ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ခွင့် အမေရိကန် တောင်းဆို

E-mail Print
အမေရိကန် နိုင်ငံခြားရေး ၀န်ကြီးဌာန အရှေ့အာရှနှင့် ပစိဖိတ်ရေးရာ လက်ထောက်နိုင်ငံခြားရေး ၀န်ကြီး မစ္စတာ ကာ့တ် ကမ်း ဘဲလ်က ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ခွင့်ရမှသာ မြန်မာနိုင်ငံသို့ သွားရောက်မည်ဖြစ်သည်ဟု ပြောဆို ကြောင်းသိရသည်။

“ကျနော်တို့ရဲ့ စည်းကမ်း သတ်မှတ်ချက်တွေကို စစ်အစိုးရက သဘောမတူရင်တော့ မစ္စတာ ကမ်းဘဲလ် မြန်မာနိုင်ငံကို သွားမှာ မဟုတ်ပါဘူး”ဟု အမေရိကန် အဆင့်မြင့် အရာရှိ တဦးက ဧရာဝတီသို့ ပြောသည်။

Kurt Campbell and Aung San Suu Kyiထို့အပြင် မစ္စတာ ကာ့တ် ကမ်းဘဲလ် အနေနှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ခေါင်းဆောင်များ၊ တိုင်းရင်းသား အဖွဲ့များ နှင့်လည်း တွေ့ဆုံခွင့်ရရန်၊ အမေရိကန် နှင့် မြန်မာစစ်အစိုးရ ဆက်ဆံရေးအတွက် မစ္စတာ ကမ်းဘဲလ်၏ ဒုတိယ အကြိမ် မြန်မာ နိုင်ငံသို့ သွားရောက်မည့် ခရီးစဉ် စသည်တို့နှင့် ပတ်သက်ပြီး ဆွေးနွေး ညှိနှိုင်းမှုများ ပြုလုပ်နေကြောင်းလည်း သိရသည်။

မစ္စတာ ကမ်းဘဲလ် သည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ဗဟို အလုပ်အမှုဆောင် အဖွဲ့ဝင်(CEC)များနှင့် လာမည့် တနင်္လာနေ့တွင် တွေ့ဆုံရန် ရှိကြောင်း NLD ပြောခွင့်ရ ဦးဉာဏ်ဝင်းက ဧရာဝတီသို့ ပြောသည်။

ယင်းသို့ CEC အဖွဲ့ဝင်များနှင့် မစ္စတာ ကာ့တ် ကမ်းဘဲလ် တွေ့ဆုံရန် ရန်ကုန်မြို့ရှိ အမေရိကန် သံရုံးမှ NLD ရုံးချုပ်သို့ ပြီးခဲ့သည့် မေလ ၆ ရက်နေ့က လာရောက် အကြောင်းကြားခဲ့သည်ဟု ၎င်းက ပြောဆိုသည်။

မေလ ၆ ရက်နေ့သည် ရွေးကောက်ပွဲ ဆိုင်ရာ ပါတီများမှတ်ပုံတင်ခြင်း ဥပဒေအရ NLD ၏ တရားဝင် ပါတီအဖြစ် ရပ်တည်မှု နောက်ဆုံးရက် လည်းဖြစ်သည်။ ယခု မစ္စတာ ကမ်းဘဲလ်နှင့် NLD တွေ့ဆုံရမည့် ရက်သည် ယင်း ရွေးကောက်ပွဲ ဥပဒေအရ ပါတီ ပျက်ပြယ်ပြီးသည့် ၄ ရက်မြောက် ဖြစ်သည်။

“CEC အဖွဲ့ဝင်တွေထဲက ပါတီထောင်မယ့်သူတွေရယ်၊ ကျန်းမာရေး မကောင်းတဲ့ ၃ ဦး ရယ်၊ ခရီးသွားနေတဲ့ ၂ ဦးရယ် မပါဘဲ ကျန် ၁၀ ဦးနဲ့ တွေ့ရမှာဖြစ်ပါတယ်”ဟု ဦးဉာဏ်ဝင်းက ဆိုသည်။

မစ္စတာ ကမ်းဘဲလ်နှင့် တွေ့ရမည့် ၁၀ ဦးထဲတွင် ဒု ဥက္ကဌ ဦးတင်ဦး၊ ဦးဝင်းတင်၊ ဦးသန်းထွန်း၊ ဦးဟံသာမြင့်၊ ဦးအုန်းကြိုင်၊ ဒေါ်မေ၀င်းမြင့် နှင့် ဦးဉာဏ်ဝင်း တို့ ပါဝင်ကြောင်း သိရသည်။

ဦးဉာဏ်ဝင်းက“ဘာအတွက် တွေ့မှာလဲ၊ ဘာကြောင့် တွေ့ရမှာလဲဆိုတာတော့ ကျနော်တို့ အသေအချာ မသိသေးပါဘူး”ဟု လည်း ပြောဆိုသည်။

မစ္စတာ ကမ်းဘဲလ်သည် တနင်္ဂနွေနေ့တွင် မြန်မာနိုင်ငံသို့ ရောက်ရှိမည်ဟု ကြားသိရကြောင်းနှင့် ၎င်း၏ ခရီးစဉ်အတွင်း ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံလိမ့်မည်ဟု နားလည်ထားကြောင်းလည်း ဦးဉာဏ်ဝင်းက ဆိုသည်။

ယမန်နှစ် နှစ်ကုန်ပိုင်းက မစ္စတာ ကမ်းဘဲလ်သည် ပထမ အကြိမ် မြန်မာနိုင်ငံသို့ သွားရောက်ခဲ့စဉ် အမေရိကန်အစိုးရအနေနှင့် မြန်မာ စစ်အစိုးရကို တိုက်ရိုက် ထိတွေ့ဆက်ဆံသွားမည်ဟူသော မူဝါဒ ကိုင်ဆွဲခဲ့ပြီး စစ်အစိုးရ ထိပ်ပိုင်း ခေါင်းဆောင်များ ၊ တိုင်းရင်းသားခေါင်းဆောင်များနှင့် NLD ခေါင်းဆောင်များ အပါအ၀င် ဒေါ်အောင်ဆန်းစုကြည်နှင့်လည်း တွေ့ဆုံခဲ့သည်။

မစ္စတာ ကာ့တ် ကမ်းဘဲလ် သည် ၂၀၀၉ ခုနှစ် နိုဝင်ဘာလတွင် အမေရိကန် ကိုယ်စားလှယ် အဖွဲ့ တဖွဲ့ကို ဦးဆောင်၍ မြန်မာနိုင်ငံ သို့ ပထမအကြိမ်သွားခဲ့ပြီး ၁၄ နှစ်အတွင်း မြန်မာနိုင်ငံသို့ ပထမဆုံး အကြိမ် သွားရောက်သော အမေရိကန် အဆင့်မြင့် ကိုယ်စား လှယ် ဖြစ်သည်။

တချိန်တည်းတွင်ပင် အမေရိကန် အထက်လွှတ်တော် အမတ်များကလည်း မြန်မာစစ်အစိုးရအနေနှင့် အပြုသဘောဆောင်သည့် တိုးတက်မှုများ မတွေ့ရှိရ၍ အမေရိကန်၏ မြန်မာနိုင်ငံအပေါ် ထားရှိသည့် တိုက်ရိုက်ထိတွေ့ဆက်ဆံသော မူဝါဒအား ပြန်လည် သုံးသပ်ရန် အိုဘားမား အစိုးရအဖွဲ့ကို ဖိအားပေးတိုက်တွန်းလျက်ရှိသည်။

မြန်မာပြည်ဆိုင်ရာ အမေရိကန်မူဝါဒ ပြန်လည်သုံးသပ်ရေး ဦးဆောင်သူ အထက်လွှတ်တော်အမတ် Judd Greggက“ကျနော်တို့ရဲ့ လုပ်ဖော် ကိုင်ဖက် လွှတ်တော် အမတ်တွေကို ရှင်းရှင်းလင်းလင်း အသိပေးပြောဆိုရမယ်ဆိုရင်၊ မြန်မာ စစ်အစိုးရရဲ့ရွေးကောက်ပွဲ နဲ့ပတ်သက်ပြီး ခြိမ်းခြောက်မှုတွေ ကြောက်ရွံ့မှုတွေမရှိတဲ့ နိုင်ငံရေးဖြစ်စဉ် ဖန်တီးမှုကို အမေရိကန်က မျှော်လင့်ထားတာပါ၊ ဒါပေမယ့် ဒါ ဟာသ တခုလိုပါပဲ”ဟု ဆိုသည်။

စစ်အစိုးရအနေနှင့် အများ ယုံကြည် စိတ်ချရသော လွတ်လပ်ပြီးတရားမျှတသည့် ရွေးကောက်ပွဲ ဖြစ်ရေး ဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ မကြာသေးခင်က ထုတ်ပြန်လိုက်သည့် ရွေးကောက်ပွဲ ဥပဒေများသည် နိုင်ငံရေးသမားများနှင့် တွေ့ဆုံဆွေးနွေးရေး တရားဝင်မှုကို ပိတ်ပင်လိုက်လိုက်သော စိတ်မသက်သာဖွယ်ရာများကိုသာ ဆက်လက် လုပ်ကိုင်နေကြောင်း၊ ထို့ကြောင့်  အမေရိ ကန် အနေနှင့် အကျိုး မရှိသည့် ဆက်ဆံရေးမျိုးသာ ဖြစ်နေကြောင်းလည်း ၎င်းက ပြောဆိုသည်။

အထက်လွှတ်တော်အမတ် တဦးဖြစ်သူ Ms Diann Feinstein ကလည်း နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးကောင်စီ (SPDC) စစ်အစိုးရသည် ရွေးကောက်ပွဲ ဥပဒေများနှင့် ဒီမိုကရေစီနည်းမကျသော ဖွဲ့စည်းပုံအခြေခံ ဥပဒေသစ်များကို တခါးပိတ် လျှို့ဝှက် ရေးဆွဲကာ NLD အား အဓမ္မ ဖျက်သိမ်းစေပြီး နိုင်ငံ့ အာဏာကို ဆက်လက် ဆုပ်ကိုင်ထားရန် ကြိုးပမ်းနေခြင်းဖြစ်သော ကြောင့် အရေးယူပိတ်ဆို့မှုအသစ်များ ထပ်မံ ပြုလုပ်ရန် တိုက်တွန်းသည်။

ယင်း ဥပဒေများအရ ကျင်းပမည့် ရွေးကောက်ပွဲကို ဆန့်ကျင်ပြီး ပါတီမှတ်ပုံ မတင်သည့် NLD ကို ချီးကျူး ဂုဏ်ယူသည်ဟုလည်း  Diann Feinsteinက ပြောဆိုသည်။

NLD သည် ပြီးခဲ့သည့် မတ်လ ၂၉ ရက်နေ့က NLD ခေါင်းဆောင်များနှင့် နိုင်ငံတ၀န်းရှိ ဗဟိုဦးစီး အဖွဲ့ဝင် ၁၁၃ ဦးတို့ ကျင်းပသည့် ဆွေးနွေးပွဲတွင် ပါတီ ပြန်လည်မှတ်ပုံတင်ခြင်း မပြုရန်နှင့် ရွေးကောက်ပွဲ မ၀င်ရန် ဆုံးဖြတ်ခဲ့ကြသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်