ခိုင်ရွှန်းလဲ့ရည် နောက်ဆက်တွဲသတင်း အပိတ်ခံရ

E-mail Print
ရန်ကုန်မြို့မှ SSC အထူးကု ဆေးခန်းက အောက်တိုဘာလတွင် ကွယ်လွန်သွားသော မခိုင်ရွှန်းလဲ့ရည်၏ ကျန်ရစ်သူ မိသားစုကို လျော်ကြေး ကျပ်သိန်းတထောင် ပေးအပ်ခဲ့သည် ဟူသော သတင်းမှာ စာနယ်ဇင်းများတွင် ဖော်ပြခွင့် မရသေးကြောင်း ရန်ကုန် အခြေစိုက် စာနယ်ဇင်းသမားများက ပြောသည်။

SSC ဆေးခန်း တာဝန်ရှိသူများက ယခုလဆန်းပိုင်းတွင် လူနာရှင်၏ မိသားစုထံ သွားရောက်ပြီး လျော်ကြေးပေးခဲ့ကြောင်း ဧရာဝတီက စုံစမ်း သိရှိရသည်။

“ကျနော်တို့ ဂျာနယ်တင် မကဘူး၊ ဂျာနယ် အားလုံး လိုလိုကို ခွင့်မပြုတာပါ၊ အဲဒါတင် မကဘူး၊ မခိုင်ရွှန်းလဲ့ရည်လို အဖြစ်အပျက်မျိုး  သတင်းတွေကိုလည်း စာပေစိစစ်ရေးက လုံးဝ ခွင့်မပြုတော့ဘူး” ဟု သတင်းဂျာနယ်တစောင်မှ အယ်ဒီတာတဦးက ပြောသည်။

စာနယ်ဇင်းများ ပုံနှိပ်ခြင်း မပြုမီ စစ်ဆေးသည့် စာပေစိစစ်ရေးဌာနက ထိုသတင်း ပိတ်ပင်ရသည့် အကြောင်းရင်းကို ရှင်းပြခြင်း မရှိပေ။

“ကျမတို့က ၀န်ထမ်းတွေပါ၊ အထက်က ချပေးတဲ့ မူအတိုင်း လုပ်နေရတာ ဆိုတော့ ကိုယ့်သဘောနဲ့ကိုယ် ခွင့်ပြုလို့ မရသလို၊
ကိုယ့်သဘောနဲ့ကိုယ် ပိတ်တာမျိုးလည်း လုပ်လို့မရပါဘူး”  ဟု စာစစ်မှူးတဦးက ပြောသည်။

အသက် ၁၅ နှစ် အရွယ် အထက်တန်းကျောင်းသူ မခိုင်ရွှန်းလဲ့ရည်သည်  အောက်တိုဘာလက  ရွှေဂုံတိုင်ရှိ အထူးကု ဆေးခန်းတွင် ကုသမှု ခံယူစဉ် သေဆုံးသွားခဲ့သည်။ စာနယ်ဇင်းများတွင် ထိုသတင်းကို ကျယ်ကျယ်ပြန့်ပြန့် ရေးသား ဖော်ပြကြပြီး နောက်တွင် မြန်မာနိုင်ငံ ဆေးကောင်စီက ထိုအမှုကို စုံစမ်း စစ်ဆေးခဲ့သည်။ ထို့နောက် ကုသမှုတွင် တာဝန်ရှိသည်ဟု ဆိုသည့် ဆရာဝန်ကြီးကို ဆေးကုသခွင့် ၅ နှစ် ပိတ်ပင်လိုက်သည်။ SSC ဆေးခန်းကိုလည်း ပြင်းထန်စွာ သတိပေးလိုက်သည်။ ထိုသို့ သတိပေးပြီး နောက်ပိုင်းတွင် ဆေးခန်းက လူနာရှင်ကို လျော်ကြေးငွေ ပေးအပ်ခဲ့ခြင်း ဖြစ်သည်။

ဤအတောအတွင်း ဆေးရုံများ၊ အထူးကု ဆေးခန်းများနှင့် ပတ်သက်သည့် တိုင်ကြားချက်များသည် စာနယ်ဇင်းသမားများသို့ ရောက်ရှိနေသည်ဟု သိရသည်။ လူနာရှင်များထံမှ ရောက်လာသည့် စာများထဲတွင် အထူးကုဆေးခန်းများတွင် ကုသစရိတ် အလွန်များပြားမှု၊ လူနာသေဆုံးသည့်အခါ ကုသစရိတ်အားလုံး ရသည့်အချိန်အထိ ရုပ်အလောင်းကို ထိန်းသိမ်းထားမှု စသည့် အကြောင်းအရာများလည်း ပါဝင်သည်။

မခိုင်ရွှန်းလဲ့ရည် သေဆုံးမှု နှင့် နောက်ဆက်တွဲ သတင်းများကို စာဖတ်ပရိသတ်များက အလွန်စိတ်ဝင်စားနေကြဆဲ ဖြစ်သည်။

မခိုင်ရွှန်းလဲ့ရည်၏ မိသားစုဝင်တဦးက ဂျာနယ်များတွင် ထိုသတင်းကို ဖော်ပြကြသည့် အတွက် ကျေးဇူးတင်ကြောင်း၊ အလားတူ အဖြစ်အပျက်များ ထပ်မံ ပေါ်ပေါက်ခြင်း မရှိရန် စာနယ်ဇင်းများသို့ ဖွင့်ပြောခဲ့ရခြင်း ဖြစ်ကြောင်း ရှင်းပြသည်။

သန်းထိုက်ဦးနှင့် ကြည်ဝေတို့ ပူးတွဲ ရေးသားသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်