စာရေးဆရာ အီကြာကွေး ကွယ်လွန်

E-mail Print
နာမည်ကျော် ကဗျာ၊ သရော်စာနှင့် ဟာသ စာရေးဆရာ အီကြာကွေးသည် ယမန်နေ့ ညနေ ၆ နာရီခန့်တွင် ရန်ကုန်ဆေးရုံကြီး၌ ကွယ်လွန် ခဲ့ကြောင်း သိရသည်။ ကွယ်လွန်ချိန်တွင် အသက် ၇၂ နှစ် ဖြစ်သည်။

ဆရာ အီကြာကွေး၏ လူနေမှု ဘဝတစိတ်တပိုင်းကို စာရေးဆရာ မင်းလူက “ သူက လောဘမရှိဘူး၊ မာန်မာန မရှိဘူး၊ လူငယ် တွေနဲ့ ရောရော၊ နှောနှော ပေါင်းသင်းလို့ရတယ်၊ ဘဝကို ပျော်ပျော်ပါးပါး၊ လွတ်လွတ်လပ်လပ်၊ ပေါ့ပေါ့ပါးပါး ဖြတ်သန်းသွားချင် တယ်၊ သိပ်လေးနက်တဲ့ အကြောင်းအရာတွေကို သူမလုပ်ချင်ဘူး” ဟု ဧရာဝတီကိုပြောသည်။

“ဆရာကွေးရဲ့ သရော်စာတွေမှာ အငြိုးအတေးနဲ့ ပုဂ္ဂိုလ်ရေး ထိခိုက်တာမျိုးမပါဘူး၊ သူ့ရဲ့ သရော်စာတွေက ရိုးသားတယ်၊ ထူးခြားတဲ့ အချက်က တကယ်လေးနက်ပါတယ်ဆိုတဲ့ နိုင်ငံရေး အကြောင်းအရာ၊ တခြား တွေးခေါ်ပိုင်းဆိုင်ရာတွေ အားလုံးကို သူအကုန်သိတယ်၊ ဒါပေမယ့် သူကိုယ့်သူ ပညာတတ်ကြီးလို မနေခဲ့ဘူး”ဟု ၎င်းက ဆိုသည်။

ဆရာမင်းလူက ဆက်လက်ပြီး “ ဆရာကွေးကိုပြောရင် အများကြီးဗျ၊ သင်္ကြန်ခေတ်ကောင်းခဲ့တဲ့ တလျောက်လုံးမှာ သင်္ကြန်သံချပ် တော်တော် များများ ရေးခဲ့တယ်၊ သင်္ကြန်လှည့်ကားမှာလည်း သူက လိုက်တယ်၊ သင်္ကြန်ပိုးလည်းရှိတယ်”ဟု ပြောသည်။

ဆရာ အီကြာကွေးကို ၁၉၃၈ ခုနှစ် မတ်လ ၄ ရက်၊ တနင်္လာနေ့တွင် ဓနုဖြူမြို့ မင်းပိုင်ရပ်၌ အဘ ဦးမောင်နှစ်နှင့် အမိဒေါ်ညွှန့်မေ တို့က ဖွေးဖွားခဲ့သော တဦးတည်းသောသားဖြစ်သည်။ အမည်ရင်းမှာ ဦးကျော်ထွန်းဖြစ်ပြီး မူလ ကဗျာ ကလောင် အမည်မှာ ဓနုဖြူ ကျော်ထွန်းဖြစ်သည်။

၎င်းသည် သရော်စာ၊ ဟာသ ရေးရာမှ ဟာသ စာရေးဆရာ အီကြာကွေးအဖြစ် လူသိများလာသည်။ သက်တမ်းတလျှောက် စာရေးခြင်းဖြင့် အသက်မွေးဝမ်းကျောင်းပြုခဲ့သည်။ သူသည် စာရေးဆရာကြယ်နီ၏ တပည့်တဦးဖြစ်ကြောင်းသိရသည်။

ဓနုဖြူကျော်ထွန်း အမည်ဖြင့် ကဗျာပုဒ်ရေ ၁၂၀၀ ကျော်၊ မဂ္ဂဇင်း ဝတ္ထုတို ၈၀ ကျော်၊ မဂ္ဂဇင်းဝတ္ထုရှည် ၃ ပုဒ်နှင့် “ပီမိုးနင်း၏ ဝတ္ထုတို အတတ်ပညာ” စာပေဆိုင်ရာ ကျမ်းတစောင်ကိုလည်း ရေးသားခဲ့သူဖြစ်ကြောင်း ၂၀ ရာစု မြန်မာစာရေး ဆရာများနှင့် စာစုစာရင်း စာအုပ်တွင် ဖော်ပြထားသည်။ 

ဆရာ အီကြာကွေး၏ စာဖတ်ပရိသတ်တဦးဖြစ်သူ လူငယ် ကဗျာဆရာ ဏီအဲဝိုင် က “ဆရာကြီးရဲ့ “တိုက်ပွဲပျော်” ဆိုတဲ့ ကဗျာဟာ ကျနော်တို့ လူငယ်တွေ အတွက် အများကြီး စိတ်ဓာတ်ခွန်အား ဖြစ်စေပါတယ်” ဟု ပြောပြသည်။

“အနှစ်တထောင် အီကြာကွေးလို့ သူ့ကိုယ့်သူ ဆိုခဲ့ပေမယ့်လည်း အခုလို နှစ်တရာမပြည့်ခင်မှာ ဆုံးပါးသွားတဲ့ အတွက် နှမြောမိ ပါတယ်၊  ဆရာကြီးရဲ့ ကဗျာတွေ၊ ဟာသ ဉာဏ်ရွှင်တဲ့ အရေးအသားတွေ ရှေ့ဆက် မတွေ့ရတော့ဘူးဆိုတော့ စာပေ လောက အတွက်လည်း ဆုံးရှုံးမှုကြီးဖြစ်ပါတယ်”ဟုလည်း ဏီအဲဝိုင် က ပြောသည်။

ဆရာအီကြာကွေးသည် လမ်းညွှန်နည်းပြ သင့်ဘဝ မဂ္ဂဇင်းတွင် ကဗျာအယ်ဒီတာအဖြစ် နှစ်ပေါင်းသုံးဆယ်ကျော်ဆောင်ရွက်ခဲ့ပြီး လူငယ်ကဗျာရှင် ပေါင်းများစွာကို စင်တင်ပေးခဲ့သည်။ သောကြာစာစောင်၏ အယ်ဒီတာချုပ် အဖြစ်လည်း ဆောင်ရွက်ခဲ့သည်။

ဓနုဖြူ အစိုးရအထက်တန်းကျောင်းတွင် တက္ကသိုလ်ဝင်တန်းအထိ ပညာသင်ကြားခဲ့သည်။ ၁၉၅၄ ခုနှစ်၊ ဇန်နဝါရီလ ၉ ရက်နေ့ ထုတ် ဟံသာဝတီသတင်းစာ မဂ္ဂဇင်းတွင် “ချစ်တိုင်းပြည်” ကဗျာဖြင့် စာပေလောကထဲသို့ ဝင်ရောက်လာခဲ့သည်။

၁၉၅၅ ခုနှစ်တွင် ဓနုဖြူစာပေ ဝါသနာရှင်များအသင်းကို ဖွဲ့စည်းကာ စာပေတာဝန်မှူး တာဝန်ယူခဲ့ပြီး ၁၉၅၈ ခုနှစ်တွင် ၎င်းစာပေ အသင်းကို တိုးချဲ့ကာ ဥက္ကဋ္ဌ တာဝန်အဖြစ်ဆောင်ရွက်ခဲ့သည်။ အသင်းစာကြည့်တိုက်နှင့် စာဆိုတော်နေ့ စာပေဟောပြောပွဲများကို ဓနုဖြူတွင် ၁၉၆၃ ခုနှစ်အထိ ပြုလုပ်ခဲ့ကြောင်းသိရသည်။ 

၁၉၅၇ ခုနှစ်တွင် အီကြာကွေးအမည်ဖြင့် သရော်စာ၊ဟာသ များရေးသားခဲ့ပြီးသည့်နောက်ပိုင်း ဟာသ စာရေးဆရာ အီကြာကွေး အဖြင့် နိုင်ငံကျော်ခဲ့သည်။ သူ၏ လုံးချင်း ၂၇ အုပ်ရေးသား၊ ထုတ်ဝေခဲ့ပြီး ဟာသမဟုတ်သော “မျက်စိအောက်က ဇရာ” နှင့် “ငုတ်တုတ်ထင်ရှားရေးဖော်များ” စသည့် စာအုပ်များမှာ ထင်ရှားသည်။ အီကြာကွေး အမည်ဖြင့် ရေးခဲ့သော“နောင်တခါ မေးရင် ဖြေလိုက်မယ်” ဝတ္ထုတိုကို ရုရှဘာသာသို့ ပြန်ဆိုခြင်း ခံခဲ့ရသည်။

ရွှေမန်းသဘင်တွင် ရှေ့ပိုင်းပြဇာတ် ဒါရိုက်တာအဖြစ် “ ပုတီး တစ်လုံး ဂျောက်ခနဲ”၊ “မျက်လုံးများပင်မြင်ပါပြီ”နှင့်“အဆိပ်တောမှ ပြန်ခဲ့ပါ” အမည်ရှိ ရှေ့ပိုင်းပြဇာတ်များကိုလည်းရေးသားခဲ့သည်။

လက်ရှိ ဆရာ အီကြာကွေး၏ နာရေးနှင့်ပတ်သက်ပြီး နာရေးကူညီမှုအသင်း က တာဝန်ယူထားသည်။ သူ၏ ကြွင်းကျန်ရစ်သော  ရုပ်ကလာပ်ကို လာမည့် ဒီဇင်ဘာ ၁၇ ရက်နေ့ ကြာသပတေးနေ့ နေ့လယ်ပိုင်းတွင် ရန်ကုန်ဆေးရုံးကြီး ရေခဲတိုက်မှ တဆင့် ရေဝေး သုသာန်သို့ သယ်ဆောင်ကာ မီးသင်္ဂြိုဟ်မည်ဖြစ်ကြောင်း နာရေးကူညီမှုအသင်းမှ ဦးကျော်သူက ပြောသည်။

ဆရာ အီကြာကွေး မကွယ်လွန်မီက ရန်ကုန်မြို့ တောင်ဥက္ကလာပမြို့နယ်၊ ၁၂ ရပ်ကွက်၊ မင်္ဂလာလမ်းရှိ သူ၏နေအိမ်တွင် ဆွေမျိုးမရှိ၊ တပည့် တချို့နှင့် နေထိုင်ခဲ့သည်။ ယင်းနေအိမ်ကို မကွယ်လွန်မီကတည်းက လှူဒါန်းခဲ့ပြီးဖြစ်ကြောင်းသိရသည်။ကွယ်လွန်ချိန်အထိ လူပျိုဘဝဖြင့် နေထိုင်ခဲ့သည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်