ဖမ်းဆီးခံရသူများ သတင်း အစပျောက်နေ

E-mail Print
စစ်အစိုးရက ပြီးခဲ့သည့် အောက်တိုဘာ လအတွင်း ဖမ်းဆီးထားသူ စုစုပေါင်း ၄၁ ဦးရှိပြီ ဖြစ်သော်လည်း ၎င်းတို့နှင့် ပတ်သက်ပြီး မည်သည့် သတင်းမျှ မကြားသိရ သေးကြောင်း သိရသည်။

အောက်တိုဘာလအတွင်း၌ ရန်ကုန်အခြေစိုက် သတင်းဌာနများမှ သတင်းထောက် တချို့၊ လူမှုရေး လုပ်ငန်း တွင် အကူအညီပေးနေသော လင်းလက်ကြယ် အဖွဲ့ဝင်များနှင့် အနုပညာသမား တချို့ ဖမ်းဆီးခံထား ရပြီး တချို့မှာ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ထိုင်းနိုင်ငံအခြေစိုက် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့် ရှောက်ရေးအသင်း(AAPP) က ပြောသည်။

“သူတို့ကို ဘာကြောင့်ဖမ်းဆီးထားတယ်ဆိုတာ အတိအကျမသိရသေးဘူး၊ အခု ဖမ်းဆီးထားတဲ့ လူတွေက တဆင့် သတင်းအချက်အလက်နဲ့ နောက်ထပ် ၃၊၄ ယောက်ကို ဖမ်းဆီးတာ ရှိတယ်၊ တချို့လည်း ထွက်ပြေး နေရတယ်”ဟု AAPP တွဲဖက် အတွင်းရေးမှူး ကိုဘိုကြည်က ဧရာဝတီကို ပြောသည်။

AAPP နောက်ဆုံးစာရင်းအရ အဖမ်းအဆီးခံရသူများတွင် ကိုခန့်မင်းထက် (ကဗျာစာရာ)၊ ကိုပိုင်စိုးဦး (အလွတ်သတင်းထောက်) ၊ သန့်ဇင်စိုး (အယ်ဒီတာ) ကိုညီညီထွန်း (ခေါ်) မီးတုတ် (အယ်ဒီတာ)၊ ကိုမင်းစိတ္တ (တေးရေးဆရာ၊ကီးဘုတ်တီးခတ်သူ)၊ ကိုညီပိုင် (အဆိုတော်) တို့ပါဝင်ကြောင်းသိရသည်။

စာရေးဆရာ မောင်စိမ်းနီ၏သား ဖြစ်သူ ကဗျာ ဆရာ၊ ဒီဇိုင်းပညာရှင် ကိုငြိမ်းကျော်ကျော်ထွန်း (ခေါ်) ကိုခန့် မင်းထက်အား စစ်အစိုးရက ဖမ်းဆီးထားသည်မှာ ၂ ပတ်ခန့်ကြာပြီဖြစ်သော်လည်း မည်သည့် အကြောင်း တစုံမျှု စုံစမ်း၍ မရရှိသေးသဖြင့်မိသားစုဝင်များက စိုးရိမ်ပူပန်နေကြောင်း မိခင်ဖြစ်သူက ပြောသည်။

ကိုခန့်မင်းထက်၏ မိခင်ဖြစ်သူက“ဒီနေ့ ၁၄ ရက်ရှိပြီ၊ ဘာသတင်းမှ မရဘူး၊ နီးစပ်ရာကို မေးကြည့်တော့ နှစ်ရက်၊ သုံးရက်နေရင်ရမှာပါလို့ပဲသိရတယ်၊ အခုက ဘာအကျိုး အကြောင်းမှ မသိရဘူး၊ ရင်တွေလည်း ပူလှပါပြီ၊ သားလေးက တလကိုရက် ၂၀ လောက် ဖျားတတ်တယ်၊ အစာအိမ်လည်း ခဏခဏအောင့် တတ် တယ်၊ သွေးပေါင်လည်း ကျတတ်တယ်၊ သူ့အတွက်ကို တွေးမိရင် တော်တော်စိတ်ဒုက္ခဖြစ်ရတယ်” ဟု ဧရာဝတီကို ပြောသည်။

ပြီးခဲ့သည့် အောက်တိုဘာ၂၂ ရက်နေ့၊ ည ၁၀ နာရီကျော်တွင် သူ၏ နေအိမ်၌ သက်ဆိုင်ရာ အာဏာပိုင်များ က ဝင်ရောက်ရှာဖွေကာ ခေတ္တမေးမြန်းပြီးလျှင် ပြန်ပို့မည်ဟုဆိုပြီး ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ကိုခန့်မင်းထက် ၏ မိခင်က ပြောပြသည်။

“သူကအိမ်ကို ၁၀ နာရီ ၁၅ လောက်မှ အလုပ်က ပြန်ရောက်တယ်၊ နောက် ၅ မိနစ် လောက်ကြာတော့ ရယက ဥက္ကဋ္ဌပါတယ်၊ SB က ၄ ယောက် ၊ ရဲစခန်း ဒု ရဲအုပ်ရယ်လာတယ်၊ အိမ်ကိုမွှေသွားတယ်၊ သားလေး က လည်း လန့်သွားတယ်၊ တခါမှလည်း ဒီလို အတွေ့အကြုံမရှိတော့လေ” ဟု မိခင်က ပြောသည်။

ကိုခန့်မင်းထက်သည် အလင်္ကာဝတ်ရည်ဂျာနယ်တွင် အလုပ်လုပ်ကိုင်နေသူဖြစ်သည်။ ပြီးခဲ့သည့် အောက် တိုဘာ ၂၅ ရက်နေ့ နေခင်းပိုင်းတွင် အာဏာပိုင်များက ထိုဂျာနယ်တိုက်သို့ ကိုခန့်မင်းထက်နှင့်အတူ သွားရောက်ပြီး သူအသုံးပြုသည့် ကွန်ပျူတာကို သိမ်းဆည်းသွားကြောင်းသိရသည်။

ပြီးခဲ့သည့် အောက်တိုဘာလအတွင်း နိုင်ငံရေးမှုဖြင့် ထောင်ဒဏ်ချမှတ်ခံရသူ အနည်းဆုံး ၂၁ ဦး ရှိကြောင်း နှင့် စစ်အစိုးရဖမ်းဆီးထားသည့် နိုင်ငံရေးအကျဉ်းသား စုစုပေါင်း ၂၁၆၈ ဦး ရှိကြောင်း AAPP ထုတ်ပြန်ချက် အရ သိရသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်