ဒေါ်အောင်ဆန်းစုကြည်အပေါ် အရေးယူသည့် ဥပဒေ အပြည်ပြည်ဆိုင်ရာ အဆင့်အတန်းနှင့် မညီဟု ကင်တာနာပြော

E-mail Print
မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စတာ သောမတ်စ် အိုဟေး ကင်တာနာက ဒေါ်အောင်ဆန်းစုကြည် အပေါ်တွင် အရေးယူထားသော ဥပဒေသည် အပြည်ပြည်ဆိုင်ရာ အဆင့်အတန်းနှင့် ကိုက်ညီမှုမရှိကြောင်း ပြောသည်။

ရန်ကုန်မြို့ မြရိပ်ညို ဟိုတယ်၌ ယနေ့ ညနေ ၃ နာရီမှ ၄ နာရီ အထိ မစ္စတာ ကင်တာနာနှင့် လက်ထောက် ၂ ဦးတို့သည် ဒေါ်အောင်ဆန်း စုကြည်၏ ရှေ့နေများ ဖြစ်သော ဦးကြည်ဝင်း၊ ဦးဉာဏ်ဝင်း၊ ဦးလှမျိုးမြင့်၊ ဒေါ်ခင်ဌေးကြွယ် တို့နှင့် တွေ့ဆုံရာတွင် ယင်းသို့ ပြောဆိုခြင်း ဖြစ်သည်ဟု ဦးဉာဏ်ဝင်းက ဆိုသည်။

“မြန်မာ ပြည်တွင် ကျင့်သုံးနေသော တရားစီရင်ရေး စနစ်ကို ကျင့်သုံးတဲ့ သူတွေ အနေနဲ့က လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ရှိတယ်၊ တရားစီရင်ရာမှာ အမြင့်ဆုံး ပြစ်ဒဏ်တွေပဲ ပေးနေတယ်၊ တရားရုံး အမိန့်မရှိဘဲနဲ့ ဖမ်းဆီး စစ်ဆေးခံ ချုပ်တဲ့ ရက်အားလုံး ခံစားခွင့်တွေ မရဘူးဆိုတာ ကျနော်တို့က ပြောတယ်” ဟု ဦးဉာဏ်ဝင်းက ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်အမှုတွင် အရေးကြီးဆုံးဖြစ်သည့် ဥပဒေပြဿနာကို ပြောဆိုကြောင်း၊ ၁၈ ရက်နေ့တွင် ဒေါ်အောင်ဆန်း စုကြည်နှင့် တွေ့ခွင့် တောင်းထားသော်လည်း ယခုအချိန်ထိ ခွင့်ပြုချက်မရသေးကြောင်း၊ အင်းစိန် ထောင်တွင် နိုင်ငံရေး အကျဉ်းသားများနှင့် တွေ့ဆုံကာ ရခိုင်ပြည်နယ်သို့ သွားမည်ဖြစ်ကြောင်း မစ္စတာ ကင်တာနာ၏ ပြောကြားချက်ကို ဦးကြည်ဝင်းက  ပြန်ပြောပြသည်။

ဦးဉာဏ်ဝင်းက မြန်မာနိုင်ငံ လူအခွင့်အရေး ချိုးဖောက်မှုကို စိတ်ဝင်တစား အချက်အလက် စုဆောင်းသည့် မစ္စတာကင်တာနာအား ကြိုဆိုကြောင်း၊ ထိုသို့ ချိုးဖောက်မှုများ ရပ်တန့်သွားမည်ဟုလည်း ယုံကြည်ကြောင်း ပြောသည်။

“ကျနော်တို့ သဘောက မကြာခဏကို လာစေချင်ပါတယ်” ဟု သူက ဆက်ပြောသည်။

မစ္စတာကင်တာနာသည် ယနေ့ နံနက် ၉ နာရီတွင် မြန်မာပြည်သို့ ရောက်ရှိလာခြင်းဖြစ်ကြောင်း သိရသည်။ ၎င်းသည် မြန်မာနိုင်ငံ၌ ၅ ရက်ကြာ နေထိုင်မည်ဖြစ်ပြီး ယခုခရီးစဉ်သည် သူ၏ တတိယမြောက် ခရီးစဉ်ဖြစ်သည်။ ၂၀၀၈ ခုနှစ် သြဂုတ်လ၊ ၂၀၀၉ ခုနှစ် ဖေဖော်ဝါရီလတို့ကလည်း မြန်မာနိုင်ငံသို့ သွားရောက်ခဲ့သည်။

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဒုတိယ ဥက္ကဋ္ဌ ဦးတင်ဦးက “မစ္စတာ ကင်တာနာကို ကြိုဆိုတယ်၊ ဒါပေမယ့် ချေချေ မြစ်မြစ် ခိုင်ခိုင်မာမာ လုပ်ကိုင်ဆောင်ရွက် ပေးပါ” ဟု ယနေ့ပြောဆိုလိုက်သည်။

ထိုင်းနိုင်ငံအခြေစိုက် နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ အတွင်းရေးမှူး ကိုဘိုကြည်က “ဒီထဲကို အခုလိုမျိုးရက် ၅ ရက်လောက်သွားရုံနဲ့ မြန်မာနိုင်ငံက လူ့အခွင့်အရေး အခြေအနေနဲ့ နောက် အကျဉ်းထောင်ထဲက အခြေ အနေတွေ တိုးတက်လာမှာ မဟုတ်ပါဘူး” ဟု ပြောသည်။

မစ္စတာ ကင်တာနာ ခရီးစဉ် မတိုင်မီတွင် ထိန်းသိမ်းထားသူ တချို့ကို အမိန့် ချမှတ်နေကြောင်းလည်း ၎င်းက ဆိုသည်။

ရွှေတိဂုံစေတီတွင် အင်္ဂါနေ့တိုင်း ၀တ်ပြုဆုတောင်းသည့် ဒေါ်နော်အုန်းလှကို နိုင်ငံတော် အသရေ ဖျက်မှု ပုဒ်မ ၅၀၅ (ခ)ဖြင့် ယနေ့တွင် ထောင်ဒဏ် ၂ နှစ်အထိ ပြစ်ဒဏ်ချမှတ်လိုက်ကြောင်း အင်းစိန်ထောင်နှင့် နီးစပ်သူများက ဆိုသည်။

“ထိန်းသိမ်းထားတဲ့သူတွေကိုလည်း  ရပ်ဝေး ထောင်တွေကို ပို့နေတာကို တွေ့ရတယ်၊ အဲဒီလို ရွှေ့လိုက်တဲ့ အခါမှာ တချို့ လူတွေ က မစ္စတာ ကင်တာနာနဲ့ တွေ့သင့် တွေ့ထိုက်တဲ့ လူမျိုးတွေဖြစ်တယ်၊  ဒီလိုလူမျိုးတွေကို တွေ့ခွင့်မရအောင်လို့ နယ်ထောင် တွေကိုရွှေ့နေတာဖြစ်တယ်” ဟု ကိုဘိုကြည်က ပြောသည်။

ညီညီအောင်ကို ဖေဖော်ဝါရီ ၁၁ ရက်နေ့က ရန်ကုန် အင်းစိန်ထောင်မှ ပြည်မြို့ ထောင်သို့ ပြောင်းရွှေ့လိုက်ကြောင်း ၎င်း၏ အဒေါ် ဖြစ်သူ ဒေါ်ခင်ခင်ဆွေက ပြောသည်။

ရွှေဝါရောင် သံဃာ့လှုပ်ရှားမှု နှစ်ပတ်လည် ကာလအတွင်း မန္တလေးတိုင်း မြင်းခြံမြို့မှ ဖမ်းဆီးထိန်းသိမ်းကာ တောင်ကြီး အကျဉ်းထောင်တွင် အကျဉ်းကျခံနေသော နိုင်ငံရေးတက်ကြွလှုပ်ရှားသူ ကိုမျိုးဟန်ကိုလည်း ကျိုင်းတုံ အကျဉ်းထောင်သို့ ပြောင်းရွှေ့လိုက်ကြောင်း အစ်မဖြစ်သူ မသူဇာက ပြောသည်။

မြန်မာနိုင်ငံတွင် စစ်အစိုးရက ဖမ်းဆီးထားသော နိုင်ငံရေးအကျဉ်းသားပေါင်း ၂၁၉၅ ဦးရှိကြောင်း AAPP စာရင်းအရ သိရသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်