KNU က အခွန်ကောက်ပြီး သစ်ခုတ်ခွင့်ပေးနေ

E-mail Print
ကရင်အမျိုးသား အစည်းအရုံး (KNU) က ၎င်းတို့ ထိန်းချုပ်ထားသော ကရင်ပြည်နယ် ကော့ကရိတ် မြို့နယ်အတွင်းမှ အဓိက သစ်တော ကြိုးဝိုင်း ၂ ခုရှိ သစ်များအား ဒီဇင်ဘာလမှ စတင်၍ အခွန်ကောက်ယူ ထုတ်ယူခွင့်ပြု နေကြောင်း ထိုင်း-မြန်မာ နယ်စပ်အခြေစိုက် သစ်ကုန်သည်များက ပြောသည်။

ထိုင်း-မြန်မာ နယ်စပ် ဘုရားသုံးဆူ ဒေသရှိ ကုန်သည်တဦးက ၎င်းအပါအ၀င် သစ်ကုန်သည် ၁၃ ဦးခန့်သည် KNU အား ကြိုတင် ငွေ ပေးဆောင်၍ ကရင်ပြည်နယ် တောင်ပိုင်းမှ သစ်များကို အကန့်အသတ်မရှိ ထုတ်ယူခွင့် ရထားကြောင်း ပြောသည်။

“ KNU ကို ကြိုတင်စဘော်ငွေပေးပြီး သစ်ကို လိုသလောက်ခုတ်လို့ရတယ်၊ စဘော်ငွေက ခန့်မှန်းခြေ သစ်တတန် အတွက် ဘတ် ၁၃၀၀ လောက်ပေးထားရတယ်”ဟု ဘုရားသုံးဆူ ကုန်သည်ကပြောပြသည်။

ထုတ်လုပ်ရရှိသော သစ်များကို  KNU က တတန်လျှင် ဘတ် ၄၀၀၀ ခန့် အခွန်ကောက်ယူကြောင်းလည်း KNU နှင့် နီးစပ်သူ တဦးက ပြောသည်။

သစ်ထုတ်လုပ်သော ကုမ္ပဏီများသည် တခြားသော လက်နက်ကိုင် အဖွဲ့အစည်းများဖြစ်သည့် တိုးတက်သော ဗုဒ္ဓဘာသာ ကရင် အမျိုးသား တပ်ဖွဲ့(DKBA) ၊ မွန်ပြည်သစ်ပါတီ(NMSP) အဖွဲ့များ အပါအ၀င် စစ်အစိုးရ တပ်ဖွဲ့များကိုလည်း အခွန်ပေးဆောင်ရ ကြောင်း သိရသည်။ ယင်းလက်နက်ကိုင်အဖွဲ့အားလုံးသည် သစ်ထုတ်လုပ်ရေးဒေသများအတွင်း စစ်ဆေးရေးဂိတ်များ ထားရှိကာ အခွန်ကောက်ယူနေခြင်းဖြစ်သည်ဟု ဆိုသည်။

သစ်ကုန်သည်များ အတွက် သစ်မာ တတန်လျှင် ဘုရားသုံးဆူ ဒေသ၌ ဘတ် ၃၃၀၀၀ ခန့် ဈေးရရှိပြီး ၃၅ ရာခိုင်နှုန်းခန့် အကျိုးအမြတ်ရရှိကြောင်း ကုန်သည်များက ပြောသည်။

ယခုသစ်ထုတ်လုပ်ငန်း လုပ်နေသူများသည် ဒေသခံ KNU ခေါင်းဆောင်ပိုင်း၏ ခွင့်ပြုချက်ဖြင့် လုပ်ဆောင်နေခြင်းဖြစ်ပြီး ထိုင်း သစ်ကုမ္ပဏီများလည်း ပါဝင်ကြောင်း KNU တပ်မဟာ(၆)မှ တာဝန်ရှိသူ တဦးက ဧရာဝတီသို့ ပြောဆိုသည်။

KNUသစ်တောဌာန၏ စာရင်းအရ ကော့ကရိတ် ခရိုင်အတွင်း ဧက ၅၀၀၀၀ ခန့် ကျယ်ဝန်းသည့် မဲ့ကသာ သစ်တောကြိုးဝိုင်းနှင့် ဧက ၂၀၀၀၀ ခန့် ကျယ်ဝန်းသည့် ကျွန်းချောင်း သစ်တောကြိုင်းဝိုင်းများကို KNU က ထိန်းချုပ်ထားပြီး ယင်းကြိုးဝိုင်းများတွင် ကျွန်း သစ် နှင့် သစ်မာ များစွာ ရှိကြောင်း သိရသည်။ 

ဘုရားသုံးဆူ ဒေသခံ ပရိဘောဂ အရောင်းအ၀ယ်လုပ်သူ တဦးက“သစ်တွေအားလုံးက သက်တမ်းရင့်သစ်တွေဖြစ်လို့ အရည် အသွေး ကောင်းတာတွေများတယ်၊ အဲဒီ အရည်အသွေးကောင်းတဲ့ သစ်နဲ့လုပ်တဲ့ ပရိဘောဂ ပစ္စည်းတွေကို ကျနော်တို့ ထိုင်းနိုင်ငံ ဘက်ကိုရောင်းတဲ့အခါ ရောင်းကောင်းတယ်”ဟု ပြောပြသည်။

ဘုရားသုံးဆူဒေသ မှ ၅ မိုင်ခွဲ ခန့်တွင် KNU တပ်မဟာ ၆ ထိန်းချုပ်နယ်မြေအတွင်းရှိ မဲ့ကသာ သစ်တော ကြိုးဝိုင်း တည်ရှိကြောင်း သိရသည်။

ယင်းသို့ KNU က သစ်ခုတ်ခွင့် ပေးသည်ဆိုသောကြောင့် ဘုရားသုံးဆူတွင် သစ်လုပ်ငန်းလုပ်ကိုင်လိုသူများ နေ့ချင်းညချင်းပင် များပြားလာသည်ဟု သစ်လုပ်ငန်းသမားများက ပြောသည်။

မကြာသေးခင်က ဘုရားသုံးဆူတွင် ဘတ် ၄ သန်းခန့်ရင်းနှီး မြှုပ်နှံခဲ့သည့် သစ်လုပ်ငန်းရှင် တဦးက“ဒီလို သစ် လုပ်ငန်းလုပ်ဖို့ အချိန်အတော်ကြာကတည်းက စိတ်ကူးခဲ့တာပါ၊ အခုတော့ အဲဒီစိတ်ကူး တကယ်အကောင်အထည်ပေါ်သွားပြီ ပေါ့”ဟု ပြောပြသည်။

ယခုအထိ ပိတ်ထားသော ဘုရားသုံးဆူ နယ်စပ် ဂိတ်မှ ထိုင်း သစ်လုပ်ငန်းရှင်များသည် နယ်စပ်ရှိ အစိုးရ အာဏာပိုင်များအား လာဘ်ငွေ ပေး၍ သစ်များကို ထိုင်းနိုင်ငံဘက်သို့ သယ်ယူကြကြောင်း၊ ထိုသို့ သယ်ယူရာတွင် သစ် ၁၂ တန် ခန့် ပါဝင်သည့် ကား တစီးလျှင် ဘတ် ၃၀၀၀၀ ခန့် ပေးဆောင်ရသောကြောင့် အကျိုးအမြတ်ရရှိမှု နည်းပါးကြောင်း သိရသည်။

စစ်အစိုးရ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် နီးစပ်သူဟု လူသိများသော ဦးတေဇသည် ဦးစွာ KNU ထံမှ သစ်ခုတ်ခွင့် ရရှိထားသူဖြစ်ပြီး ယမန်နှစ်ကပင် မဲ့ကသာ ကြိုင်းဝိုင်းမှ သစ် တန် ၂၀၀၀ ခန့်ထုတ်လုပ်ခွင့် ရရှိထားကြောင်း NMSP အဖွဲ့ဝင် တဦးကပြောဆိုသည်။

သတင်းများ၏ အဆိုအရ KNU သည် စစ်အစိုးရကို ဆန့်ကျင်တိုက်ခိုက်ရန်အတွက် လက်နက်များ ၀ယ်ယူရန် အဓိက ၀င်ငွေသည် ယင်း သစ်လုပ်ငန်းများမှ ရရှိခြင်းဖြစ်ကြောင်း သိရသည်။

KNU က ထို့သို့ သစ်ခုတ်ခွင့်ပေးခြင်းသည် ယခု ပွင့်လင်းရာသီ၌ စစ်အစိုးရနှင့် DKBA ပူးပေါင်းတပ်များ၏ တိုက်ခိုက်မှုကြောင့် KNU တပ်မဟာ ၆ လက်လွှတ် ဆုံးရှုံးရမည်ကို စိုးရိမ်သည့်အတွက် ဖြစ်ကြောင်း ဘုရားသုံးဆူရှိ သစ်လုပ်ငန်းရှင်များက ယူဆကြသည်။

ထို့ကြောင့် သစ်လုပ်ငန်းမှ ၀င်ငွေများ အမြန်ဆုံးရရှိရန် KNU က ဖိအားပေး ဆောင်ရွက်နေခြင်းဖြစ်ကြောင်းလည်း ၎င်းတို့က ဆို သည်။

KNU သည် နှစ်ပေါင်း ၆ဝ သက်တမ်းရှိသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ကြီး ဖြစ်သည်။ မြန်မာအာဏာပိုင်တို့နှင့် ဆွေးနွေးပွဲများ အကြိမ်ကြိမ် ပြုလုပ်ခဲ့ကြသော်လည်း ယခုအချိန်အထိ အပစ် အခတ် ရပ်စဲနိုင်ခြင်း မရှိသေးပေ။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်