ရခိုင်ပြည်နယ်မှ ကျွဲနွားများ ဘင်္ဂလားဒေ့ရှ်သို့ ခိုးထုတ်နေ

E-mail Print
ရခိုင်ပြည်နယ်အတွင်းမှ လယ်ယာလုပ်ငန်းခွင်သုံး ကျွဲ နွားများကို ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်သို့ တရားမ၀င် တင်ပို့ရောင်းချမှု မြင့်မား နေသောကြောင့် ထိုဒေသတွင် ကျွဲ၊ နွားရှားပါးနေကြောင်း သိရသည်။

မှောင်ခိုသမားများသည် ရခိုင်ပြည်နယ်အတွင်းမှ ကျွဲ၊ နွားများကို ၂၀၀၅ ခုနှစ်ခန့် ကတည်းက ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ကျယ်ကျယ်ပြန့်ပြန့် တရားမ၀င် တင်ပို့ရောင်းချ နေကြကြောင်း ဒေသခံ လယ်သမားများက ပြောသည်။

“ကျနော်တို့ဆီမှာ နွားတွေ၊ ကျွဲတွေ မရှိသလောက်ကို ရှားနေပြီ။ မှောင်ခိုသမားတွေက လတိုင်း လတိုင်း ပုံမှန်လာတင်နေတာ။ သူတို့ တင်သွားတဲ့ နွားတွေကလည်း ဂွမြို့ကတင်မကဘူး၊ ရခိုင်ပြည်နယ် တနယ်လုံးက ကျွဲနွားတွေပါ။ ဆိပ်ကမ်းတွေမှာ မှောင်ခို စက်လှေတွေ ကပ်ပြီး ဝယ်နေ၊ ရောင်းနေကြတာ” ဟု ဂွမြို့မှ လယ်သမားတဦးက ပြောသည်။

နွားသူခိုး များက ၎င်းတို့ခိုးယူလာသည့် ရခိုင်ပြည်နယ်အရှေ့ပိုင်းမှ နွားများကို အနောက်ပိုင်းအထိ မောင်းယူခဲ့ပြီး အနောက်ပိုင်းတွင် နွားမှောင်ခိုများက စောင့်ဝယ်ကာ မော်တော်ကြီးများ၊ စက်လှေကြီးများဖြင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ တင်သွားကြခြင်း ဖြစ်ကြောင်း သူက ဆိုသည်။

ဂွမြို့နယ် ဆိပ်ကမ်းသို့ လစဉ် မှောင်ခို စက်လှေများ လာရောက်လေ့ရှိပြီး တလလျှင် ၂ စင်း သို့မဟုတ် ၃ စင်း ပုံမှန် ၀င်ရောက်ကာ ကျွဲ၊ နွားကောင်ရေ ၅၀၀ ၀န်းကျင်အထိ တင်သွားတတ်သည်ကို တွေ့မြင်ရကြောင်းလည်း သူက ဆက်ပြောသည်။

လယ်ယာသုံး ကျွဲ၊ နွားများပျောက်ဆုံးမှုကို ယခုအခါ ရခိုင်ပြည်နယ် အရှေ့ပိုင်း၊ အနောက်ပိုင်းတွင်သာမက  ကုလားတန် မြစ်ဝဒေသ၊ ပုဏ္ဏားကျွန်းဒေသ များတွင်ပါ တွေ့ကြုံနေရကြောင်း ဒေသခံများက ပြောဆိုကြသည်။

“ကျွဲနွားတွေ ဘယ်လောက် ပျောက်ကုန်လဲဆိုရင် လယ်သမား ၁၀ ဦးမှာ တဦး ကျွဲနွားတရှည်း မရှိကြတော့ဘူး။ ၀ယ်တဲ့သူလည်း ပျောက်တာပဲ၊ ငှားတဲ့သူလည်း ပျောက်တာပဲ၊ အားလုံး ဒုက္ခ ရောက်ကြတယ်။ ဘယ်လိုလုပ်ရမှန်း မသိတော့ဘူး” ဟု ရခိုင်ပြည်၊ မြန်အောင်မြို့မှ လယ်သမားတဦးက ပြောသည်။

နွားမှောင်ခိုသမားများမှာ ယခုအခါ ပိုမိုရဲတင်းလာကာ နေ့လယ်ပိုင်း မမှောင်ခင်အချိန်တွင်ပင် စက်လှေများဖြင့် သယ်ယူနေကြ ကြောင်း ပုဏ္ဏားကျွန်းဒေသမှ ဒေသခံတဦးက ပြောသည်။

“ရဲတွေကလည်း အဲဒီလို စက်လှေလာကပ်ပြီဆိုရင် ဘယ်ရောက်ကုန်မှန်းမသိဘူး၊ ရှောင်နေကြတယ်။ ဆိပ်ကမ်းရဲလည်း မရှိဘူး၊ ပြည်နယ်ရဲ တွေလည်း မတွေ့တော့ဘူး” ဟု ရခိုင်အမျိုးသား တဦးက ပြောသည်။

ကျွဲ၊ နွား မှောင်ခိုများတွင် ရခိုင်ပြည်နယ် ဒေသခံများလည်း ပါဝင်သကဲ့သို့ တခြားဒေသမှလည်း ပါဝင်ကြကြောင်း၊ ယခု နောက်ပိုင်းတွင် တဖြည်းဖြည်း ကြီးထွားလာပြီး ယခုအခါ အရောင်းအ၀ယ်ကို ပေါ်ပေါ်တင်တင်တွ့မြင်ကြရကြောင်း ကုန်သည်တဦးက ပြောဆို သည်။

“မှောင်ခိုတွေက ရဲတွေတင်မကဘူး အဲဒီက စစ်တပ် တပ်ရင်းတွေကိုပါ ပိုက်ဆံပေးရတယ်။ အရင် ၂၀၀၅ ခုနှစ်လောက်တုန်းက ရဲတွေက မှောင်ခိုတွေကို လိုက်ဖမ်းသေးတယ်။ ခုတော့ မဖမ်းတော့ဘူး။ အထက်က ပြောလာရင်တော့ နွားကောင်ရေ ဆယ် ဂဏန်းလောက် ဖမ်းပြလိုက်တာမျိုးပဲ လုပ်တော့တယ်” ဟု ဂွမြို့နယ်မှ အမည်မဖော်လိုသူ ကုန်သည်တဦးက ပြောပြသည်။

ယခုအခါ ကျွဲနွားလိုအပ်ချက် မြင့်မားလာသောကြောင့် ရခိုင်ပြည်နယ်မှ လယ်သမားများမှာ ဧရာဝတီတိုင်းမှ ၀ယ်ယူ၍ ပြည်နယ်အတွင်းသို့ တင်သွင်းနေရကြောင်း၊ ထိုသို့ ၀ယ်ယူ တင်သွင်းကြသော်လည်း နွားသူခိုးများနှင့် နွား မှောင်ခိုများကို ထိတ်လန့်နေရကြောင်း ဂွမြို့ခံ တဦးက ပြောသည်။

“ကျနော်တို့ဆီမှာ အခုဆို နွားတရှဉ်းကို ငွေကျပ် ၅ သိန်းခွဲလောက်ထိ ဈေးရှိနေပြီ။ အရင်က ၂၀၀၅၊ ၂၀၀၆ ခုနှစ်လောက်က တရှဉ်းကို ၂ သိန်းလောက်ပဲ ရှိခဲ့တာ။ အခုတော့ ပိုက်ဆံ ရှိရင်တောင် ၀ယ်လို့မရတဲ့ အခြေအနေဖြစ်နေပြီ” ဟု သူက ဆိုသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်