ဗိုလ်ချုပ်ကြီးဟောင်း ခင်ညွန့်၏ ဆင်ဖြူများ လျစ်လျူရှုခံထားရ

E-mail Print
ထောက်လှမ်းရေး ခေါင်းဆောင်ဟောင်း ဗိုလ်ချုပ်ကြီး ခင်ညွန့်၏ ညွှန်ကြားချက်ဖြင့် ရှာဖွေဖမ်းဆီး ရမိခဲ့သော ဆင်ဖြူတော် အမျိုး အနွယ်ဝင် ဆိုသည့် ဆင် ၃ ကောင်မှာ ယခုအခါ စစ်အစိုးရ ခေါင်းဆောင် များ၏ လျစ်လျူရှုခြင်း ခံထားရပြီး ပြည်သူများ သွားရောက်ကြည့်ရှုမှု နည်းပါးသွားပြီဖြစ်ကြောင်း သိရသည်။

အဆိုပါ ဆင် ၃ ကောင်ကို ဗိုလ်ချုပ်ကြီး ခင်ညွန့် ရာထူးမှ ဖယ်ရှားခြင်း မခံရမီ စစ်ထောက်လှမ်းရေး အဖွဲ့က ကြီးကြပ် ကွပ်ကဲ ဖမ်းဆီးခဲ့ပြီး ဆင်များကို ရွှေနန်းဆောင်နှင့် ရတနာ ဆင်ဖြူတော် ဥယျာဉ် ဆောက်လုပ် ထားရှိရန် ဗိုလ်ချုပ်ကြီး ခင်ညွန့်က ဦးဆောင် စီစဉ်ခဲ့ သောကြောင့် ထိုဆင်များကို ဗိုလ်ချုပ်ကြီး ခင်ညွှန့်၏ ဆင်များအဖြစ် စစ်အစိုးရ ခေါင်းဆောင်ပိုင်းက သတ်မှတ် ကြကြောင်း အစိုးရအရာရှိ အသိုင်းအ၀န်းမှ စုံစမ်းသိရှိရသည်။

ဗိုလ်ချုပ်ကြီး ခင်ညွန့် အာဏာကျပြီး နောက် ထိုဆင်ဖြူတော်များကို စစ်အစိုးရ ခေါင်းဆောင်များက ဂရုစိုက်ခြင်း မရှိတော့ သကဲ့သို့ အရေးတယူ လာရောက် ကြည့်ရှုခြင်းလည်း မရှိတော့ကြောင်း သစ်တော ၀န်ကြီးဌာန၊ ရတနာ ဆင်ဖြူတော် ထိန်းသိမ်းရေးအဖွဲ့နှင့် နီးစပ်သူများက ပြောသည်။

“အဘ (ဗိုလ်ချုပ်ကြီးခင်ညွန့်) ရှိတုန်းကဆို ဒီဆင်ဖြူတော်တွေကို တိုင်းမှူးတွေ၊ ၀န်ကြီးတွေနဲ့ စစ်တပ်အရာရှိတွေ နေ့တိုင်း နီးပါးလောက် လာကြည့်ကြ၊ ဆင်ဖြူတော်တွေကို ကျန်းမာရေးက အစ စားရေး၊ နေရေးအဆုံး နေ့စဉ်မှတ်တမ်းလုပ်ပြီး အထက်ကို တင်ခဲ့ရတယ်” ဟု သစ်တောဝန်ကြီးဌာန ၀န်ထမ်းတဦးက ဆိုသည်။

ဗိုလ်ချုပ်ကြီး ခင်ညွန့်နှင့်ရင်းနှီးသည့် ဇေကမ္ဘာ ဦးခင်ရွှေကဲ့သို့ စီးပွားရေးလုပ်ငန်းရှင် ကြီးများကလည်း ဗိုလ်ချုပ်ကြီးခင်ညွန့် အာဏာရှိစဉ်က ဆင်ဖြူတော်များကို လစဉ်လာရောက်ကြည့်ရှု အစာ ကျွေးခြင်းများ ပြုလုပ် ခဲ့ကြကြောင်း သိရသည်။

“ဗိုလ်ချုပ်ခင်ညွန့် အာဏာမရှိတော့တဲ့ နောက်ပိုင်းကစပြီ အခုဆို ၆ နှစ်တိတိရှိပြီ။ ဒီဆင်ဖြူတော်တွေကို စစ်ဘက်၊ အရပ်ဘက်နဲ့ နာမည်ကြီး သူဌေးတွေ တယောက်မှ လာမကြည့်တော့ဘူး။ လာကြည့်ဖို့တောင် ကြောက်နေကြတယ် ထင်တယ်”ဟု ရတနာ ဆင်ဖြူတော် ထိန်းသိမ်းရေးအဖွဲ့ဝင်များနှင့် နီးစပ်သူ တဦးက ပြောသည်။

ဗိုလ်ချုပ်ကြီးဟောင်း ခင်ညွန့်ကိုယ်တိုင် ဆင်ဖြူတော်များကို နံ့သာရေ ပက်ဖျန်းနေသည့် မှတ်တမ်း ဓာတ်ပုံများကိုလည်း ဆင်ဖြူတော် ဥယျာဉ်မှ ဖြုတ်သိမ်းခဲ့ပြီး ၎င်းအမည်ပါဝင်သော ဆင်ဖြူတော်ဥယျာဉ် ဆောက်လုပ်ပြီးစီးခြင်း အထိမ်းအမှတ် ကမ္ပည်းကျောက်စာတိုင်ကိုလည်း ဖြိုချခဲ့သည်ဟု ဥယျာဉ်တွင်း ဈေးရောင်းသည့် ပျံကျဈေးသည်များက ပြောသည်။

“ဆင်ဖြူတော်မှာ မင်းကျင့်တရား ဆယ်ပါးနှင့်အညီ တိုင်းပြည်ကို အုပ်ချုပ်သော မင်းကောင်းမင်းမြတ်ကြောင့် ပေါ်ထွန်းခြင်းဖြစ်ပြီး တိုင်းပြည်၏ စည်းစိမ်းဥစ္စာ ရတနာ၊ ရွှေ၊ ငွေ ကျောက်သံ၊ ပတ္တမြား၊ ဆန်ရေစပါး ပေါများမည့် အတိတ်နမိတ်ဖြစ်သည်” ဆိုသော စာသားများကိုလည်း ဆင်ဖြူတော်ဥယျာဉ်အတွင်းတွင် ကပ်ထားသည့်အပြင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ဇနီး ဒေါ်ကြိုင်ကြိုင်က ရတနာဆင်ဖြူတော်များကို သပြေခက်နှင့် ကောင်းချီးမင်္ဂလာပြုနေသော ဓာတ်ပုံအား ပုံကြီးချဲ့ကပ်ထားသည်။

“အခါကြီး ရက်ကြီးဆိုရင်တော့ လူနည်းနည်းရှိတယ်။ သာမန်နေ့တွေဆိုရင်တော့ တနေ့ကို လူ ဆယ်ယောက်၊ အယောက် နှစ်ဆယ်လောက်ပဲ လာကြည့်ကြတော့တယ်။ ၂၀၀၄ မတိုင်ခင်ကဆိုရင် တနေ့ တနေ့ကို ဆင်ဖြူတော်လာကြည့်တဲ့သူတွေ
ရာနဲ့၊ ထောင်နဲ့ချီပြီး ကြိတ်ကြိတ်တိုးစည်ကားခဲ့တာ” ဟု ဆင်ဖြူတော် ကြည့်ဆောင်အနီး ဈေးရောင်းနေသည့် ဈေးသည်တဦးက ပြောသည်။

ယခင်က ရတနာ ဆင်ဖြူတော် ဥယျာဉ်အနီးတွင် ဈေးရောင်း ပွဲတော်များပြုလုပ်ခြင်း၊ ရတနာ ဆင်ဖြူတော်ဓာတ်ပုံများနှင့်
ပြက္ခဒိန်များ ထုတ်လုပ်ရောင်းချခြင်း အပါအ၀င် ဆင်ဖြူတော်များကို ပြည်သူများအကြား လူသိ ထင်ရှားဖြစ်စေရန်
နည်းလမ်း အမျိုးမျိုးဖြင့် ကြိုးစားခဲ့သည်။

ဆင်ဖြူတော်များမှာ အထီး ၁ ကောင်၊ အမ ၂ ကောင်ဖြစ်ပြီး ယခုအခါ အသက် ၁၈ နှစ်အရွယ် အုန်းခွံရောင် ဆင်အထီးကို ရာဇဂဟသီရိပစ္စယ ဂဇရာဇာ ဘွဲ့အမည်ကို လည်းကောင်း၊ အသက် ၃၂ နှစ်အရွယ် ပန်းနုရောင်ဆင်မကို သီင်္ဂီမာလာဘွဲ့အမည်ကို လည်းကောင်း၊ အသက် ၁၅ နှစ်အရွယ် ပန်းနုရောင်ဆင်မငယ်ကို ရတီမာလာဘွဲ့အမည်ကို လည်းကောင်း ဗိုလ်ချုပ်ကြီး ခင်ညွန့်က အခမ်းအနားဖြင့် သတ်မှတ်ပေးခဲ့သည်။

အဆိုပါဆင်များကို ရခိုင်ပြည်နယ်အတွင်းမှ ရှာဖွေတွေ့ရှိခဲ့ခြင်းဖြစ်ပြီး ဆင်ထီးကို ၂၀၀၀ ပြည့်နှစ်၊ ဇန်န၀ါရီလ ၂၀ ရက်နေ့တွင် ရခိုင်ပြည်နယ်၊ ရသေ့တောင် မြို့နယ်၊ စေတီပြင်ကျေးရွာအုပ်စု၊ အထက်နန်းရာကျေးရွာအနီးမှ လည်းကောင်း၊ ဆင်မ အကြီးကို ၂၀၀၂ ခုနှစ် ဧပြီလ ၅ ရက်နေ့တွင် ရခိုင်ပြည်နယ်၊ မောင်းတောမြို့နယ်အတွင်းမှ လည်းကောင်း၊ ဆင်မ အငယ်ကို ၂၀၀၂ ခုနှစ် ဒီဇင်ဘာလတွင် ရခိုင်ပြည်နယ်၊ ကိုင်းကြီးကျေးရွာဟောင်း အနီးမှလည်းကောင်း ဖမ်းဆီးရရှိခဲ့သည်။

ယခု လက်ရှိတွင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေက နေပြည်တော်တွင် ဆင်ဖြူတော် ထားရှိနိုင်ရန် ရခိုင်ပြည်နယ် အခြေစိုက် တပ်ရင်းများကို တောနင်းရှာဖွေခိုင်းလျက်ရှိပြီး ဒေသခံများသည်လည်း ဆင်ဖြူတော် ရှာဖွေရေးအတွက် လုပ်အားပေးနေရကြောင်း နေပြည်တော် စစ်ဘက် အသိုင်းအ၀န်းမှ သတင်းရရှိသည်။

ရှေးမြန်မာမင်းများ လက်ထက်က မာတင်္ဂဆင်၊ ကေလာသဟထ္ထိဆင်၊ ပုဏ္ဍရိကဆင်နှင့် အရုဏ ဟထ္ထိဆင်ဟူ၍ ဆင်ဖြူတော် ၄ မျိုးရှိပြီး ဗေဒင်ကျမ်းဂန်များတွင်မူ ခန္ဓာဇလပ်ပွင့်အဆင်း ကဲ့သို့ ဖြူဖွေးသော သေတဂဇရာဇာဆင်၊ ဖွတ်လျော်ပြီးစဖြူဖွေးသော အ၀တ်ပုဆိုးကဲ့သို့ အဆင်းရှိသည့် သေတဂဇရာဇာဆင်၊ မျောက်ငိုပွင့်အဆင်းရှိသော သေတဂဇရာဇာဆင်၊ ဧကရာဇ်ပွင့် အဆင်းရှိသော သေတဂဇရာဇာဆင်၊ သေတသုဝဏ္ဏဒန္တဆင်၊ ဆင်ဖြူရွှေမွေး၊ ရွှေကွန်ယက်အုပ်ဆင် ဟူ၍ ဆင်ဖြူ ၇ မျိုးရှိကြောင်း ရန်ကုန် နက္ခတ်ဗေဒင် ဆရာအသိုင်း အ၀န်းမှ သိရှိရသည်။

“ဘုရင်တွေ ဘုန်းကြီးလာရင် ဆင်ဖြူတော်ကို လိုက်ဖမ်းစရာမလိုဘူး။ ရှေ့ကို ဆိုက်ဆိုက်မြိုက်မြိုက် ရောက်လာတယ်။ ဒီစစ်အစိုးရက ဘုန်းကြီးတယ်လို့ ထင်အောင် ဆင်ဖြူတော်လိုက်ဖမ်း နေတာ။ တကယ်ရယ်စရာပဲ” ဟု ရန်ကုန်မြို့နေ ဗေဒင်ဆရာတဦးက ဆိုသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်