မြစ်ဆုံ ဗုံးပေါက်ကွဲမှု ဗိုလ်ချုပ်စိုးဝင်းနှင့် KIO ဆွေးနွေး

E-mail Print
ကချင်ပြည်နယ် မြစ်ဆုံ ရေကာတာ စီမံကိန်းအနီး ဗုံပေါက်ကွဲမှုနှင့် ပတ်သက်၍ စစ်အစိုးရ၏ မြောက်ပိုင်းတိုင်း တိုင်းမှူး ဗိုလ်ချုပ် စိုးဝင်းနှင့် ကချင် လွတ်လပ်ရေး အဖွဲ့ (KIO) တို့ မြစ်ကြီးနား မြို့တွင် ယမန်နေ့က တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။

ဧပြီ ၁၇ ရက်နေ့က မြစ်ဆုံ ဗုံးပေါက်ကွဲမှုနှင့် ပတ်သက်၍ ဗိုလ်ချုပ်စိုးဝင်းက KIO အဖွဲ့ကို ဖုန်းဆက် မေးမြန်းခဲ့ကြောင်း၊ KI O အဖွဲ့ အထွေထွေ အတွင်းရေးမှူး ဒေါက်တာလဂျာနှင့် ဒုတိယ စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ်ဂွမ်မော်တို့  သွားရောက်ဆွေးနွေးကြောင်း လိုင်ဇာမြို့ရှိ KIO အဖွဲ့ တာဝန်ခံတဦးက ပြောသည်။

“ဗုံးပေါက်တဲ့ကိစ္စ ဆွေးနွေးဖို့ အတွက် အရေးတကြီးသွားတာ” ဟု ၎င်းကဆိုသည်။

အဆိုပါဆွေးနွေးပွဲသို့ ဆက်သွယ်ရေး၊ စာတိုက်နှင့် ကြေးနန်းဝန်ကြီးဌာန ၀န်ကြီးဗိုလ်မှူးချုပ်သိန်းဇော်လည်း တက်ရောက်သည်ဟု အဆိုပါ တာဝန်ခံက ဆိုသည်။

၎င်းရေကာတာစီမံကိန်းမှ ထွက်ရှိလာမည့် လျှပ်စစ်ဓာတ်အားကို တရုတ်နိုင်ငံသို့ရောင်းချမည်ဖြစ်ပြီး စီမံကိန်းဧရိယာ နယ်မြေ အတွင်းရှိ ကျေးရွာများ ပြောင်းရွှေ့ပေးခဲ့ရသည်။

ယင်းဗုံးပေါက်ကွဲသည့် အချိန်သည် စစ်အစိုးရ၏ နယ်ခြားစောင့်တပ် ဖွဲ့စည်းရေးကို ကချင်လွတ်လပ်ရေးအဖွဲ့နှင့် ကချင်နယ်မြေခံ လူထုတို့ လက်မခံကြောင်း ငြင်းပယ်ခဲ့ချိန်နှင့် တိုက်ဆိုင်နေသည်။

နယ်ခြားစောင့် တပ်ဖွဲ့စည်းရေးနှင့်ပတ်သက်၍ အဖွဲ့၏ ရပ်တည်ချက်နှင့် မကိုက်ညီကြောင်း၊ လက်နက်ကိုင်တပ်ဖွဲ့ အနေဖြင့် ရပ်တည်ရမည်ဆိုလျှင်လည်း ပြည်ထောင်စုတပ်အဖြစ်သာ ရပ်တည်လိုကြောင်း KIO ၏ ဒုတိယ နိုင်ငံခြားရေး တာဝန်ခံ ဂျိမ်းစ်လွမ်းဒေါင်က ဧရာဝတီကို ပြောသည်။

“စစ်အစိုးရဆီက ကျနော်တို့တင်ပြတာကို လက်ခံ မခံကိုပဲ သိချင်တယ်၊ ကျနော်တို့ကတော့ ပင်လုံစာချုပ်အတိုင်း လက်နက် မကိုင်ဘူး ဆိုရင်လည်း အရှင်းမကိုင်ဘူး၊ ကိုင်မယ်ဆိုရင်လည်း ပြည်ထောင်စုတပ်ပဲလုပ်မယ်” ဟု ၎င်းကဆိုသည်။

KIO အဖွဲ့ကနယ်ခြားစောင့်တပ်ဖွဲ့စည်းရေးအစား ပြည်ထောင်စုတပ်ဖွဲ့စည်းရေးတင်ပြချက်ကို ဧပြီလ ၂၈ ရက်နေ့ မတိုင်မီ ထပ်မံ စဉ်းစားပေးရန် စစ်အစိုးရသို့ တင်ပြထားကြောင်း ဂျိမ်းစ်လွမ်းဒေါင်ကပြောသည်။

စစ်အစိုးရပြောဆိုနေသည့် တိုင်းရင်းသားများ အားလုံးပါဝင်သော ပြည်ထောင်စုဆိုသည်မှာ ၁၉၄၇ ခုနှစ်က ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်၍ တိုင်းရင်းသား ခေါင်းဆောင်များနှင် ချုပ်ဆိုခဲ့သည့်စာချုပ် ပေါ်တွင် အခြေခံကြောင်း ဂျိမ်းစ်လွမ်းဒေါင်က ဆက်လက် ရှင်းပြသည်။

ကချင်လွတ်လပ်ရေးအဖွဲ့၏ တင်ပြချက်ကို စစ်အစိုးရက လက်မခံဘဲ မတရားအသင်းကြေညာခဲ့လျှင် KIO အဖွဲ့အနေဖြင့် မည်သို့ တုံ့ပြန်ဆောင်ရွက်မည်ကို သူကထုတ်ဖော်ပြောဆိုခြင်းမရှိပေ။

အပစ်ရပ်အဖွဲ့များ နယ်ခြားစောင့်တပ်ဖွဲ့စည်းရေးနှင့် ပတ်သက်၍ စစ်အစိုးရသည် ဧပြီလ ၂၂ ရက်နေ့တွင် ကချင်လွတ်လပ်ရေး အဖွဲ့ အပါအ၀င်၊ မွန်ပြည်သစ်ပါတီနှင့် လည်းကောင်း၊ ၂၄ ရက်နေ့တွင် တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မတော် ( DKBA) အဖွဲ့နှင့် လည်းကောင်း ဆွေးနွေးမည်ဟု သိရသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်