တိုင်းရင်းသားနှင့် NLD ကိုယ်စားလှယ်များ အမေရိကန်အဖွဲ့နှင့် တွေ့ဆုံ

E-mail Print
အမေရိကန် ကိုယ်စားလှယ် အဖွဲ့က တိုင်းရင်းသား ခေါင်းဆောင်များနှင့် တွေ့ဆုံခြင်းသည် ကောင်းမွန်သည်ဟု ဒေါ်အောင်ဆန်းစုကြည်က မှတ်ချက်ပေးကြောင်း ယင်းအဖွဲ့နှင့် တွေဆုံခဲ့ သည့် တိုင်းရင်းသား ခေါင်းဆောင်က ဧရာဝတီသို့ ပြောသည်။

ယနေ့ ညနေ ၂နာရီမှ ၃နာရီခွဲ အထိ တိုင်းရင်းသားခေါင်းဆောင်များနှင့် တွေ့ဆုံခဲ့ရာတွင် အမေရိကန် ကိုယ်စားလှယ်များက ယင်းကဲ့သို့ ပြောကြောင်း ရခိုင်အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အတွင်းရေးမှူး ဦးအေးသာအောင်က ဆိုသည်။

ဦးအေးသာအောင်က “အခု လာတဲ့ခရီးစဉ်ကို ယေဘုယျအနေနဲ့တော့ ကြိုဆိုတယ်ပေါ့၊ ဒါပေမယ့် အမေရိကန်နဲ့ နအဖ၊ အမေရိကန်နဲ့ NLD၊ တိုင်းရင်းသားတွေ့ရုံနဲ့ မပြီးတဲ့အကြောင်း တကယ်တော့ နအဖအနေနဲ့ NLD အပါအ၀င် တိုင်းရင်းသားများနဲ့ တွေ့ရေးဟာ အဓိကကျတဲ့ အကြောင်း တွေ့ဖြစ်အောင် ကိုယ်စားလှယ်များ အနေနဲ့ နအဖကို တွန်းတွန်းတိုက်တိုက် ပြောဆို ဆွဲဆောင်ဖို့ ကျနော်တို့က ပြောတယ်” ဟုဆိုသည်။

အမေရိကန်အနေဖြင့် တရုတ်လွှမ်းမိုးမှု၊ မြောက်ကိုရီးယား အရေးကိစ္စတွေကို အဓိကမထားဘဲ ပြည်တွင်းတွင် ဆုံးရှုံးနေသော ဒီမိုကရေစီ လူ့အခွင့်အရေး၊ တိုင်းရင်းသား အခွင့်အရေးများ ပိုမို ကောင်းမွန်စေလိုပါက ပြည်တွင်း ရှိ အင်အားစုများ တွေ့ဆုံဆွေးနွေးရေးကို တွန်းတွန်းတိုက်တိုက် လုပ်ရန် အတွက် အဓိကထား ဆွေးနွေးသင့် ကြောင်း ပြောရာ ယင်းကိုယ်စားလှယ်များက ထောက်ခံကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်၊  တိုင်းရင်းသား ခေါင်းဆောင်များ၊ NLDတို့နှင့် တွေ့ဆုံခဲ့ပြီး နောင်ရှေ့ဆက်သွားရမည့် အခြေအနေကို  ဆုံးဖြတ်ရမည် ဖြစ်ကြောင်း ယင်းကိုယ်စားလှယ်များက အကြောင်းပြန်သည်ဟု ၎င်းကဆိုသည်။

“အနောက်နိုင်ငံတချို့က ၂၀၁၀ ရွေးကောက်ပွဲကို လွတ်လပ်ပြီးတရားမျှတရုံနဲ့ လက်ခံမယ့် သဘောထား ရှိပေမယ့်လည်း ပြည်တွင်းက နိုင်ငံရေးပါတီများ အနေနဲ့ ရွေးကောက်ပွဲကို လွတ်လပ် တရားမျှတရုံနဲ့ လက်ခံမှာ မဟုတ်ဘဲ ၂၀၀၈ ဖွဲ့စည်းပုံကို ပြင်ဆင်မှသာလျှင် တိုင်းပြည်နဲ့ ပြည်သူများ အတွက် အကျိုးရှိမယ်လို့ ပြောတယ်” ဟု ဦးအေးသာအောင်က ဆိုသည်။

ယင်းသို့ တွေ့ဆုံရာတွင် အခြားတိုင်းရင်းသားခေါင်းဆောင်များ ဖြစ်သည့် နိုင်ထွန်းသိန်း၊ ဦးပူကျင့်ရှင်းထန်၊ စိုင်းစောအောင်၊ ဦးရွှေအုန်း အပါအ၀င် တိုင်းရင်းသားကိုယ်စားလှယ် ၈ဦး ပါဝင်ကြောင်း သိရသည်။

အဆိုပါ အမေရိကန် ကိုယ်စားလှယ်အဖွဲ့သည် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်(NLD) ခေါင်းဆောင်များနှင့်လည်း NLD ဌာနချုပ်ရုံးခန်းတွင် ညနေ ၃း၃၀နာရီမှ စတင်၍ ၁ နာရီကျော်ကြာ တွေ့ဆုံခဲ့သည်။

NLD ပြန်ကြားရေးအဖွဲဝင် ဦးအုန်းကြိုင်က“ဆွေးနွေးတာကတော့ အောက်လွှတ်တော်မှာ မစ္စတာ ကာ့တ် ကမ်းဘဲလ် ထွက်ဆိုထားတဲ့ မြန်မာနိုင်ငံ ဒီမိုကရေစီရေးနဲ့ပတ်သက်တဲ့ သူရဲ့ အမြင်တွေကို ရှင်းပြပါတယ်၊ ကျနော်တို့ဘက်ကတော့ ဖွဲ့စည်းပုံဆိုင်ရာ ရပ်တည်ချက်၊ နိုင်ငံရေး အကျဉ်းသားလွှတ်ရေးပေါ့ဗျာ၊ ရွေးကောက်ပွဲ အပေါ်မှာ သဘောထား၊ ၁၉၉၀ ရွေးကောက် အပေါ်မှာ ကျနော်တို့ ထားရှိနေတဲ့ ရပ်တည်ချက်နဲ့ ဖြစ်စေချင်တဲ့ ဆန္ဒ၊ နောက်လူ့အခွင့်အရေးကိစ္စ၊ လူသားချင်းစာနာထောက်ထားတဲ့ အကူအညီ ပေးရေး အဲဒါတွေ ဆွေးနွေးပါတယ်” ဟု ဆိုသည်။

၂၀၁၀ ရွေးကောက်ပွဲ မကျင်းပမီ ၂၀၀၈ အခြေခံ ဥပဒေပြင်ဆင်ရေးနှင့် ပတ်သက်၍ ဆွေးနွေးခဲ့ကြောင်း၊ အမေရိကန် ကိုယ်စားလှယ်များက ယင်းရပ်တည်ချက်များကို မှတ်သားသွားမည်ဖြစ်ကြောင်း၊ ၀န်ကြီးချုပ် ဗိုလ်ချုပ်ကြီးသိန်းစိန်၊ ဒေါ်အောင်ဆန်းစုကြည်တို့နှင့် တွေ့ဆုံခဲ့သည့် အကြောင်း ပြန်ပြောသည်ဟု၎င်း ကဆိုသည်။

“ဒေါ်အောင်ဆန်းစုကြည်က NLD ဗဟိုအလုပ်အမှုဆောင်များနဲ့ အခုအချိန်အထိ တွေ့ခွင်မရတဲ့အတွက် CECများကို နှုတ်ဆက်ကြောင်း မစ္စတာ ကာ့တ် ကမ်းဘဲလ်ကနေတဆင့် ပြောလိုက်ပါတယ်” ဟု ဦးအုန်းကြိုင်က လည်းဆိုသည်။

အမေရိကန်ကိုယ်စားလှယ် အဖွဲ့နှင့် တွေ့ဆုံခဲ့သော NLD ခေါင်းဆောင်များမှာ ဦးသန်းထွန်း၊ ဦးညွန့်ဝေ၊ ဦးလှဖေ၊ ဦးခင်မောင်ဆွေ၊ ဦးဝင်းတင်၊ ဦးစိုးမြင့်တို့ ဖြစ်ကြောင်း NLDကထုတ်ပြန်သည့် ကြေညာချက်တွင် ပါရှိသည်။

NLD ဥက္ကဋ္ဌ ဦးအောင်ရွှေ၊ ဦးလွင် နှင့် ဦးလွန်းတင်တို့သည် ကျန်းမာရေး ချို့တဲ့နေသဖြင့် ဆွေးနွေးပွဲ တက်ရောက်မည် မဟုတ်ကြောင်း သိရသည်။

ဦးဝင်းတင်၊ ဦးခင်မောင်ဆွေတို့ကို အမေရိကန် ကိုယ်စားလှယ်များ ဖြင့် တွေ့ဆုံရန် အစိုးရတာဝန်ရှိသူများက ကန်ကွက်သော်လည်း NLDက လက်မခံကြောင်း သိရသည်။

ယနေ့တွင် NLD ရုံးချုပ်အနီး၌ လုံခြုံရေး တင်းကျပ်စွာ ချထားပြီး အမေရိကန်ကိုယ်စားလှယ်များ လာရောက်သည့် အချိန်တွင် SB များက NLDရုံးအတွင်းအထိ ၀င်ရောက်ခဲ့သော်လည်း ဆွေးနွေးသည့် အပေါ်ထပ်သို့ တက်ရောက်ခဲ့ခြင်း မရှိကြောင်း NLDနှင့် နီးစပ်သည့် အသိုင်း အ၀န်းက ဆိုသည်။

အမေရိကန်အဖွဲ့တွင် အရှေ့အာရှနှင့် ပစိဖိတ်ရေးရာ လက်ထောက် နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ကာ့တ် ကမ်းဘဲလ်က ဦးဆောင်ပြီး အာဆီယံရေးရာ သံအမတ် မစ္စတာ စကော့မာရှယ်တို့အပြင် တခြား အရာရှိ ၂ ဦး ပါဝင်ကြောင်း သိရသည်။

အမေရိကန် အဆင်မြင့်အရာရှိများ၏ မြန်မာပြည် ခရီးစဉ်သည် ပြီးခဲ့သည့် ၁၀ စုနှစ် နောက်ပိုင်း ပထမဆုံး ခရီးစဉ် ဖြစ်သည်။

၁၉၉၅ ခုနှစ် စက်တင်ဘာလက ကုလသမ္မဂ အမေရိကန် သံတမန် မက်ဒလင်း အောဘရိုက်(Madeline Albright) သည် မြန်မာနိုင်ငံသို့ လာရောက်၍ စစ်အစိုးရ ခေါင်းဆောင်တချို့ နှင့် ဒေါ်အောင်ဆန်းစုကြည်ကို တွေဆုံခဲ့သည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်