တရုတ် ဒုသမ္မတနှင့် ဗိုလ်ချုပ်ကြီးများ တွေ့မည်

E-mail Print
မနက်ဖြန်တွင် စတင်မည့် တရုတ်နိုင်ငံ ဒုတိယသမ္မတ မစ္စတာရှီကျင့်ဖျင် (Xi Jinping) ၏ မြန်မာပြည် ခရီးစဉ်အတွင်း ဗိုလ်ချုပ်ကြီးများနှင့် တွေ့ဆုံရာတွင် လက်နက်ကိုင်အဖွဲ့ အများအပြားရှိသည့် တရုတ် မြန်မာ နယ်စပ်အရေး နှင့် နှစ်နိုင်ငံ သွယ်တန်းနေသည့် ဓာတ်ငွေ့ပိုက်လိုင်း အရေးတို့ကို ဆွေးနွေးလိမ့်မည်ဟု နိုင်ငံရေးအကဲခတ်များက ခန့်မှန်းနေကြသည်။

ယခင်က တရုတ်ပြည်သည် ကွန်မြူနစ်စနစ်ကိုသာ ဦးစားပေးခဲ့သည့် အတွက် အိမ်နီးချင်း မြန်မာနိုင်ငံနှင့် ဆက်ဆံရေး ဆိုးရွားခဲ့ကြောင်း၊ လက်ရှိ တရုတ်နိုင်ငံ၏ နိုင်ငံတကာဆက်ဆံရေးသည် စစ်အေးခေတ် နိုင်ငံတကာ ဆက်ဆံရေးနှင့် မတူတော့ကြောင်း ၀ါရင့်နိုင်ငံရေး သမားကြီး သခင်ချန်ထွန်းက သုံးသပ်လိုက်သည်။

“အရင်တုန်းက နယ်စပ်တိုက်ပွဲတွေမှာ တရုတ်လက်ရာတွေချည်းပဲ ၊ အခုတော့ ကိုးကန့်ကိစ္စတောင် တရုတ်က သိပ်ပြီးပါတော့တာမှ မဟုတ်တာ၊ စီးပွားရေး အကျိုးအမြတ် ရှိတယ်လေ” ဟု သခင်ချန်ထွန်းက ဧရာဝတီသို့ ပြောပြသည်။ ယနေ့ခေတ် တရုတ်နိုင်ငံသည် စီးပွားရေး ဦးစားပေးသော နိုင်ငံ ဖြစ်လာပြီဟု  သူက ဆိုသည်။

တရုတ် ဒုသမ္မတ ၏ ခရီးစဉ်နှင့်ပတ်သက်ပြီး ဟောင်ကောင်တက္ကသိုလ်မှ ပါမောက္ခ တဦး ဖြစ်သူ မစ္စတာ ရစ်ချတ်ဟူ ကလည်း  သခင်ချန်ထွန်းနည်းတူ သုံးသပ်မိသည်ဟု ဆိုသည်။

တရုတ်မြန်မာ နယ်စပ် တလျှောက်တွင် စစ်အစိုးရနှင့် အပစ်အခတ် ရပ်စဲထားသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ အများအပြား အခြေစိုက်ထားကြသည်။ မကြာသေးမီက ဖြစ်ပွားသည့် တိုက်ပွဲများကြောင့် နယ်စပ်ဒေသတွင် မတည်ငြိမ်မှုများ ဖြစ်ပေါ်ခဲ့သည်။ ယခုအချိန်တွင်လည်း တင်းမာမှုများ ပေါ်ပေါက်နေဆဲဖြစ်ကြောင်း တွေ့ရသည်။

ရေနံ နှင့် သဘာဝဓာတ်ငွေ့ တင်ပို့ရေးအတွက် ရခိုင်ပြည်နယ်မှ တရုတ်နိုင်ငံ အထိ ပိုက်လိုင်းသွယ်တန်းရေး စီမံကိန်းကြီးတခုကိုလည်း စတင်နေပြီ ဖြစ်သည်။

တရုတ် ဒုသမ္မတ မစ္စတာရှီကျင့်ဖျင်သည် ပြီးခဲ့သည့် ဒီဇင်ဘာ ၁၄ရက်နေ့မှ စတင်ပြီး ၂၂ရက်နေ့ အထိ အာရှနိုင်ငံများ ဖြစ်သော ဂျပန်၊ တောင်ကိုရီးယား၊ မြန်မာ၊ ကမ္ဘောဒီးယား စသည့် နိုင်ငံများသို့ ခရီးလှည့်လည်ရန် စီစဉ်ထားသည်ဟု သိရသည်။

မစ္စတာ ရှီကျင့်ဖျင်သည် တရုတ်ကွန်မြူနစ်ပါတီ၏ အတွင်းရေးမှူးအဖွဲ့တွင် ပါဝင်သူတဦး ဖြစ်သည်။  ပါတီ၏ ပေါ်လစ်ဗျုရို အဖွဲ့တွင် ဆဋ္ဌမ အရေးအပါဆုံး ခေါင်းဆောင်ဖြစ်သည်ဟုလည်း သိရသည်။

ပြီးခဲ့သည့် ရက်ပိုင်းအတွင်း ကမ္ဘာကျော် Time မဂ္ဂဇင်းကြီးက ရွေးချယ်လိုက်သည့် ၂၀၀၉ခုနှစ်အတွက် နိုင်ငံတကာရှိ  သြဇာတိက္ကမအကြီးဆုံး ပုဂ္ဂိုလ် ၁၀၀ ထဲတွင် မစ္စတာရှီကျင့်ဖျင်သည်လည်း တဦး အပါအ၀င် ဖြစ်သည်။

၁၇ကြိမ်မြောက် တရုတ်ကွန်မြူနစ်ပါတီ၏ ညီလာခံ ပြုလုပ်စဉ် ဗဟိုစစ်ကောင်စီ ဒုဥက္ကဋ္ဌအဖြစ် မစ္စတာ ရှီကျင့်ဖျင် ရွေးချယ်ခံရမည်ဟု ယူဆမှုများ ထွက်ပေါ်လာခဲ့ဖူးသည်။ သို့သော်လည်း ရွေးကောက်ခြင်း မခံခဲ့ရပေ။

ဗဟိုစစ်ကောင်စီတွင် ထိုသို့ တာဝန်ပေးအပ်ခြင်း မခံရသည့်အတွက် မစ္စတာ ရှီကျင့်ဖျင်သည် အနာဂတ်တွင် တရုတ်နိုင်ငံ၏ သမ္မတ ဖြစ်လာလိမ့်မည် မဟုတ်ဟု အကဲခတ်တချို့က ဆိုကြသည်။

သို့သော်လည်း မြန်မာ အပါအဝင် အာရှတိုက်နိုင်ငံများသို့ ခရီးလှည့်နေသည့် မစ္စတာ ရှီကျင့်ဖျင်သည် တရုတ်ပြည်၏ သမ္မတ ဖြစ်လာဖွယ် ရှိသည်ဟု ဟောင်ကောင်တက္ကသိုလ်မှ ပါမောက္ခ မစ္စတာ ရစ်ချတ်ဟူက ခန့်မှန်းထားသည်။

မြန်မာနိုင်ငံ နှင့် တရုတ်နိုင်ငံ၏ လက်ရှိ ဆက်ဆံရေး အလွန် ကောင်းမွန်လျက်ရှိပြီး နှစ်နိုင်ငံ အစိုးရခေါင်းဆောင်များ အပြန်အလှန် လည်ပတ်လျက် ရှိသည်ကို တွေ့ရသည်။

မကြာသေးမီက ယူနန်ပြည်နယ်၊ ချန်ဒူးစစ်ဒေသမှ ဒုတိယဗိုလ်ချုပ်ကြီး အိုက်ဟူယောင်(Ai Husheng) မြန်မာပြည်သို့ သွားရောက်ခဲ့သည်။ ယူနန်ပြည်နယ်သည် မြန်မာနိုင်ငံ ရှမ်းပြည်နယ်နှင့် ကပ်လျက် တည်ရှိသည်။

၂၀၀၀ ပြည့်နှစ်တွင် တရုတ် ဒုသမ္မတ ဟူကျင်တောင် မြန်မာနိုင်ငံသို့ သွားရောက် ခဲ့သည်။

၂၀၀၁ နှင့် ၂၀၀၃ ခုနှစ်များတွင် တရုတ်သမ္မတ ကျန်ဇီမင်း နှင့် ဗိုလ်ချုပ်မှူးကြီး သန်းရွှေတို့၏ အပြန်အလှန် ပြုလုပ်သည့် ချစ်ကြည်ရေး ခရီးစဉ်များကို တွေ့ရသည်။

ဒုတိယဗိုလ်ချုပ်မှူးကြီး မောင်အေးသည်လည်း  ဇွန်လက တရုတ်ပြည်သို့ တတိယအကြိမ် သွားရောက်ခဲ့သေးသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်