မေဒေးနေ့ လှုပ်ရှားမှုများ ပြုလုပ်

E-mail Print
ယနေ့ကျရောက်သည့် အကြိမ် ၁၂၀ မြောက် ကမ္ဘာ့အလုပ်သမားနေ့(မေဒေးနေ့) အထိမ်းအမှတ်ပြုလုပ်သော အခမ်းအနားများမှ အလုပ်သမား ရပိုင်ခွင့်များနှင့်ပတ်သက်ပြီး လေ့လာခွင့် ရခဲ့ကြောင်း ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားများ က ပြောသည်။

ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့တွင် ကျင်းပသော မေဒေးနေ့ အခမ်းအနားသို့ တက်ရောက်ခဲ့သည့် အထည်ချုပ် အလုပ်သမ တဦးက“ကျမတို့ စက်ရုံ(၄) ခုက အလုပ်သမားတွေတက်တယ်၊ ဒီပွဲမှာ ကျမတို့ အလုပ်သမားတွေ ရသင့်ရထိုက်တဲ့ အခွင့်အရေး တွေ အကြောင်းကို ပိုသိလာရတယ်၊ နောက်ပြီး မြန်မာအလုပ်သမားထု တရပ်လုံးလည်း စစ်ကျွန်ဖြစ်နေရတာကို နားလည်လာ တယ်"ဟု ပြောသည်။

mayday_bangkok1မဲဆောက်တွင် ကမ္ဘာ့အလုပ်သမားနေ့အခမ်းအနားကို မြန်မာအလုပ်သမားများ သွေးစည်းညီညွတ်ရေး အဖွဲ့ (BSLO)နှင့် လူထု တိုက်ပွဲကော်မတီတို့က မြန်မာအလုပ်သမားများကို ဦးဆောင်ကျင်းပခဲ့ပြီး အလုပ်သမား ရပိုင်ခွင့်များအကြောင်းကို ဟောပြော ဆွေးနွေးခဲ့ကြခြင်းဖြစ်သည်။

“ဒီဘက်ကိုရောက်နေတဲ့ အလုပ်သမားတွေက ဒီမှာ အမြဲတမ်းရှိနေမှာမဟုတ်ဘူး၊ သူတို့ပြည်တွင်းကို ပြန်အလုပ်လုပ်တဲ့အခါ သူတို့ရပိုင်ခွင့်တွေအကြောင်းကို နားလည်သွားရင် သူတို့ဘာတွေ လှုပ်ရှားရမယ်ဆိုတာ သိလာကြမယ်၊ နောက်တချက်က ပြည်တွင်းက သူတို့ရဲ့ ဆွေမျိုးသားချင်းတွေကိုလည်း သူတို့ကတဆင့် ဖြန့်ဝေပေးနိုင်ကြမယ်"ဟု (BSLO) ဥက္ကဌ ဦးသံဒုတ်က ပြောပြသည်။

အဆိုပါအခမ်းအနားတွင် ပြည်တွင်းအလုပ်သမားတိုက်ပွဲများနှင့် နိုင်ငံရေးလှုပ်ရှားမှုများ ဆက်စပ်နိုင်ရန် အဓိကထားဆွေးနွေးခဲ့ကြ ကြောင်း သိရသည်။

“ဒီနှစ်ဆန်းပိုင်းကစပြီး ပြည်တွင်းမှာ အလုပ်သမားသပိတ်တွေ ဆက်တိုက်ဆိုသလိုဖြစ်လာတယ်၊ ဒါတွေကို နိုင်ငံရေးအဖွဲ့အစည်း တွေရဲ့ လှုပ်ရှားမှုနဲ့ ဆက်စပ်လိုက်နိုင်ဖို့ လိုတဲ့အကြောင်းကို ဒီနှစ် မေဒေးနေ့မှာ အဓိက ထားဆွေးနွေးဖြစ်ခဲ့ကြတယ်"ဟု ဦးသံဒုတ် က ဆိုသည်။

နအဖ စစ်အစိုးရက ယခုနှစ် ဇန်န၀ါရီလအတွင်း ၀န်ထမ်းလစာများ တိုးမြှင့်ပေးခဲ့ပြီးနောက် ကုန်ဈေးနှုန်း မြင့်တက်လာရာ ပုဂ္ဂလိက လုပ်ငန်း များတွင် လုပ်ခလစာ လုံလောက်မှုမရှိခြင်းကြောင့် အလုပ်သမားသပိတ်များ ဖြစ်ပွားခဲ့သည်။

လုပ်ခလစာပြဿနာများမှာ မြန်မာပြည်တွင်း စက်ရုံအလုပ်ရုံများတွင် ဆက်လက်ဖြစ်ပွားလျက် ရှိသည်ဟု ရန်ကုန်အခြေစိုက် မြန်မာနိုင်ငံ အလုပ်သမား လယ်သမား သွေးစည်းညီညွတ်ရေး အဖွဲ့ချုပ်၏ အလုပ်သမား နေ့ ကြေညာချက်တွင် ဖော်ပြထားသည်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ကလည်း မေဒေးနေ့ ကြေညာချက်တစောင် ထုတ်ပြန်ခဲ့ပြီး၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေတွင် လယ်သမား ၊ အလုပ်သမားအခွင့်အရေးများကို တိတိကျကျဖော်ပြထားခြင်းမရှိကြောင်း ထောက်ပြကာ ထိုအခွင့်အရေး များ ဖော်ဆောင်ပေးရန်သည် အစိုးရနှင့် ကမ္ဘာ့ အလုပ်သမား အဖွဲ့ချုပ်(ILO)တို့တွင် တာဝန်အရှိဆုံးဖြစ်သည်ဟုလည်း ပြောဆို လိုက်သည်။

ယနေ့ ကျရောက်သည့် ကမ္ဘာ့ အလုပ်သမားနေ့ အထိမ်းအမှတ်အဖြစ် ဘန်ကောက်မြို့ရှိ ရောင်ခြည်ဦး အလုပ်သမား အဖွဲ့ ဦးဆောင်မှုဖြင့်လည်း မြန်မာ အလုပ်သမား ၅၀ တို့ သွေးလှူဒါန်းခဲ့ကြသေးသည်။

mayday_bangkok1ဘန်ကောက်မြို့အနီး မြန်မာအလုပ်သမား သိန်းနှင့်ချီရှိသည့် မဟာချိုင်တွင်လည်း မေဒေးနေ့ အထိမ်းအမှတ်ကို မြန်မာ သင်္ဘော သား အသင်း ဖြစ်သည့် ပင်လယ်ပျော်များသမဂ္ဂ က ထိုင်း အလုပ်သမားအခွင့်အရေး မြှင့်တင်ရေး အဖွဲ့နှင့် ပူးတွဲ၍ ဟောပြောပွဲများ၊ ပျော်ပွဲရှင်ပွဲများဖြင့် ကျင်းပခဲ့ကြသည်။

ယနေ့ထုတ် စစ်အစိုးရ သတင်းစာများ၌ အဖျက်သမားများနှင့် တိုင်းတပါး၏ စွက်ဖက် နှောင့်ယှက်မှု၊ သွေးခွဲသပ်လျှိုမှုတို့ကို တွန်းလှန်တိုက်ဖျက်သွားကြရန်နှင့် နိုင်ငံတော် ရှေ့ဆက်သွားမည့် မူဝါဒ လမ်းစဉ် (၇) ရပ် အောင်မြင်စွာ အကောင်အထည် ပေါ်ရန်အတွက် လက်တွဲကြိုးပမ်းဆောင်ရွက်သွားကြရန် အလုပ်သမားထုကို ဗိုလ်ချုပ်မှူးကြီး သန်းရွှေက ကမ္ဘာ့အလုပ်သမားနေ့ သဝဏ်လွှာတွင် တိုက်တွန်းထားကြောင်း ဖော်ပြထားသည်။

ကမ္ဘာ့အလုပ်သမားနေ့“မေဒေး”နေ့အဖြစ် ၁၈၈၉ ခုနှစ်က ပြင်သစ်နိုင်ငံ ပဲရစ်မြို့တွင် ကျင်းပသည့် အပြည်ပြည်ဆိုင်ရာ ဆိုရှယ်လစ်များ ဒုတိယ အကြိမ် ညီလာခံမှ မေလ ၁ ရက်နေ့ကို သတ်မှတ်ပေးလိုက်ခြင်းဖြစ်ပြီး ထိုနေ့တွင် ကမ္ဘာတဝန်းရှိ အလုပ်သမားများက အလုပ်သမား အခွင့်အရေး ရပိုင်ခွင့်များကို တောင်းဆိုဆန္ဒပြပွဲများပြုလုပ်ကြသည်။

ဤသတင်းအား ဧရာဝတီ သတင်းထောက် ဘစောတင် နှင့် မင်းနိုင်သူ ပူးပေါင်း ရေးသားသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်