၉၀ အနိုင်ရ ပါတီအများစု ရွေးကောက်ပွဲ မဝင်

E-mail Print
ယနေ့အထိ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်တွင် မှတ်ပုံတင်သော ပါတီ ၁၉ ခု ရှိပြီ ဖြစ်သော်လည်း ၁၉၉၀ ရွေးကောက်ပွဲတွင် အများဆုံး အနိုင်ရခဲ့သည့် ပါတီအများစု ရွေးကောက်ပွဲဝင်ရန် မှတ်ပုံ မတင်ကြကြောင်း သိရသည်။

၁၉၉၀ တွင် မဲဆန္ဒနယ် အများဆုံးအနိုင်ရခဲ့သည့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD)၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) တို့က ပါတီမှတ်ပုံ မတင်သော်လည်း တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ပါတီ (တစည) ကမူ မှတ်ပုံတင်ကြောင်း သိရသည်။

၁၉၉၀ တွင် အမတ်နေရာ ၁၁ နေရာ ရရှိခဲ့သည့် ရခိုင် ဒီမိုကရေစီ အဖွဲ့ချုပ်၊ ၅ နေရာ ရရှိခဲ့သည့် မွန်အမျိုးသား ဒီမိုကရေစီ အဖွဲ့၊ ၄ နေရာရရှိခဲ့သည့် အမျိုးသား လူ့အခွင့်အရေး ဒီမိုကရက်တစ်ပါတီ၊ ၃ နေရာစီရရှိသည့် ချင်းအမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်နှင့် အမျိုးသား ဒီမိုကရေစီပါတီ၊ ၂ နေရာစီ ရရှိသည့် ဇိုမီး အမျိုးသား ကွန်ဂရက်နှင့် တအောင်း (ပလောင်) အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်တို့သည် ရွေးကောက်ပွဲ ဝင်မည် မဟုတ်ကြောင်း သိရသည်။ ထိုပါတီများသည် ၁၉၉၂ တွင် ဖျက်သိမ်းခံခဲ့ရသည်။

၁၉၉၀ ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ဖူးသည့် တည်ဆဲ ပါတီ ၁၀ ခုအနက် ဆက်လက် မှတ်ပုံတင်သော ပါတီ သုံးခုမှာ တ.စ.ည အပါအဝင် ပြည်ထောင်စု ကရင် အမျိုးသားများ အဖွဲ့ချုပ်နှင့်  မြို (ခေါ်) ခမီ အမျိုးသား ညီညွတ်ရေး အဖွဲ့ (မ.ခ.မ.ည.ဖ) တို့ ဖြစ်သည်။

မှတ်ပုံဆက်တင်သည့် ပါတီဟောင်းများဖြစ်သည့် ပြည်ထောင်စု ကရင် အမျိုးသား အဖွဲ့ချုပ်သည် ၁၉၉၀ တွင် လွှတ်တော် အမတ် တနေရာမျှ မရရှိဘဲ မြို (ခေါ်) ခမီ အမျိုးသား ညီညွတ်ရေး အဖွဲ့က အမတ် တနေရာ ရရှိခဲ့သည်။

မှတ်ပုံတင်ရန် လျှောက်ထားခြင်း မရှိသော ပါတီများတွင် အမတ် ၂၃ နေရာရခဲ့သည့် SNLD အပါအဝင်၊ ၃ နေရာ ရခဲ့သည့် ပြည်ထောင်စု ပအိုဝ်း အမျိုးသားများ အဖွဲ့ချုပ်၊ ၁ နေရာစီ ရခဲ့သည့် ရှမ်းပြည်-ကိုးကန့် ဒီမိုကရက်တစ်ပါတီ၊ လားဟူ အမျိုးသား ဖွံ့ဖြိုးတိုးတက်ရေး ပါတီနှင့်  'ဝ' အမျိုးသား ဖွံ့ဖြိုးတိုးတက်ရေး ပါတီ စသည့်တိုင်းရင်းသား ပါတီများ ပါဝင်သည်။

တည်ဆဲပါတီများ မှတ်ပုံတင်ရန် သတ်မှတ်ထားသည့် ရက် ၆၀ သည် မေလ ၆ ရက်နေ့တွင် ပြည့်မည်ဖြစ်ပြီး လျှောက်ထားခြင်း မရှိသော ပါတီမျာသည်း နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေအရ ပါတီ အလိုအလျောက် ပျက်ပြယ်မည်ဟု ဧပြီလ ၁၀ ရက်နေ့ထုတ် အစိုးပိုင် ကြေမုံ သတင်းစာက ကြေညာသည်။

နိုင်ငံရေး ပါတီဟောင်းများ မှတ်ပုံ မတင်ခြင်းမှာ ပါတီများသည် NLD နှင့် ချိတ်ဆက် ထားခြင်း၊ ပါတီခေါင်းဆောင်များ အကျဉ်းကျနေခြင်းနှင့် ရွေးကောက်ပွဲသည် လွတ်လပ်၍ မျှတမည် မဟုတ်ဟု ယူဆခြင်းတို့ကြောင့် ဖြစ်နိုင်ကြောင်း မြန်မာ့အရေးလေ့လာသူ ဦးအောင်နိုင်ဦးက သုံးသပ်သည်။

“မှတ်ပုံတင်တဲ့ ပါတီဟောင်းတွေက NLD နဲ့ မပတ်သက်တဲ့ ပါတီတွေပါ။ အစိုးရနဲ့ နီးစပ်တယ်လို့ ယူဆကြတဲ့ ပါတီတွေလေ။ ပါတီ မျက်နှာသစ်တွေ ပါလာလိမ့်မယ်လို့လည်း မျှော်လင့်ထားပြီးသားပါ” ဟု သူက ဆိုသည်။

NLD ဗဟို အလုပ်မှုဆောင် အဖွဲ့ဝင် ဦးဝင်းတင်ကမူ ပါတီအချို့သည် ရွေးကောက်ပွဲ မဝင်ကြရန် NLD ထက်စော၍ ဆုံးဖြတ်ထားပြီး ဖြစ်သည်ဟု ဧရာဝတီသို့ ပြောသည်။

“ပါတီ အသီးသီးရဲ့ အကြောင်းပြချက်က ကွဲပြားပေမယ့် အဓိက အချက်ကတော့ ၂၀၀၈ အခြေခံဥပဒေကို ပြင်ဆင်ပေးဖို့ပါပဲ” ဟု ဦးဝင်းတင်က ဆိုသည်။

၁၉၉၀ ရွေးကောက်ပွဲတွင် လွှတ်တော် အမတ်နေရာ ၈၇.၆၉ ရာခိုင်နှုန်း ရရှိခဲ့သော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) က အများစု ဆန္ဒဖြင့် ပါတီ မှတ်ပုံမတင်ရန် ဆုံးဖြတ်ပြီး ဖြစ်သည်။  ထိုစဉ်က မဲဆန္ဒနယ် ၄၄၇ ခု တွင် ဝင်ပြိုင်ပြီး ကိုယ်စားလှယ် အရေအတွက် ၃၉၂ ရရှိခဲ့သည်။

တစည ပါတီသည် ကွယ်လွန်သူ ဦးနေဝင်း တည်ထောင်ခဲ့သော မြန်မာ့ ဆိုရှယ်လစ် လမ်းစဉ်ပါတီကို ၁၉၈၈ ခုနှစ်တွင် အမည်ပြောင်း၍ ပြန်လည် ဖွဲ့စည်း ထားခြင်းဖြစ်ပြီး ဒုကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်ဟောင်း ဦးထွန်းရီ ခေါင်းဆောင်သည်။ ၁၉၉၀ တွင် မဲဆန္ဒနယ် ၄၃၁ ခု၌ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သော်လည်း ကိုယ်စားလှယ် အရေအတွက် ၁၀ နေရာရပြီး ၂.၄၂ ရာခိုင်နှုန်းသာ အနိုင်ရခဲ့သည်။  

၂၀၁၀ အတွက် မှတ်ပုံတင်ကြသည့် ပါတီများ အနက် ဦးအေးလွင် (ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသား နိုင်ငံရေး အဖွဲ့ချုပ်)၊ သူ၏ ညီဖြစ်သူ ဦးရဲထွန်း (၈၈ မျိုးဆက် ကျောင်းသားလူငယ်များ - ပြည်ထောင်စု မြန်မာနိုင်ငံ)၊ ဦးထွန်းအောင်ကျော် (ခေတ်သစ်ပြည်သူ့ပါတီ) တို့သည် စစ်အစိုးရ၏ မူဝါဒများကို ထောက်ခံသူများ ဖြစ်သည်ဟု နိုင်ငံရေး အသိုင်းအဝိုင်းက ဆိုသည်။

ဦးအေးလွင်နှင့် ဦးရဲထွန်းတို့သည် ပါတီတရားဝင် မထောင်ခင်ကတည်းကပင် စစ်အစိုးရ၏ အထောက်အပံ့များကို ယူခဲ့ကြသည်။ စီးပွားရေးပိတ်ဆို့မှုကိုလည်း တက်တက်ကြွကြွ ဆန့်ကျင်ကြသူများ ဖြစ်သည်။

ဦးထွန်းအောင်ကျော်သည် ၁၉၉၀ ရွေးကောက်ပွဲတွင် ညီညွတ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးပါတီ အတွင်းရေးမှူး ဖြစ်ခဲ့သည်။ ညီညွှတ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးပါတီသည် လွှတ်တော် အမတ် တနေရာမျှ မရရှိခဲ့ဘဲ ၁၉၉၂ တွင် ဖျက်သိမ်းခံရသည်။

ဦးထွန်းအောင်ကျော်သည် အလံနီ ကွန်မြူနစ်ခေါင်းဆောင် သခင်စိုး၏ ကိုယ်ရေးအရာရှိ အဖြစ် ကိုးနှစ်ကြာ တာဝန်ယူခဲ့ဖူးသည်။ နအဖခေတ်တွင် အောင်မိုးစံ၊ ထွန်းအောင်ကျော် (မာန်အောင်) စသည့် ကလောင်များဖြင့် အစိုးရအာဘော် သတင်းစာများတွင် ဆောင်းပါးများ ရေးသူဖြစ်သည်။

ဦးသုဝေသည် ၁၉၉၀ တွင် ဒီမိုကရေစီ ပါတီအမည်ဖြင့် ဝင်ရောက် အရွေးခံခဲ့ပြီး လွှတ်တော် အမတ် တနေရာ ရဖူးသည်။ ယင်းပါတီသည်လည်း ၁၉၉၂ တွင် ဖျက်သိမ်းခံရသည်။

၂၀၁၀ အတွက် တိုင်းရင်းသား ကိုယ်စားပြု အဖြစ် ကရင်က ၂ ပါတီနှင့် ပအိုဝ်း၊ ကချင်၊ ချင်း၊ ရှမ်းနှင့် ပလောင် တို့က တပါတီစီ မှတ်ပုံတင်ကြသည်။

ကရင်ပြည်သူ့ပါတီ ခေါင်းဆောင် ဒေါက်တာစောဆိုင်မွန်သာသည် ကရင်လက်နက်ကိုင် အဖွဲ့များနှင့် မြန်မာစစ်အစိုးရ အကြား ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖြစ် ဆောင်ရွက်ခဲ့ဖူးသည်။

၁၉၉၀ ရွေးကောက်ပွဲတွင် ကရင်ပြည်နယ် အမျိုးသားများ အဖွဲ့ချုပ် (KSNO)၊ ပြည်ထောင်စု ကရင်အမျိုးသားများ အဖွဲ့ချုပ် (UKL) နှင့် ကရင် အမျိုးသား ဒီမိုကရေစီ ကွန်ရက် (KNCD) စသည်ဖြင့် ကရင် ပါတီ ၃ ခု ဝင်ရောက် ယှဉ်ပြိုင်ခဲ့ရာ KSNO သည် ကရင်ပြည်နယ်ရှိ မဲဆန္ဒနယ်မြေတခုတွင် အနိုင်ရဖူးသည်။

ဦးအောင်ခမ်းထီက သူ၏ ပအိုဝ်း အမျိုးသား အဖွဲ့ချုပ်ကို ပါတီ မှတ်ပုံတင်သည်။ ဦးအောင်ခမ်းထီ၏ ပအိုဝ်း အမျိုးသား အဖွဲ့ချုပ်သည် ၁၉၉၁ ခုနှစ် ဧပြီလတွင် စစ်အစိုးရနှင့် အပစ်အခတ် ရပ်စဲရေး ပြုလုပ်ခဲ့သည်။ ၁၉၉၃ တွင် အမျိုးသားညီလာခံသို့ တက်ရောက်ခဲ့သည်။

၁၉၉၀ တွင် ပြည်ထောင်စု ပအိုဝ်း အမျိုးသား အဖွဲ့ချုပ် အမည်ရှိ ပါတီတခုသည် ဆီဆိုင်၊ ဟိုပုံးနှင့် ပင်လောင်းမြို့နယ် မဲဆန္ဒနယ် ၃ ခုတွင် နိုင်ခဲ့ဖူးသည်။

ကချင်ပြည်နယ် တိုးတက်ရေး ပါတီခေါင်းဆောင်မှာ ဒေါက်တာ မနန်တူးဂျာဖြစ်သည်။ ဒေါက်တာတူးဂျာသည် အပစ်ရပ် အဖွဲ့ဖြစ်သော ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) ၏ ဒုတိယ ဥက္ကဌဟောင်း ဖြစ်သည်။

တည်ဆဲ ပါတီ ၁၀ ခုတွင် ၈ ပါတီသည် တိုင်းရင်းသားပါတီများ ဖြစ်ကြောင်း၊ SNLD ကမူ ခေါင်းဆောင်ဖြစ်သော ဦးခွန်ထွန်းဦးကို အကျဉ်းချထားသောကြောင့် မှတ်ပုံတင်ရန် မစဉ်းစားခြင်း ဖြစ်ကြောင်း ဦးဝင်းတင်က ပြောကြားသည်။

တည်ဆဲ ပါတီ ၁၀ ခုတွင် အနည်းဆုံး လွှတ်တော် ကိုယ်စားလှယ် တဦးနှင့်အထက် ရွေးချယ်တင်မြှောက်ခံရသည့် အဖွဲ့ ၇ ဖွဲ့နှင့် လွှတ်တော် ကိုယ်စားလှယ် တဦးမျှ တင်မြှောက်ခြင်း မခံရသည့် အဖွဲ့ ၃ ဖွဲ့ရှိသည်။

ရခိုင် ဒီမိုကရေစီ အဖွဲ့ချုပ်ခေါင်းဆောင် ဦးအေးသာအောင်ကလည်း ၂၀၀၈ ခုနှစ် အခြေခံ ဥပဒေ ပြင်ဆင်ရန် လိုအပ်ပြီး ရွေးကောက်ပွဲဥပဒေများ တရားမျှတမှု မရှိကြောင်း ပြောကြားသည်။

“တရားဝင် ၁၀ ပါတီအနက် အများစု တိုင်းရင်းသား ပါတီတွေက မှတ်ပုံ မတင်ကြဘူး၊ အဓိကကတော့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကြောင့်ပဲလေ၊ ရွေးကောက်ပွဲတော့ ဖြစ်မယ်၊ ပြည်သူနဲ့ နိုင်ငံတကာက လက်ခံနိုင်မယ့် ရွေးကောက်ပွဲ ဖြစ်လာလိမ့်မယ်တော့ မထင်ဘူး” ဟု ဦးအေးသာအောင်က ဧရာဝတီသို့ ပြောသည်။

၁၉၉၀ ရွေးကောက်ပွဲတွင် နိုင်ငံရေးပါတီ ၉၃ ခုမှ လွှတ်တော်ကိုယ်စားလှယ်လောင်း ၂၂၀၉ ဦးနှင့် တသီးပုဂ္ဂလ ကိုယ်စားလှယ်လောင်း ၈၇ ဦး၊ စုစုပေါင်း ၂၂၉၆ ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး မဲဆန္ဒနယ်ပေါင်း ၄၈၅ ခု ရှိခဲ့သည်။ ယင်းတို့အနက် လွှတ်တော်ကိုယ်စားလှယ်လောင်း ၄၇၉ ဦးနှင့် တသီးပုဂ္ဂလ ၆ ဦး ရွေးကောက် တင်မြှောက်ခံခဲ့ရသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်