ကုန်ဈေးနှုန်းတက်၍ စားသုံးသူ အကျပ်တွေ့

E-mail Print
ဆန်၊ ဆီ၊ ဆား၊ ငရုပ်၊ ကြက်သွန် အပါအဝင် အခြေခံ စားသောက်ကုန် ဈေးနှုန်းအားလုံး လက်လီ၊ လက်ကား ဈေးကွက်တွင် မြင့်တက် သွားရာ လက်လီ ဝယ်စားနေရ သူများ ပိုမို ဒုက္ခတွေ့နေ ရကြောင်း ကြားသိရသည်။

၂၀၁၀ ပြည့်နှစ် ဇန်န၀ါရီလမှ စတင်ကာ အစိုးရ ၀န်ထမ်း လစာ တိုးမြှင့်မည် ဖြစ်ကြောင်း အစိုးရရုံး အသီးသီးတွင် ကြေညာချက် ထွက်ပေါ်ပြီး နောက်ပိုင်း ရွှေဈေး မြင့်တက်သွားကာ ဆန်အပါအ၀င် တခြား စားကုန်များပါ ဈေးနှုန်း မြင့်တက် လာကြောင်း ဈေးကွက် အတွင်းမှ စုံစမ်းသိရှိရသည်။

“လစာ တိုးမယ်လည်း ဆိုရော ဆန်တွေ၊ ဆီတွေ ဈေးတက်တော့မှာပဲ ဆိုပြီး ပိုက်ဆံရှိတဲ့ သူတွေက ၀ယ်လှောင် ကြတယ်၊ အ၀ယ်လည်း အရမ်းလိုက်ပြီး ဈေးကလည်း တက်လာတယ်။ လက်ကား ဈေးကွက်မှာ ဆန် တအိတ်ကို ကျပ် ၂၀၀၀ လောက်ထိ ဈေးတက်သွားတော့ လက်လီ ဈေးကွက်မှာ ပိုဆိုးနိုင်တယ်” ဟု ရန်ကုန် ဘုရင့်နောင်မှ ဆန်ကုန်သည် တဦးက ပြောသည်။

အခြေခံစားကုန်များတွင် အဓိကထားနေရသော ဆန်ဈေးနှုန်းမှာ အမျိုးအစားပေါ်တွင် မူတည်၍ တအိတ်လျှင် ကျပ် ၁၀၀၀ မှ ၂၅၀၀ အထိ မြင့်တက်သွားကာ စားဆီဈေးမှာလည်း အမျိုးအစားပေါ် မူတည်ပြီး တပိဿာလျှင် ကျပ် ၃၀၀ မှ ၅၀၀ အထိ မြင့်တက်လျက် ရှိကြောင်း သိရသည်။

အခြေခံ လူတန်းစား အသုံးများသော စားအုန်းဆီဈေးနှုန်းမှာ တပိဿာလျှင် ကျပ် ၃၀၀ မြင့်တက်သွားခဲ့ပြီး ပဲဆီဈေးနှုန်းများလည်း မြင့်တက်လျက်ရှိသည်။ ဒီဇင်ဘာလတွင် မြေပဲဆီ (ရိုးရိုး) တပိဿာလျှင် ကျပ် ၃၃၀၀ ဈေးမှ ယခုအခါ ကျပ် ၃၆၀၀ ဈေး၊ မြေပဲဆီ (ရှယ်) တပိဿာလျှင် ကျပ် ၃၅၀၀ မှ ယခုအခါ ကျပ် ၃၈၀၀ ဈေးအထိ မြင့်တက်ခဲ့ကာ လက်လီ ဈေးကွက်တွင် ထိုထက်မက မြင့်တက်နိုင်ကြောင်း ရန်ကုန် ညောင်ပင်လေးဈေး ဆီအရောင်းဆိုင် တဆိုင်က ဆိုသည်။

“ဒီဇင်ဘာတုန်းက စားအုန်းဆီ တဆယ်သားကို ၂၀၀ ကျပ်၊ အခု မရတော့ဘူး တဆယ်သားကို ၂၅၀ ဖြစ်နေပြီ” ဟု ရန်ကုန် လှိုင်သာယာမြို့နယ်မှ အိမ်ရှင်မ တဦးက ပြောသည်။

၂၀၀၉ ဒီဇင်ဘာလက ဆန်ကြမ်းအမျိုးအစားဖြစ်သော ဧည့်မထ တအိတ်လျှင် ကျပ် ၁၅၀၀၀ ဈေး ပေါက်ခဲ့ရာမှ ယခုအခါ ကျပ်
၁၇၀၀၀ အထိမြင့်တက်ခဲ့ပြီး ပေါ်ဆန်းမွှေး (ဆန်သစ်) တအိတ်လျှင် ကျပ် ၁၉၅၀၀ ဈေးပေါက်ခဲ့ရာမှ ယခုအခါ ကျပ် ၂၂၀၀၀၊ ပေါ်ဆန်းမွှေးရှယ် တအိတ်လျှင် ကျပ် ၂၈၀၀၀ မှ ယခုအခါ ကျပ် ၃၀၅၀၀ ဈေးအထိ မြင့်တက်သွားကြောင်း ဘုရင့်နောင်
ဆန်ပွဲရုံများမှ သိရသည်။

ထို့အပြင် ကြက်ဥ၊ ဘဲဥ၊ အာလူး၊ ကြက်သွန်၊ မီးသွေးနှင့် ထင်းဈေးများပါ တက်နေကြောင်း၊ လျှပ်စစ်မီး ပျက်ချိန် ရောက်လာသည့် အတွက် မီးသွေး ရောင်းအားတက်နေပြီး ဈေးလည်း မြင့်တက်လာကြောင်း ကျောက်မြောင်းမြို့နယ်မှ အိမ်ရှင်မတဦးက ဆိုသည်။

“တိုးမယ့် လစာကဖြင့် ရတောင်မရသေးဘူး ဆန်တွေ ဆီတွေကတော့ ဈေးတက်ကုန်ပြီ။ တိုးတာကနည်းနည်း တက်တာက များများဖြစ်တော့မယ်” ဟု သူက ပြောသည်။

ကြက်ဥ၊ ဘဲဥဈေးမှာ ယခင် ဒီဇင်ဘာလက တလုံးလျှင်ကျပ် ၉၀၊ ၁၀၀ ၀န်းကျင်ဈေး ရှိရာမှ ယခုအခါ တလုံးလျှင် ကျပ် ၁၀၀၊ ၁၂၀
ဈေးပေါက်လျက်ရှိပြီး မီးသွေးဈေးမှာလည်း တပိဿာလျှင် ကျပ် ၃၅၀ ဈေးမှ ယခုအခါ ၅၀၀ ဈေးအထိ ပေးဝယ်နေရကြောင်း အိမ်ရှင်မများထံမှ သိရှိရသည်။

“အရင်တပတ်လောက်က ၁၅၀၀ လောက်နဲ့ ဈေးသွားလို့ရတယ်။ အခု ၃၀၀၀ ယူသွားလည်း ဈေးခြင်းထဲမှာ ဘာမှကို မပါတော့ဘူး” ဟု သန်လျင်မြို့နေ အိမ်ရှင်မ တဦးက ဆိုသည်။

ကုန်ဈေးနှုန်းများ မြင့်တက်ရာတွင် လက်လီ၊ လက်ကားဈေးကွက်အတွင်း မြင့်တက်ခြင်း ဖြစ်သော်လည်း ပြန်လည် ကျဆင်းသည့်အခါ လက်ကားဈေးကွက် အတွင်းတွင်သာ ကျဆင်းပြီး လက်လီဈေးကွက်တွင် ပြန်ကျရန် ခက်ခဲတတ်သောကြောင့် အခြေခံ လူတန်းစားများ ပိုမိုကျပ်တည်း လာနိုင်ကြောင်း စီးပွားရေးပါမောက္ခတဦးက သုံးသပ်သည်။

“လစာတိုးတာ ကောင်းတဲ့ကိစ္စပါပဲ၊ ဒါပေမယ့် ကုန်ဈေးနှုန်းကိုတော့ ထိန်းထားနိုင်ဖို့လိုတယ်။ ငွေကြေးဖောင်းပွမှု မရှိအောင်လည်း ထိန်းထားရမယ်။ အဲဒီလိုမှ စနစ်တကျ မလုပ်နိုင်ဘူးဆိုရင်တော့ ကုန်ဈေးနှုန်းတက်ပြီး လက်လုပ် လက်စားတွေရော၊ ၀င်ငွေနည်း မိသားစုတွေပါ ပိုပြီး အကျပ်အတည်း တွေ့နိုင်တယ်” ဟု သူက ပြောသည်။

အစိုးရအမှုထမ်းများကို ဇန်န၀ါရီလမှ စတင်၍ လစာသစ်အဖြစ် ကျပ် ၂၀၀၀၀ စီတိုးပေးမည်ဖြစ်ကြောင်း လက်ရှိ အနိမ့်ဆုံးလစာ ကျပ် ၁၅၀၀၀ ရသော အောက်ခြေဝန်ထမ်းမှ စတင်၍ ကျပ် ၁၉၀၀၀၀ ရသည့် အမြင့်ဆုံးအဆင့်ထိ တိုးပေးထားကြောင်း၊ ထို့ပြင်
နေ့စားဝန်ထမ်းများကိုလည်း ၈ နာရီလုပ်ခ ကျပ် ၅ဝဝ မှ ၁၁ဝဝ အထိ တိုးပေးကြောင်း၊ အမိန့်စာများကို ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာနက အစိုးရဌာအသီးသီးသို့ ဇန်န၀ါရီလ ပထမပတ်အတွင်း ပေးပို့ခဲ့ကြောင်း သိရသည်။

ဒီဇင်ဘာလတွင် အခေါက်ရွှေတကျပ်သား ၅၇၀၀၀ ကျပ် ၀န်းကျင် ဈေး ရှိခဲ့သော်လည်း ယနေ့ ကျပ် ၆ သိန်း ၇ ထောင့် ၈ ရာ ဈေးရှိနေသည်။ ရွှေဈေး ဆက်လျက်မြင့်တက်ဖွယ်ရှိပြီး လက်ရှိ အနေအထားအရ အရောင်းအ၀ယ် အေးလျက်ရှိသည်ဟု ရွှေဆိုင်များထံမှ စုံစမ်းသိရှိရသည်။

ယနေ့ အမေရိကန် ၁ ဒေါ်လာလျှင် ၁၀၁၃ ကျပ် ပေါက်ဈေးရှိပြီး FEC တယူနစ်လျှင် ၁၀၅၀ ကျပ် ဖြစ်သည်။ တနင်္လာနေ့က FEC ဈေးမှာ ဒေါ်လာဈေးထက် ၁၅ ကျပ် များနေသော်လည်း ယနေ့ဈေးအရဆိုလျှင် ၂၇ ကျပ်များသွားပြီ ဖြစ်သည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်