ဝမ်ကျားပေါင်နှင့် ဗိုလ်ချုပ်မှူးကြီး ရွေးကောက်ပွဲကိစ္စ ဆွေးနွေးဖွယ်ရှိ

E-mail Print
မြန်မာ နိုင်ငံသို့ ယနေ့ ရောက်ရှိ လာသည့် တရုတ် ၀န်ကြီးချုပ် ၀မ်ကျားပေါင်သည် ၂၀၁၀ ရွေးကောက်ပွဲနှင့် စွမ်းအင်ကဏ္ဍ ရင်းနှီး မြှပ်နှံမှုများကို အဓိကထား၍ ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် ဆွေးနွေး နိုင်ဖွယ် ရှိကြောင်း သိရသည်။

အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်နှင့် နိုင်ငံရေး အကျဉ်းသား များကို ဆက်လက် ထိန်းသိမ်း ထားပြီး ကျင်းပမည့် ရွေးကောက်ပွဲသည် တရားမျှတမှု မရှိနိုင်ဟု နိုင်ငံတကာ၏ ဝေဖန်ခံနေ ရချိန်တွင် မစ္စတာ ၀မ်ကျားပေါင်က အများယုံကြည် လက်ခံသော ရွေးကောက်ပွဲ ဖြစ်လာရေး အတွက် ဆောင်ရွက်ရန် နည်းလမ်းများကို ပေးနိုင်ကြောင်း လေ့လာသူများက ဆိုသည်။

တရုတ် နိုင်ငံသည် မြန်မာပြည်၏ လူ့အခွင့်အရေး ချိုးဖောက်သည့် ကိစ္စရပ်များနှင့် ပတ်သက်၍ ကုလသမဂ္ဂ လုံခြုံရေး ကောင်စီတွင် အကာအကွယ် ပေးလေ့ရှိ သဖြင့် မြန်မာပြည်၏ ရွေးကောက်ပွဲသည် တရုတ် အတွက် အရေးပါလျက် ရှိသည်။

ပြီးခဲ့သောနှစ်က စစ်အစိုးရ ခေါင်းဆောင်များ၏ မြောက်ကိုရီးယားသို့ တိတ်တဆိတ်သွားရောက်ရာတွင်လည်း တရုတ်အစိုးရက စီစဉ်ပေးခဲ့ကြောင်းလည်း သတင်းများ ထွက်ပေါ်ခဲ့သည်။

ရန်ကုန်မြို့ရှိ ၀ါရင့် နိုင်ငံရေး သမား တဦးဖြစ်သူ သခင်ချန်ထွန်းက“မြန်မာပြည်သာ အစိုးရ ပြောင်းလဲပြီး တရားဝင်အစိုးရ တက်လာ ရင် မြန်မာပြည် ဆက်ဆံရေးနဲ့ ပတ်သက်ပြီး တရုတ်အစိုးရ အပေါ် တရုတ်ပြည်သူတွေရဲ့ သဘောထားကလည်း တိုးတက် လာနိုင် တယ်” ဟု ပြောသည်။

မစ္စတာ ၀မ်ကျားပေါင်က စစ်အစိုးရကို ရွေးကောက်ပွဲတွင် အားလုံးပါဝင်ခွင့်ရရေး တိုက်တွန်းနိုင်သကဲ့သို့ တရုတ်နှင့် အာဆီယံ နိုင်ငံများမှ ရွေးကောက်ပွဲကို စောင့်ကြည့် လေ့လာသူများကို လက်ခံရန်လည်း တိုက်တွန်းနိုင်ကြောင်း နယ်စပ်ဒေသ တည်ငြိမ်ရေး အတွက်  ၀ပြည် သွေးစည်း ညီညွတ်ရေး အဖွဲ့နှင့် ပတ်သက်၍လည်း ဆွေးနွေးနိုင်ကြောင်း သိရသည်။

မေ လ ၃၀ ရက်နေ့က အမေရိကန် နိုင်ငံ အခြေစိုက် လူ့အခွင့် အရေး စောင့်ကြည့် လေ့လာရေး အဖွဲ့ကလည်း မြန်မာပြည်သို့  သွားရာက်မည့် တရုတ် ဝန်ကြီးချုပ်ထံ ၂၀၁၀ ရွေးကောက်ပွဲ ကျင်းပရေး၊ နယ်စပ်ဒေသ မတည်ငြိမ်မှု၊ ဒေသတွင်း စေ့စပ် ညှိနှိုင်းမှု နှင့် သံတမန်ရေး၊ စီးပွား ရေးနှင့် ရင်းနှီးမြှုပ်နှံမှု စသည့် အချက် ၄ ချက်ကို ဆွေးနွေးအကြံပြုထားသည့် အိတ်ဖွင့် ပေးစာ တစောင် ကိုလည်း ပေးပို့ခဲ့သည်။

တရုတ်နိုင်ငံသည် ပါတီစုံ ဒီမိုကရေစီစနစ်ကို ကျင့်သုံခြင်းမရှိဘဲ တပါတီ စနစ်ကို ကျင့်သုံးသော်လည်း ၂၀၀၅ ခုနှစ်မှ စတင်၍ ရွေးကောက်ပွဲ ကျင်းပသည့်  ပါကစ္စတန်၊ ကာဇက်စတန်၊ အီသီယိုးပီးယားနှင့် ဆူဒန်နိုင်ငံများသို့ စောင့်ကြည့်လေ့လာသူများကို စေလွှတ်ခဲ့ပြီး ရွေးကောက်ပွဲနှင့် ပတ်သက်၍ အပြုသဘောဆောင်သော မှတ်ချက်များကိုသာ ပေးခဲ့သည်။

အမေရိကန်နိုင်ငံ အရှေ့အာရှနှင့် ပစိဖိတ် ဒေသရေးရာ လက်ထောက် နိုင်ငံခြားရေး ဝန်ကြီး မစ္စတာ ကာ့တ် ကမ်းဘဲလ်နှင့် တွေ့ဆုံရာ၌ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးသိန်းစိုးက ရွေးကောက်ပွဲသည် လွတ်လပ်၍ တရားမျှတရန် စီစဉ်ထားသဖြင့် နိုင်ငံတကာ လေ့လာရေး အဖွဲ့များ လာရောက်ရန် လိုအပ်မည် မဟုတ်ဟု ပြောကြားခဲ့သည်။

ဤခရီးစဉ်သည် ၁၆ နှစ်တာကာလ အတွင်း ပထမဆုံးသော ၀န်ကြီးချုပ်အဆင့် ခရီးစဉ်ဖြစ်ပြီး ၂ နိုင်ငံ ပူးပေါင်း ဆောင်ရွက်ရေး ကိစ္စများကို တိုးမြှင့် ဆောင်ရွက်နိုင်မည် ဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ် Ye Dabo ၏ အဆိုကို ကိုးကား၍ ဆင်ဟွာ သတင်းတရပ်တွင် ရေးသားထားသည်။

တရုတ်ဝန်ကြီးချုပ် ခရီးစဉ် မတိုင်မီ ဆက်သွယ်ရေး စာတိုက်နှင့် ကြေးနန်း ၀န်ကြီးဌာန မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်းက မြန်မာ- တရုတ် သံတမန် ဆက်ဆံရေး နှစ်( ၆၀)ပြည့် အထိမ်းအမှတ် ငွေကျပ် ၁၀၀ တန် တံဆိပ်ခေါင်းသစ်ကို မြန်မာနိုင်ငံရှိ ဆက်သွယ် ရေး စခန်းများ၌ ဇွန်လ ၈ ရက်နေ့တွင် စတင်ရောင်းချမည်ဖြစ်ကြောင်း အစိုးရပိုင် သတင်းစာက ထုတ်ဖော်ကြေညာသည်။

မြန်မာနိုင်ငံသို့ နောက်ဆုံး လာရောက်လည်ပတ်ခဲ့သည့် တရုတ်အဆင့်မြင့် အရာရှိမှာ ၂၀၀၉ ဒီဇင်ဘာတွင် လာရောက်ခဲ့သည့် တရုတ် ဒုတိယသမ္မတ ရှီကျင့်ဖျင် (Xi Jinping) ဖြစ်သည်။ ရှီကျင့်ဖျင်က ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် တွေ့ဆုံစဉ် တရုတ်အနေ ဖြင့် မြန်မာနိုင်ငံကို နိုင်ငံရေး တည်ငြိမ်မှု၊ စီးပွားရေး ဖွံ့ဖြိုးမှုနှင့် အမျိုးသားရင်ကြားစေ့ရေး ဆောင်ရွက်မှုများ မြင်လိုသည်ဟု ပြောကြားခဲ့ဖူးသည်။

တရုတ်နိုင်ငံဆိုင်ရာ မြန်မာ သံအမတ်ဦးသိန်းလွင်ကလည်း “တရုတ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံအတွင်း စီးပွားရေး ပူးပေါင်းမှုနဲ့  မြန်မာပြည်ရဲ့  ဖွံ့ဖြိုးတိုးတက်ရေး အခြေခံ လုပ်ငန်းတွေကို ပိုမို ဆောင်ရွက်နိုင်မှာပါ” ဟု တရုတ်နိုင်ငံထုတ် China Daily ကို ပြောကြားခဲ့သည်။

စွမ်းအင်၊ ပို့ဆောင် ဆက်သွယ်ရေး ကဏ္ဍရပ်များ တရုတ်ကုမ္ပဏီများ အနေဖြင့် ပိုမိုရင်းနှီးမြှပ်နှံနိုင်ကြောင်းလည်း ၎င်းက ဆိုသည်။

မြန်မာနိုင်ငံမှ သဘာဝ ဓာတ်ငွေ့ နှင့် ရေနံ ဝယ်ယူမည့် တရုတ်နိုင်ငံသည် ရခိုင်ပြည်နယ် ကျောက်ဖြူမှ တရုတ်နိုင်ငံ ကူမင်းမြို့ ပိုက်လိုင်းများ တည်ဆောက်သွားရန် သဘောတူညီခဲ့သည်။ တနှစ်လျှင် သဘာဝ ဓာတ်ငွေ့ တန်ချိန် ကုဗမီတာ ၁၂ ဘီလီယံ၊ ရေနံစည် ၄ဝဝ ဝဝဝ တင်ပို့မည် ဟု ဆိုသည်။

သို့သော်လည်း လက်ရှိ အခြေအနေတွင် တရုတ် မြန်မာ နယ်စပ်ကုန်သွယ်ရေး အရောင်းအ၀ယ်မှာ အနည်းငယ်အေးနေကြောင်း၊ တရုတ် ၀န်ကြီးချုပ် ခရီးစဉ်ပြီး ပါက နယ်စပ်ကုန်သွယ်ရေး ပိုပြီးအလားအလာကောင်းလာနိုင်ကြောင်း၊ တရုတ်-မြန်မာ နယ်စပ်မှ စီးပွားရေး လုပ်ငန်းရှင် တဦးက ဧရာဝတီသို့ ပြောသည်။

“မြန်မာပြည်ကလည်း တရုတ်ကုန်ကို မှီခိုနေရတော့ နယ်စပ်အတွက် ပိုကောင်းလာနိုင်တာပေါ့၊ နှစ်နိုင်ငံ ဆက်ဆံရေးကလည်း နှစ် ၆၀ ကျော်လာခဲ့ပြီဆိုတော့ လုပ်ငန်းကိုင်ငန်းကို နည်းနည်း စနစ်တကျလုပ်မယ်လို့ ထင်တာပေါ့၊ ပိုပြီးတော့ အားပေးလိမ့်မယ်လေ” ဟု ၎င်းက ဆက်လက်ပြောဆိုသည်။

တရုတ်နိုင်ငံသည် မြန်မာနိုင်ငံရှိ သတ္တုတူးဖော်ရေး၊ ရေအားလျှပ်စစ်၊ ရေနံနှင့် သဘာဝဓာတ်ငွေ့ စသည့် စီမံကိန်း များတွင် စုစုပေါင်း ဒေါ်လာ ၁.၃၃ ဘီလီယံ ရင်းနှီး မြှုပ်နှံထားသည်။

ထိုင်း၊ ဗြိတိန်၊ စင်ကာပူနိုင်ငံများ ပြီးလျှင် တရုတ်သည် မြန်မာနိုင်ငံတွင် စတုတ္ထမြောက် အများဆုံး ရင်းနှီး မြှုပ်နှံသည့် နိုင်ငံ ဖြစ်သည်။

မြန်မာနိုင်ငံသည် စိုက်ပျိုးရေးထွက်ကုန်များ၊ သတ္တုများ၊ ကျွန်းသစ် နှင့် အဖိုးတန် ကျောက်မျက် ရတနာများ တရုတ်နိုင်ငံသို့ တင်ပို့သည်။ လျှပ်စစ်ပစ္စည်းများ၊ စက်ပစ္စည်းများ၊ အဝတ်အထည်နှင့် ဆေးဝါးများကို တရုတ်နိုင်ငံမှ တင်သွင်းခဲ့သည်။

မြန်မာစစ်အစိုးရသည် တရုတ်နိုင်ငံနှင့် ဆက်ဆံရေး ကောင်းမွန်လျက်ရှိသည်။  တရုတ် ဝန်ကြီးချုပ် ဝမ်ကျားပေါင်သည် မေ ၂၈ မှ ဇွန် ၃ အထိ တောင်ကိုရီးယား၊ ဂျပန်၊ မွန်ဂိုလီးယားနှင့် မြန်မာ ၄ နိုင်ငံ ခရီးစဉ် သွားရောက်မည်ဖြစ်သည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်