NLDက အမျိုးသမီးအဖွဲ့ခွဲများ ထပ်ဖွဲ့

E-mail Print
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) က နိုင်ငံအနှံ့တွင်  အမျိုးသမီး အဖွဲ့ခွဲများကို တိုးချဲ့ဖွဲ့စည်း နေကြောင်း ဦးဆောင်စီစဉ်သူ တဦး ဖြစ်သည့် ဒေါက်တာ မေဝင်းမြင့်က ပြောသည်။

“စည်းရုံးရေး သဘောအရ တိုင်းနယ်၊ ပြည်နယ် အထောက်အကူ ထပ်တိုးချဲ့တာ။ ကျမတို့ အဖွဲ့ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ သဘော တူညီချက်နဲ့ပေါ့” ဟု အမျိုးသမီးလုပ်ငန်းအဖွဲ့ တာဝန်ခံ ဒေါက်တာ မေဝင်းမြင့်က ဧရာဝတီကို ပြောသည်။

ဒီမိုကရေစီ နိုင်ငံ ထူထောင်ရာတွင် အမျိုးသမီးများ ပါဝင်နိုင်ရန်၊  အမျိုးသမီးများ၏ ရပိုင်ခွင့်များကို အပြည့်အဝ ခံစားနိုင်ရန်၊ နိုင်ငံတကာ အမျိုးသမီးများနှင့် ပူးပေါင်း ဆောင်ရွက်နိုင်ရန်  ရည်ရွယ်ချက်များဖြင့် တိုးချဲ့ ဖွဲ့စည်းခြင်း ဖြစ်သည်ဟု သူက ဆိုသည်။

ယခင်က မြို့နယ်တိုင်းလိုလိုတွင် အမျိုးသမီးလုပ်ငန်းအဖွဲ့များကို တွေ့ရသည်။ သို့သော်လည်း ဒီမိုကရေစီအရေး လှုပ်ရှားမှု ၂၁ နှစ်  ကြာလာသည့်အခါ အကြောင်း အမျိုးမျိုးကြောင့် မြို့နယ် အများအပြားတွင် ဖွဲ့စည်းပုံများ ပျက်ယွင်းသွားသည်။

မကြာသေးမီက မြို့နယ်အဆင့် အမျိုးသမီးလုပ်ငန်းအဖွဲ့များ ပေါ်ပေါက်ရေးကို လုပ်ဆောင်ရာတွင်  ရန်ကုန်တိုင်း၊ တနင်္သာရီတိုင်း၊ မန္တလေးတိုင်း တို့မှ မြို့နယ်များ ပါဝင်သည်ဟု ဆိုသည်။

“မန္တလေးတိုင်း၊ မြို့နယ် ၃၀ မှာ လတ်တလော အရှေ့တောင်မြို့နယ်၊ အနောက်တောင်မြို့နယ်တို့မှာ ဖွဲ့စည်းပြီးသွားပြီ” ဟု မန္တလေးမှ ဒေါ်သန်းသန်းအေးက ပြောသည်။

ဖွဲ့စည်းပုံအရ မြို့နယ်အဆင့် အမျိုးသမီးလုပ်ငန်းအဖွဲ့တွင် အဖွဲ့ဝင် ၇ ဦး ပါဝင်သည်ဟု  ဒေါ်သန်းသန်းအေးက ဆိုသည်။

ထပ်မံဖွဲ့စည်းမည့် ဒေသထဲတွင် မိတ္ထီလာမြို့နယ်လည်း ပါဝင်သည်။

“မြန်မာပြည်မှာ အမျိုးသမီးဦးရေနဲ့ အမျိုးသားဦးရေ သာတူညီမျှလောက်  ဖြစ်နေတယ်၊ ပြည်သူ လူထုအတွက် ကောင်းကျိုး လုပ်တဲ့အခါမှာ အမျိုးသမီးတွေ ပိုမို ပါဝင်ဖို့ လိုတယ်” ဟု မိတ္ထီလာမှ ဒေါ်မြင့်မြင့်အေးက ပြောသည်။

၁၉၈၈ ခုနှစ်က  NLD ကို စတင်တည်ထောင်စဉ်ကပင် မြို့နယ်အဆင့်၊ ရပ်ကွက်ကျေးရွာအဆင့်တို့အထိ အမျိုးသမီးလုပ်ငန်းအဖွဲ့၊ လူငယ်လုပ်ငန်းအဖွဲ့ အသီးသီး ပေါ်ပေါက်ရေးကို လုပ်ဆောင်ခဲ့သည်။ အမျိုးသမီး အများအပြား ထိုအဖွဲ့ခွဲများတွင် ပါဝင်ပြီး ဒီမိုကရေစီအရေးကို ဆောင်ရွက်ခဲ့ကြသည်။

NLD ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က အမျိုးသမီးအဖွဲ့ခွဲများ ပေါ်ပေါက်ရေး၊ အမျိုးသမီးများ နိုင်ငံရေးတွင် ပိုမို ပါဝင်ရေးအတွက် အဓိက ဦးစားပေး ဆောင်ရွက်ခဲ့သည်ဟု သိရသည်။

၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် အမျိုးသမီးအများအပြား ပါဝင် ယှဉ်ပြိုင်ခဲ့ကြသည်။ ထိုစဉ်က NLD ကိုယ်စားပြု အမျိုးသမီး ၁၅ ဦးသည် လွှတ်တော်ကိုယ်စားလှယ် အဖြစ် ဒေသအသီးသီးတွင် ရွေးချယ် တင်မြှောက်ခြင်း ခံရသည်။

မြန်မာနိုင်ငံတွင် ဒီမိုကရေစီ လှုပ်ရှားမှုတွင် ပါဝင်သဖြင့် ထိန်းသိမ်းခံနေရသည့် အမျိုးသမီးအရေအတွက်မှာ အနည်းဆုံး ၁၇၈ ဦးရှိသည်ဟု လူ့အခွင့်အရေး အဖွဲ့များက ပြောသည်။ ထိုအထဲတွင် ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်လည်း ပါဝင်သည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်