ကိုကိုးကျွန်း ဒုတိယခရီးစဉ် စတင်တော့မည်

E-mail Print
ကိုကိုးကျွန်း ဒုတိယအကြိမ် လေ့လာရေး ခရီးကို ကြာသပတေးနေ့ နံနက်တွင် စတင်တော့မည် ဖြစ်သည်။

ဒီဇင်ဘာ ၂၄ မှ ၂၈ ရက်နေ့အထိ ကြာမြင့်မည့် ပင်လယ်ခရီးအတွက် လက်မှတ်ဝယ်ယူမှုကို ကန့်သတ်ထားခြင်း မရှိကြောင်း တွေ့ရသည်။ နိုင်ငံသား စိစစ်ရေးကတ် ပြသနိုင်သူကို ရန်ကုန်မြို့လယ်ရှိ ရန်ကုန်တိုင်း အေးချမ်း သာယာရေး နှင့် ဖွံ့ဖြိုးရေး ကောင်စီရုံးတွင် လက်မှတ်များ ရောင်းချပေးခဲ့သည်။

ပထမအကြိမ် ခရီးစဉ်ကို နိုဝင်ဘာလက ပြုလုပ်ခဲ့ရာ သာမန်ခရီးသည် အနည်းငယ်ကိုသာ လက်မှတ် ရောင်းပေးခဲ့ကြောင်း မြန်မာ့ ကြယ်ငါးပွင့် သင်္ဘော လုပ်ငန်းမှ အရာရှိ တဦးက ဆိုသည်။ ထိုစဉ်က ပါဝင်ခွင့် ရသူ ခရီးသည် ၄၀၀ ကျော်အနက် အများစုမှာ ဌာနဆိုင်ရာ ၀န်ထမ်း၊ အနုပညာရှင်၊ လုပ်ငန်းရှင်၊ စာနယ်ဇင်းသမားတို့  ဖြစ်သည်။

ရန်ကုန်မြို့ သာကေတဆိပ်ကမ်းမှ  စတင် ထွက်ခွာမည့် ခရီးစဉ်အတွက် တဦးလျှင် သဘောင်္လက်မှတ်ခ ကျပ် သုံးသောင်းခွဲ ကျသင့်သည်ဟု ဆိုသည်။ ထိုလက်မှတ်မှာ ရိုးရိုးတန်း လက်မှတ်ဖြစ်ပြီး သီးသန့်အခန်း ယူလိုသူများ အတွက်လည်း စီစဉ်ပေးထားသည်။ ၄ ယောက်ခန်းအတွက် တဦးလျှင် ကျပ် လေးသောင်း၊ ၂ ယောက်ခန်းအတွက် တဦးလျှင် ကျပ် ငါးသောင်း ကုန်ကျမည် ဖြစ်သည်။

၁၉၆၀ ဝန်းကျင်က ဆိုလျှင် ကိုကိုးကျွန်းတွင် နိုင်ငံရေးအကျဉ်းသားများကိုသာ တွေ့ရမည် ဖြစ်သည်။

ယခုအခါ အာဏာပိုင်တို့က ကိုကိုးကျွန်းကို အပန်းဖြေကျွန်း ဖြစ်လာစေရန် ကျွန်းပေါ်တွင် ခရီးသည် ၁၀ ဦး တည်းခိုနိုင်သော အိမ် ၁၄ လုံး၊ ကုတင်၂၅ လုံးဆံ့ ဆေးရုံ၊ ဧည့်လမ်းညွှန် ၃၀ ခန့် ရှိရန် စီစဉ် ပေးထားသည်ဟု သိရသည်။

ဘုန်းကြီးကျောင်း၊ စာသင်ကျောင်းများတွင်လည်း တည်းခိုနိုင်ရန် စီစဉ်ထားကြောင်း၊ ကျွန်းပေါ်တွင် အိမ်တလုံးကို တနေ့လျှင် ကျပ်တသောင်းနှုန်းဖြင့် ငှားရမ်း နေထိုင်နိုင်ကြောင်း သိရသည်။

ပထမ ခရီးစဉ်တွင် လိုက်ပါသွားသူတချို့၏အဆိုအရ ကျွန်းပေါ်တွင် ကန့်သတ်နယ်မြေများ ရှိသည်ဟု သိရသည်။

၇ မိုင် ရဲစခန်း(ချယ်ရီကျွန်း)၊ ရွှေရင်စို့တောင်၊ အရှေ့ဘက် လိပ်သောင်၊ အနောက်ဘက် လိပ်သောင်၊ ကြွက်ကျွန်း စသော နေရာများသို့သာ သွားရောက် လေ့လာ နိုင်သည်ဟု ခရီးသည် တဦးက ဆိုသည်။

“ကျွန်းပေါ်မှာ ဓာတ်ပုံ ရိုက်ချင်တိုင်း ရိုက်လို့မရဘူး၊ လမ်းညွှန်တွေနဲ့ ကျွန်းပေါ် လျှောက်သွားရတာလေ၊ အကျဉ်းသားတွေကို ထားခဲ့တဲ့ နေရာတွေကိုလည်း ဓာတ်ပုံရိုက်လို့ မရဘူး၊ အနားကိုလည်း မသွားခိုင်းဘူး” ဟု ပထမ ခရီးစဉ်တွင် လိုက်ပါသွားသော အသက် ၃၀ အရွယ် အမျိုးသမီး တဦးက ပြောသည်။

သို့သော်လည်း လိုအပ်ချက်အရ ကန့်သတ်မှုများ ပြုလုပ်ထားခြင်းဖြစ်သည်ဟု  ကိုကိုးကျွန်း ခရီးစဉ်ကို စီစဉ်သူတဦးက ဆိုသည်။

“ခရီးသည်တွေ  အသက်အန္တရာယ် အတွက် အန္တရာယ်ရှိတဲ့ နေရာတွေ မသွားရန်နဲ့ တားမြစ်ထားတာတွေ မလုပ်ဖို့ မှာထားတာပါ” ဟု ခရီးစဉ် စီစဉ်သူတဦးက ပြောသည်။

ရန်ကုန်မှ မိုင် ၂ဝဝ ကျော်ဝေးကွာသည့် ကိုကိုးကျွန်းသည် လူသူအရောက်နည်းခဲ့သောကြောင့် သဘာဝ ပတ်ဝန်းကျင် ပျက်စီးမှုမရှိသေးကြောင်း၊ အကျဉ်းသားများ နေထိုင်ရာနေရာများကို လေ့လာလိုသူ များပြားကြောင်း နာမည်ကြီး ဂျာနယ်တစောင်မှ လက်ထောက် အယ်ဒီတာတဦးက ပြောကြားသည်။

ဓာတ်ပုံမရိုက်ရသည့် ကန့်သတ်နယ်မြေများ ရှိသော်လည်း ဒုတိယခရီးစဉ်တွင် ပါဝင်သူများအတွက် ဓာတ်ပုံပြိုင်ပွဲတခု စီစဉ်ထားသည်ဟု သိရသည်။

ကိုကိုးကျွန်းတွင် အမှတ် ၂၈ ရေတပ် အခြေစိုက်စခန်း ရှိသည်။ စခန်းတွင် တပ်မတော်သားများနှင့် ၎င်းတို့၏ မိသားစုဝင် စုစုပေါင်း ၂၀၀ ခန့် နေထိုင်ကြသည်ဟု သိရသည်။ ကျွန်းပေါ်တွင် လူနေအိမ်ခြေ ၂၀၀ ကျော် ရှိပြီး စုစုပေါင်း လူဦးရေ တထောင်ဝန်းကျင်သာ ရှိသည်ဟု ဆိုသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်