ဥရောပက စစ်အစိုးရကို ပိတ်ဆို့မှု တနှစ်ထပ်တိုး

E-mail Print
မြန်မာစစ်အစိုးရအပေါ် ဒဏ်ခတ်ပိတ်ဆို့ထားခြင်းကို လာမည့်နှစ် ဧပြီလအထိ သက်တမ်းတနှစ် ထပ်မံတိုးလိုက်ကြောင်း ဥရောပသမဂ္ဂက  တနင်္လာနေ့တွင် ကြေညာလိုက်သည်။

သက်တမ်းတိုးကြောင်း ကြေညာရာတွင် မကြာသေးမီက ထွက်ပေါ်လာသော ၂၀၁၀ ရွေးကောက်ပွဲ ဥပဒေသည် “လွတ်လပ်ပြီး တရားမျှသည့် ရွေးကောက်ပွဲ ဖြစ်မြောက်ရန်” ရေးဆွဲထားခြင်း မဟုတ်သည့်အတွက် “အထူး စိုးရိမ်မိကြောင်း” ဖော်ပြထားသည်။

ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် နိုင်ငံရေး လှုပ်ရှားသူများကို အကျဉ်းချထားရာမှ လွှတ်ပေးရန်လည်း ထပ်မံ တောင်းဆိုထားသည်။

သို့သော်လည်း မြန်မာအစိုးရနှင့် ဆက်လက် ဆွေးနွေးနိုင်မည်ဟု မျှော်လင့်ကြောင်း ကြေညာချက်တွင် ရေးထားသည်။

မြန်မာနိုင်ငံအတွင်း လူ့အခွင့်အရေး ချိုးဖောက်မှုများကြောင့် ဥရောပအစိုးရများက စစ်အစိုးရအပေါ် စီးပွားရေး ပိတ်ဆို့ ဒဏ်ခတ်ထားခြင်း ဖြစ်သည်။

ဥရောပသမဂ္ဂ၏ ပိတ်ဆို့မှုများသည် အမေရိကန်ပြည်ထောင်စု၏ ပိတ်ဆို့မှုများကဲ့သို့ မဟုတ်ဘဲ ဟာကွက်များ ရှိနေသည်ဟု သိရသည်။ မြန်မာ့ကျောက်မျက်များ ဥရောပသို့ တင်သွင်းပြီး အင်တာနက်မှတဆင့် လွတ်လပ်စွာ အရောင်းအ၀ယ် လုပ်နေကြသည်ဟု ဒဏ်ခတ်ပိတ်ဆို့ရေး လှုံ့ဆော်သူတချို့က ထောက်ပြကြသည်။

ဥရောပသမဂ္ဂသည်  နှစ်ကုန်ပိုင်းတွင် သံတမန် အဖွဲ့တဖွဲ့ စေလွှတ်ရန် ပြင်ဆင်နေခြင်းဖြင့် မြန်မာအစိုးရနှင့် ဆွေးနွေးနေခြင်းကို အဆင့် မြှင့်တင်ရန် ကြိုးစားမည်ဟု သိရသည်။

တနင်္လာနေ့က ထုတ်ပြန်သည့် ဥရောပသမဂ္ဂ၏  ကြေညာချက်ထဲတွင် ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီ၏ မြန်မာပြည်ဆိုင်ရာ ဆုံးဖြတ်ချက်ကို ထောက်ခံ ကြိုဆိုထားသည်။ ထို့ပြင် ကုလသမဂ္ဂ လူ့အခွင့်အရေး ကိုယ်စားလှယ် မစ္စတာ သောမတ်စ် အိုဟေး ကင်တာနာ၏ အစီရင်ခံစာကိုလည်း ထောက်ခံထားသည်။

သို့သော်လည်း မြန်မာနိုင်ငံအတွင်း စစ်ရာဇ၀တ်မှုများ ကျူးလွန်မှု ရှိမရှိ စုံစမ်းရန် မစ္စတာ ကင်တာနာက ကုလသမဂ္ဂ လုံခြုံရေးကောင်စီထံ အကြံပေးထားချက်နှင့် ပတ်သက်ပြီး ဥရောပသမဂ္ဂက သိသာထင်ရှားစွာ ပြောဆိုခြင်း မရှိပေ။

ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံများ ဖြစ်ကြသော ဗြိတိန် နှင့် ချက်သမ္မတ နိုင်ငံတို့သည်  မစ္စတာ ကင်တာနာ၏ အကြံပြုချက်များကို မူလကပင် ကျောထောက်နောက်ခံ ပြုခဲ့ကြသည်။ အိုင်ယာလန်နိုင်ငံကမူ တိတိလင်းလင်း ထောက်ခံခြင်း မရှိခဲ့ဘဲ ဥရောပသမဂ္ဂနိုင်ငံတို့၏ ဘုံသဘောတူညီချက်ကို စောင့်ဆိုင်းရန် သဘောထားပေးခဲ့သည်။

ဘုံသဘောတူညီချက်က ပျော့ပြောင်းဖွယ် ရှိသည်ဟု ဒဏ်ခတ်ရေးလှုံ့ဆော်နေသည့်အဖွဲ့များက ယုံကြည်ကြသည်။ တိုတယ်ကုမ္ပဏီ၏ မြန်မာပြည်တွင်း လုပ်ငန်းများ ရပ်ဆိုင်းရေး တောင်းဆိုမှုကို ပြင်သစ်နိုင်ငံက ထောက်ခံခြင်း မရှိပေ။ ပြင်သစ် နှင့် ဂျာမနီ နှစ်နိုင်ငံက ဥရောပသမဂ္ဂ၏ ဒဏ်ခတ်ပိတ်ဆို့မှုကို ဟန့်တားရေးနည်းလမ်းများပင် ရှာဖွေခဲ့ကြသေးသည်။

ဥရောပသမဂ္ဂသည် ပိတ်ဆို့ ဒဏ်ခတ်မှုကို  ၁၉၉၆ ခုနှစ်က အစပြုခဲ့ခြင်း ဖြစ်ပြီး နှစ်စဉ် သက်တမ်းတိုးလေ့ ရှိသည်။

ဥရောပသမဂ္ဂ၏ ပိတ်ဆို့ အရေးယူမှုသည် စစ်ဗိုလ်ချုပ်များ၏ ခရီးသွားလာမှု ပိတ်ပင်ခြင်း၊ လက်နက်ရောင်းချမှု ပိတ်ပင်ခြင်း၊ သံတမန် ဆက်သွယ်ရေး ကန့်သတ်ခြင်း၊ နိုင်ငံခြားဘဏ် စာရင်း ပိတ်ဆို့ခြင်း၊ လူသားချင်း စာနာမှု ဆိုင်ရာ အကူအညီများ မဟုတ်သည့် အထောက် အပံ့များကို ဆိုင်းငံ့ခြင်း စသည်တို့ ပါဝင်သည်။

၂၀၀၉ ခုနှစ်တွင် စစ်အစိုးရက ဒေါ်အောင်ဆန်းစုကြည်အား အကျယ်ချုပ်သက်တမ်း တိုးလိုက်ခြင်းကို တုံ့ပြန်သည့် အနေဖြင့် ဥရောပသမဂ္ဂက ပိတ်ဆို့ ဒဏ်ခတ်မှု တိုးချဲ့ချမှတ်ခဲ့သည်။

ထိုသို့ ဒဏ်ခတ်မှု ပြင်ဆင် သတ်မှတ်စဉ်က အစိုးရ၏ မီဒီယာ လုပ်ငန်း ၄ ခု၊  ဒေါ်အောင်ဆန်းစုကြည်ကို စီရင်ချက် ချခဲ့ကြသည့် တရားသူကြီး ၃ ဦး နှင့် အစိုးရ ရှေ့နေတို့လည်း ဥရောပသမဂ္ဂ၏ ဒဏ်ခတ်မှု စာရင်းတွင် ပါဝင်သွားသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်