ထိုင်းလူမျိုးများ မြန်မာပြည်သွားရန် ပိုမိုစိတ်ဝင်စားလာ

E-mail Print
မြန်မာနိုင်ငံသို့ ထိုင်းလူမျိုးများ ခရီးသွားရန် ပိုမိုစိတ်ဝင်စားလာ သောကြောင့် အဲပုဂံ (Air Bagan) လေကြောင်းလိုင်း အနေဖြင့် ရန်ကုန်-ချင်းမိုင် ခရီးစဉ်ကို ပြေးဆွဲရန် စီစဉ်ခြင်းဖြစ်သည်ဟု အဲပုဂံလေကြောင်းမှ တာဝန်ရှိသူတဦးက ပြောသည်။

သို့သော် ခရီးသည် အများအပြား ရနိုင်သော လာမည့် ၂၀၁၀ ဇန်န၀ါရီလ ၇ ရက်နေ့မှ ဧပြီလ ၂၉ ရက်နေ့ အထိသာ ပြေးဆွဲမည် ဖြစ်သည်ဟု ချင်းမိုင်မြို့ Rati Lanna Riverside Spa Resort ဟိုတယ် သတင်းစာ ရှင်းလင်းပွဲ၌ အဲပုဂံ တာဝန်ရှိသူ တဦးဖြစ်သည့် မမြတ်မြတ်ထွန်းက ယခုကဲ့သို့ ပြောကြားသည်။

“အရင်နှစ်တွေထက် ထိုင်းတွေက မြန်မာပြည်ကိုဝင်တဲ့နှုန်းများလာတာကို ကြည့်ခြင်းအားဖြင့် ထိုင်းတွေက ကျမတို့ မြန်မာပြည် ကိုလာဖို့ စိတ်ဝင်စားတဲ့ အတွက်ကြောင့်လည်း ထိုင်းခရီးသွားဝန်ဆောင်မှု လုပ်ငန်းတခုကနေတဆင့် ဒီလိုလုပ်ဖြစ်သွားတယ်။ ထိုင်းနိုင်ငံသားတွေက မြန်မာပြည်ဘက်ကို အရမ်းသွားလာချင်တဲ့ လူတွေ တော်တော်များတယ်ဆိုတာ တွေ့ရပါတယ်”ဟု ၎င်းက ဆိုသည်။ 

၂၀၀၉ ခုနှစ် အတွင်း၌ မြန်မာနိုင်ငံသို့ သွားရောက်လည်ပတ်ခဲ့သူ အများစုသည် စာရင်းအရ ထိုင်းနိုင်ငံသားများဖြစ်ပြီး လာမည့် နှစ်တွင်လည်း လာရောက်သူများလာနိုင်သည်ဟု မျှော်လင့်ထားကြောင်း မမြတ်မြတ်ထွန်းက ပြောသည်။    

တပတ်လျှင် ၂ ကြိမ်နှုန်းဖြင့် လူဦးရေ ၁၀၅ သို့မဟုတ် ၉၇ ဦး စီးနိုင်သည့် Fokker 100 လေယာဉ်အမျိုးအစားတို့ကို သုံးပြီး   ကြာသပတေးနှင့် တနင်္ဂနွေနေ့တို့တွင် ပြေးဆွဲရန် စီစဉ်ထားသည်ဟု ဆိုသည်။

ယခုနှစ် ခရီးသွားရာသီတွင် မြန်မာနိုင်ငံသို့ လာရောက်သည့် နိုင်ငံခြားသား ခရီးသွားအရေအတွက်မှာ ပြီးခဲ့သည့် နှစ်ထက် ၃၀ ရာ ခိုင်နှုန်း ပိုမိုမြင့်မားလာကြောင်း မြန်မာ ဟိုတယ်နှင့် ခရီးသွားလာရေး ၀န်ကြီးဌာန (ဟိုတယ်/ခရီး) မှ စုံစမ်းသိရှိရသည်။

မြန်မာနိုင်ငံသို့ နိုင်ငံခြားသားခရီးသည်များ ၀င်ရောက်မှုသည် ပြီးခဲ့သည့် နှစ်တွင် နှစ်သိန်းခြောက်သောင်းကျော် ၀င်ရောက် ခဲ့ပြီး ယခုနှစ်တွင် ခရီးသည်ပေါင်း ၁သန်းခန့် ၀င်ရောက်ရန် ခန့်မှန်းထားသည်ဟု မြန်မာဟိုတယ်နှင့် ခရီးသွားလာရေး ၀န်ကြီးဌာနမှ ထုတ်ပြန်ထားသည့် အစီအရင်ခံစာများက ဆိုသည်။ 

မြန်မာနိုင်ငံသို့ လာရောက်သည့် ခရီးသွားများသည် ဥရောပတိုက်မှ ဂျာမနီ နှင့် ပြင်သစ်နိုင်ငံတို့မှဖြစ်ပြီး အာရှတိုက်တွင် ထိုင်းနှင့် တရုတ်နိုင်ငံတို့မှ ပိုမိုလာရောက်ကြကြောင်း၊ ခရီးသွားဝင်ရောက်မှု ရာခိုင်နှုန်းမှာ လေကြောင်းခရီးသွားများထက်စာလျှင် နယ်စပ်မြို့ များမှ ၀င်ရောက်မှုမှာ ပိုမိုများပြားကြောင်းသိရသည်။ 

သတင်းစာ ရှင်းလင်းပွဲတွင် ရန်ကုန်မြို့ရှိ ရွှေတိဂုံစေတီတော်၊ မန္တလေးမြို့၊ ရှမ်းပြည်နယ်ရှိ အင်းလေးကန်၊ ပုဂံ ညောင်ဦး စသဖြင့် ခရီးသွားများအတွက် စိတ်ဝင်စားသည့် နေရာများကိုလည်း ပရိုဂျက်တာများဖြင့် ပြသ၍ ထိုင်းလူမျိုး ၈၀ ခန့် တက်ရောက်ခဲ့သည်။

အခမ်းအနား တက်ရောက်သူ ထိုင်းအမျိုးသမီး Pirajchaya Pornrungwong က“မြန်မာနိုင်ငံမှာ သွားလည်ဖို့ အတွက် စိတ်ဝင်စား တဲ့ နေရာတွေ အများကြီးရှိပါတယ်၊ ဒါပေမယ့် အရင်တုန်းကတော့ မြန်မာနိုင်ငံကို သွားရင် အဖမ်းခံရမယ် ဘာညာ ပြောတော့ အရမ်းကြောက်တယ်၊ ဒီနေ့ ကြားရတော့ ကြောက်စရာ မရှိပါဘူး”ဟု ဧရာဝတီသို့ ပြောသည်။ 

ထိုင်းအမျိုးသား တဦးကလည်း“မြန်မာနိုင်ငံမှာလည်း ချင်းမိုင်မြို့မှာ ရှိတဲ့ အနုပညာလက်ရာတွေနဲ့ အများကြီးတူတာတွေရှိတယ်၊   စိတ်လည်းဝင်စားပါတယ်၊ အခွင့်အရေးရတဲ့အခါ သွားလည်မယ်”ဟု ဆိုသည်။

မြန်မာနိုင်ငံမှ ချင်းမိုင်သို့ လာရောက်သူများထဲတွင် အလည်အပတ် ခရီးထွက်သူများ၊ စီးပွားရေးသမားများ၊ ကျောင်းသူကျောင်း သားများ၊ ရဟန်းသံဃာများ ပါဝင်သည်။ ယခုအခါ ချင်းမိုင်သို့ လာရောက်လိုသည့် မြန်မာခရီးသည်များသည် ဘန်ကောက်သို့ ဦးစွာ သွားရောက်ရသဖြင့် အချိန်နှင့် ငွေကြေး ပိုမိုသုံးစွဲနေရသည်။

“မြန်မာနိုင်ငံက ဒေသခံတွေက မိသားစု အဖွဲ့လိုက် အရမ်းကို ခရီးသွားကြတယ်၊ အခုလိုများလာတဲ့အတွက်ကြောင့် ၄ လ အစီ အစဉ် မဟုတ်ပေမယ့် ကျောင်းပိတ်တဲ့ ရာသီတွေရှိတဲ့အချိန်မှာ မြန်မာနိုင်ငံကနေ မိသားစုအလိုက် ထွက်လည်တဲ့ နှုန်းက ဒီနှစ်  ပိုင်းမှာ အရမ်းတိုးလာတဲ့ အတွက်ကြောင့် ဒီချင်းမိုင်မှာ ပြေးဆွဲမယ့် အစီအစဉ်မှာလည်း ဒါမျိုးတွေ ရှိလာလိမ့်မယ်လို့ စီစဉ်ထားပါ တယ်”ဟု မမြတ်မြတ်ထွန်းက ရှင်းပြသည်။

ယခင်ကလည်း ချင်းမိုင်မြို့သို့ အပြည်ပြည်ဆိုင်ရာ မြန်မာ့ လေကြောင်း (Myanmar Airways International -MAI)၊ အဲမန္တလေး (Air Mandalay) စသည့် ပုဂ္ဂလိက လေကြောင်းလိုင်းများ ပြေးဆွဲခဲ့ဖူးသည်။ အဲမန္တလေးက ၂၀၀၈ ခုနှစ် စက်တင်ဘာလတွင် ရန်ကုန်-ချင်းမိုင် ခရီးစဉ်ကို ရပ်နားခဲ့သည်။

“မြန်မာနိုင်ငံသားတွေ လည်မယ့်နေရာ တခုတိုးလာတဲ့ အတွက်ကြောင့် ဒီမြန်မာနိုင်ငံသားတွေက ဘန်ကောက်တို့ စင်္ကာပူတို့ အခါ ခါရောက်ဖူးတဲ့ ဧည့်သည်တွေက ဘာပဲပြောပြော သူတို့က ချင်းမိုင်ဘက်ကို လှည့်လာလိမ့်မယ်လို့မျှော်လင့်ပါတယ်”ဟု မမြတ်မြတ် ထွန်း က ပြောသည်။ 

ချင်းမိုင်(ခေါ်) ဇင်းမယ်မြို့သည် ထိုင်းနိုင်ငံ၏ ဒုတိယမြို့တော်ဖြစ်သည်။ ကမ္ဘာလှည့်ခရီးသွားလုပ်ငန်း ထွန်းကားသောမြို့လည်း ဖြစ်သည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်