ဦးတင်ဦး ပြန်လည်လှုပ်ရှားပြီ

E-mail Print
စနေနေ့က နေအိမ်အကျယ်ချုပ်မှ လွတ်မြောက်လာသော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ဒု ဥက္ကဋ္ဌ ဦးတင်ဦးသည် မူလလုပ်ငန်းများ  ပြန်လည် လုပ်ဆောင်ရန် အဖွဲ့ချုပ်ရုံးသို့ ယနေ့ ရောက်ရှိလာသည်။

နံနက် ၁၁ နာရီတွင် ဗဟန်း မြို့နယ်ရှိ NLD ရုံးသို့ ရောက်လာသော ဦးတင်ဦးကို အဖွဲ့ဝင် ၁၀၀ ကျော်က “ဘဘ ဦးတင်ဦး ကျန်းမာပါစေ” ဟု ကြွေးကြော်ကာ ပန်းကုံးစွပ်ပြီး ကြိုဆိုကြသည်။

ဦးတင်ဦး ရုံးတက်မည် ဆိုသော သတင်း ရသဖြင့် NLD ရုံးသို့ သံတမန်များ၊ သတင်းထောက်များ ရောက်လာ သည်ကို တွေ့ရသည်။ ကျန်းမာရေး ချွတ်ယွင်းနေသော ဦးလွန်းတင်လည်း ရောက်ရှိလာသည်။

ထိန်းသိမ်းခံရပြီး ပြန်လည် လွတ်မြောက် လာသော ဦးတင်ဦးကို လွန်ခဲ့သည့် ၇ နှစ်ခန့်က ကဲ့သို့ပင် အားမာန် အပြည့်ဖြင့် NLD ရုံးတွင် ပြန်လည် တွေ့မြင်ရခြင်း ဖြစ်သည်။

“ရှေ့ကို အောင်မြင်အောင် ဆောင်ရွက်ပါမယ့်၊ ဒီမိုကရေစီ အင်အားစုများကလည်း ၀ိုင်းဝန်းဆောင်ရွက်ပေးကြပါလို့ တိုက်တွန်း ပြောဆိုချင်ပါတယ်” ဟု ဦးတင်ဦးက ဆိုသည်။

ဦးတင်ဦးသည် သူ၏ နိုင်ငံရေးလှုပ်ရှားမှုများကြောင့် မကြာခဏ ထိန်းသိမ်းခံရသူ ဖြစ်သည်။ ၂၀၀၃ ခုနှစ်တွင် သူနှင့်အတူ တရက်တည်း ထိန်းသိမ်းခံခဲ့ရသည့် ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်လည်း ပြန်လည် လွတ်မြောက်လာတော့မည်ဟု ယူဆကြောင်း သူက ပြောသည်။

“အစဉ်အလာ အားဖြင့်တော့ ကျနော် လွတ်ပြီးပြီဆိုရင် ဒေါ်အောင်ဆန်းစုကြည်လည်း ဆက်လွတ်လာတာပါပဲ၊ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ကလည်း ကောင်းမွန်စွာ နေထိုင်ရင် လွတ်ပေးမယ်ဆိုတဲ့ ကတိ ရှိတာပါပဲ” ဟု ဦးတင်ဦးက ပြောသည်။

ထိန်းသိမ်းခံနေရသည့် ကာလတလျှောက်လုံး ဒေါ်အောင်ဆန်းစုကြည်၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးခွန်ထွန်းဦး အပါအ၀င် အားလုံးကို ထိန်းသိမ်းထားရာမှ လွတ်မြောက်စေရန် ဘုရားရှိခိုးပြီးတိုင်း အာရုံပြု ဆုတောင်းပေးသည်ဟု ဆိုသည်။ အကျယ်ချုပ်မှ လွတ်မြောက်ပြီး နောက်တနေ့တွင် ဦးတင်ဦးသည် ရွှေတိဂုံဘုရားသို့  သွားရောက်ခဲ့သည်။

“ရုံးကို ရောက်တဲ့ အခါမှာ အခက်အခဲ အတိုက်အခိုက်တွေကြားထဲက သက်စွန့် ဆံဖျား ဆောင်ရွက်နေရတာကို ကြားရ၊ သိရတဲ့  အတွက်၊ ၈၈ ကျောင်းသား ခေါင်းဆောင်တွေနဲ့ အခြား နိုင်ငံရေး လုပ်ဆောင်သူတွေကို ထောင်ဒဏ် နှစ်ရှည်လများ ချထားတာ ကြားရ သိရတဲ့အတွက်လည်း  စိတ်မကောင်းဖြစ်ရတယ်” ဟု ဦးတင်ဦးက ပြောသည်။

NLD ပြန်ကြားရေး အဖွဲဝင် ဦးအုန်းကြိုင်က “ဦးတင်ဦးဟာ ဒေါ်အောင်ဆန်းစုကြည် လွတ်မလာခင် အဖွဲ့ချုပ်ကို ထိထိရောက်ရောက် ဦးဆောင်မှု ပေးမယ့် သူတယောက်ပဲ၊ ပြန်လည်ထမ်းဆောင်တဲ့ အတွက် ပါတီဝင်တွေကရော ပြည်သူလူထုကရော အရမ်း အားတက်ကြမှာပါ” ဟု ဆိုသည်။

NLDလူငယ်တဦးဖြစ်သူ ကိုရာဇာက “ပျော်တာပေါ့၊ အားကိုးပြန်ရလာတာပေါ့၊ ပိုပြီးတော့ အားရှိလာတာပေါ့၊ လုပ်ချင် ကိုင်ချင်စိတ်လည်း ရှိလာတာပေါ့၊ လူငယ်တွေ အတွက်လည်း သူ အမြဲတမ်း စဉ်းစားလေ့ရှိတယ်” ဟု ပြောသည်။

ဦးတင်ဦးသည် NLD ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်များနှင့် ဆွေးနွေးပြီး ညနေ ၃နာရီတွင် ပြန်လည် ထွက်ခွာသွားသည်။

ဦးတင်ဦးသည် နေအိမ်အကျယ်ချုပ်မှ လွတ်မြောက်လာသည့်နေ့မှာပင်  စစ်အစိုးရကို  တွေ့ဆုံဆွေးနွေးရေး ပြုလုပ်ရန် တိုက်တွန်း ပြောကြားခဲ့သည်။

ဦးတင်ဦးသည် ၂၀၀၃ ခုနှစ် မေလ ၃၀ ရက်တွင် ဖြစ်ပွားခဲ့သော ဒီပဲယင်း လူသတ်ပွဲအပြီး ဒေါ်အောင်ဆန်းစုကြည်နှင့်အတူ ထိန်းသိမ်းခံရခြင်းဖြစ်သည်။

စစ်အစိုးရက ဦးတင်ဦးကို စတင် ဖမ်းဆီးစဉ်က ပုဒ်မ ၁၀ (က) ဖြင့် စစ်ကိုင်းတိုင်း ကလေးမြို့နယ် အကျဉ်းထောင်တွင် ချုပ်နှောင်ခဲ့သည်။ ၂၀၀၄ ခုနှစ် ဖေဖော်ဝါရီလ၌ ပုဒ်မ ၁၀ (ခ) ဖြင့် နေအိမ် အကျယ်ချုပ်သို့ ပြောင်းလဲ၍ နှစ်စဉ် သက်တမ်းတိုးပြီး ဆက်လက် ထိန်းသိမ်းခဲ့သည်။

ဤသတင်းကို ရန်ကုန်အခြေစိုက် ဧရာဝတီ သတင်းထောက်များနှင့် ကိုထွေး ပူးတွဲ ရေးသားသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်