မတရားမှု ဖော်ထုတ်မည့် သတင်းမှန်များ စိစစ်ရေးကပိတ်ပင်

E-mail Print
နိုင်ငံတွင်း လူမှုရေး၊ စီးပွားရေး၊ ကျန်းမာရေးများနှင့် ပတ်သက်၍ မတရား အနိုင်ကျင့် ဗိုလ်ကျခံရမှုများကို ဖော်ထုတ် ရေးသားထားသည့် လူထုနှင့် ဆက်နွှယ်သော သတင်းမှန်များကို မြန်မာနိုင်ငံ စာပေစိစစ်ရေးနှင့် မှတ်ပုံတင်ဌာ၏ အရေးပေါ် ညွှန်ကြားချက်ဖြင့် ပိတ်ပင်လျက် ရှိကြောင်း သိရသည်။

ပြည်သူများ အကြားတွင် ရိုက်ခတ်မှုရှိပြီး အစိုးရ၏ လွဲချော်ဖိနှိပ်မှုများကို ထင်ရှားပေါ်လွင်စေသည့် လူထုနှင့်ဆက်နွှယ်သော သတင်းများကို ပိတ်ပင်မှုများ ရှိနေသည်မှာ မှန်ကန်ကြောင်း အမည်မဖော်လိုသူ စာစစ်မှူးတဦးက အတည်ပြုပြောဆိုသည်။

အသက် ၁၅ နှစ်အရွယ် ၉ တန်းကျောင်းသူ မခိုင်ရွှန်းလဲ့ရည် မှားယွင်းခွဲစိတ် ကုသမှုကြောင့် သေဆုံးသွားသည်ဆိုသော သတင်းကို
ပြည်တွင်းမီဒီယာများက ဖော်ပြခဲ့ကြရာ ပြည်သူလူထုအကြား အုတ်အော်သောင်းနင်း ဖြစ်သွားရသည့်အတွက် ခွဲစိတ်ကုသသူ ဆရာဝန်ကြီးနှင့် ဆေးခန်းကို အာဏာပိုင်များက အရေးယူသည်အထိ ဖြစ်ခဲ့ရသည်။

အဆိုပါ ကိစ္စများဖြစ်ပွားပြီး နောက်တွင် သတင်းမီဒီယာများအပေါ် လူထု၏ ယုံကြည်ကိုးစားမှု ပိုမိုရရှိလာခဲ့ပြီး ပြည်သူလူထုက ၎င်းတို့ နေ့စဉ်ကြုံတွေ့နေရသည့် ဒုက္ခအခက်အခဲများ၊ မမျှတမှု၊ မတရားမှုများကို သတင်းဂျာနယ်များသို့ ဆက်သွယ် အကြောင်းကြားကာ အကူအညီ တောင်းခံမှုများ ပိုမို များပြားလာသည်ဟု ရန်ကုန်အခြေစိုက် သတင်းလောကမှ သိရသည်။

“ပုဂ္ဂလိက ဆေးခန်းကြီးတွေနဲ့ အစိုးရ ဆေးရုံတွေမှာ ဆရာဝန်တချို့ မှားယွင်းဆေးကုသတာတွေ၊ ငွေမျက်နှာ တခုတည်းကို ကြည့်ပြီး ဂရုမစိုက်တဲ့အတွက် လူနာသေဆုံးတာ၊ နစ်နာသွားတာမျိုး ကြုံရတဲ့ မိသားစုတွေက ဂျာနယ်တွေကို ဆက်သွယ် အကူအညီတောင်းပြီး အမှန်တရားကို ဖော်ထုတ်ပေးဖို့ မေတ္တာရပ်ခံကြတယ်” ဟု အမှုဆောင် အယ်ဒီတာတဦးက ပြောသည်။

ကျန်းမာရေးဆိုင်ရာ မတရားမှုများအပြင် အလုပ်ရှင်၏ ဖိနှိပ်မှုကြောင့် အခက်အခဲများ ကြုံတွေ့ရသော အလုပ်သမား သတင်းများကိုလည်း စာပေစိစစ်ရေးက ပြင်းထန်စွာသတိပေး ပိတ်ပင်မှုများရှိလာသည်ဟု သိရသည်။

“ဒီဇင်ဘာလ ၁၇ ရက်နေ့က လှိုင်သာယာစက်မှုဇုန် ၃ က Weng Hong Hung အထည်ချုပ် စက်ရုံမှာ အလုပ်သမားတွေ ဆန္ဒပြတဲ့ သတင်းကို ဂျာနယ်တွေက ဖော်ပြဖို့ စိစစ်ရေး တင်တယ်။ ဒါပေမယ့် စိစစ်ရေးက ဒီသတင်းတွေကို မဖော်ပြဖို့ သတိပေး ပိတ်ပင် တယ်” ဟု အကြီးတန်း အယ်ဒီတာတဦးက ဆိုသည်။

ထို့အပြင် ရန်ကုန်မြို့တွင် အိမ်ဖော်အလုပ်လုပ်နေစဉ် အိမ်ရှင်၏ အနိုင်ကျင့်နှိပ်စက်မှုနှင့် လူမဆန်စွာ ခန္တာကိုယ်တခုလုံးကို
ဓားဖြင့် မွှန်းခဲ့သောကြောင့် ဆေးရုံတင်လိုက်ရသော ဘိုကလေးမြို့နယ်၊ မြင်းကကုန်းကျေးရွာမှ အသက် ၂၀ ကျော်အရွယ်
မအိအိသန်း ဆိုသော အိမ်ဖော်မိန်းကလေး အကြောင်းလည်း သတင်းဂျာနယ် အများစုတွင်ဖော်ပြခွင့်မရဟု သိရှိရသည်။

ပြည်သူတချို့၏ အခက်အခဲဒုက္ခများကို ဂျာနယ်များက ဖော်ထုတ်ရေးသားရင်း နောက်ဆုံးတွင် အာဏာရှင်စစ်အစိုးရ၏ မှားယွင်းသော မူဝါဒကို ထောက်ပြရေးသားခြင်း၊ လူထုအတွင်း မတရားမှုကို မခံချင်သော စိတ်များမှသည် အစိုးရကို တော်လှန် လိုသည်အထိ စိတ်ဓာတ်များ နိုးကြားလာခြင်းတို့ ဖြစ်ပေါ်မည်ကို စိုးရိမ်၍ အာဏာပိုင်များက ထိုသို့သော လူထုသတင်းများကို ပိတ်ပင်ခြင်း ဖြစ်သည်ဟု စာနယ်ဇင်းလောကသားများက သုံးသပ်သည်။

“အာဏာရှင်ဆိုတာက မီဒီယာကိုကြောက်တယ်။ မီဒီယာဆိုတာကလည်း သမိုင်းအဆက်ဆက် လူထုဘက်က ရပ်တည် ခဲ့တာချည်းပဲ။ ဘယ်လိုပုံစံမျိုးနဲ့ပဲ မီဒီယာတွေ ထွက်ပေါ် လာခဲ့ပါစေ၊ နောက်ဆုံး စစ်မှန်တဲ့မီဒီယာတွေက ပြည်သူတွေအရေးကိုပဲ
ဦးတည်သွားတယ်။ ဒီအချိန်မှာ မီဒီယာတွေအားလုံး ပြည်သူတွေရဲ့ တမျက်နှာကိုပဲ ကြည့်ပြီး စည်းလုံးကြပါ” ဟု ၀ါရင့် သတင်းစာ ဆရာကြီးတဦးက တိုက်တွန်းပြောဆိုသည်။

စစ်အစိုးရက ၂၀၁၀ ပြည့်နှစ်တွင် လွတ်လပ်မျှတသော ပါတီစုံ အထွေထွေရွေးကောက်ပွဲကြီး ကျင်းပပေးမည်ဟု ပြောဆို ထားသော်လည်း ယခုအချိန်အထိ ပြည်တွင်း သတင်းမီဒီယာများကို သတင်း လွတ်လပ်ခွင့်မပေးဘဲ ထိန်းချုပ်မှုများ ပိုမို တင်းကျပ် လာသောကြောင့် ၂၀၁၀ ရွေးကောက်ပွဲ ကာလတွင် စာနယ်ဇင်းလွတ်လပ်ခွင့် လုံးဝ မရှိနိုင်ကြောင်း ပြည်တွင်း သတင်းသမား များက သုံးသပ်သည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်