည်း ရောဘတ် ၀ု (ဒ်) က ပြောဆိုထားသည်။

Mr. Kurt Campbellသည် ပြီးခဲ့သည့် စက်တင်ဘာလကုန်ပိုင်းက အမေရိကန်၏ မြန်မာနိုင်ငံဆိုင်ရာ မူဝါဒ သစ်ထုတ်ပြန် ကြေညာပြီးနောက် မြန်မာ သိပ္ပံနှင့် နည်းပညာဝန်ကြီး ဦးသောင်းနှင့် နယူးယောက်မြို့ တွင် တွေ့ဆုံခဲ့သေးသည်။ ယင်းသို့တွေ့ဆုံရာတွင် အရေးယူပိတ်ဆို့မှု ရုပ်သိမ်းရေး၊ ၂၀၁၀ ရွေးကောက်ပွဲတွင် ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် အတိုက်အခံအင်အားစုများပါဝင်ခွင့် စသည်တို့နှင့်ပတ်သက်ပြီး ဆွေးနွေး ကြကြောင်း သိရှိရသည်။

ယခု မြန်မာနိုင်ငံခရီးစဉ်တွင် Mr. Kurt Campbellသည် ၀န်ကြီး ဦးသောင်းနှင့် တွေ့ဆုံနိုင်သော်လည်း စစ် အစိုးရ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေနှင့် တွေ့ဆုံရန်အလားအလာ မရှိပေ။

အမေရိကန်က မြန်မာနိုင်ငံအပေါ် ချမှတ်ထားသော ဒဏ်ခတ်အရေးယူပိတ်ဆို့မှုများကို ရုပ်သိမ်းခြင်းမပြုဘဲ စစ်အစိုးရနှင့် တိုက်ရိုက်ထိတွေ့ဆက်ဆံသွားမည် ဖြစ်ကြောင်း မူဝဒါသစ်ကို ပြီးခဲ့သည့် စက်တင်ဘာလ ၂၃  ရက်နေ့တွင် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မစ္စ ဟီလာရီ ကလင်တန်က ထုတ်ပြန်ပြောဆိုခဲ့သည်။

အဆိုပါအမေရိကန် အဆင်မြင့်အရာရှိများ၏ ခရီးစဉ်သည် ပြီးခဲ့သည့် ၁၀ စုနှစ် နောက်ပိုင်း ပထမဆုံး ခရီးစဉ် ဖြစ်သည်။

၁၉၉၅ ခုနှစ် စက်တင်ဘာလက အမေရိကန်နိုင်ငံခြားရေး ၀န်ကြီး မက်ဒလင်း အောဘရိုက်(Madeline Albright)သည် မြန်မာနိုင်ငံသို့ လာရောက်၍ စစ်အစိုးရ အပါအ၀င် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခဲ့ ဖူးသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်