စားသုံးဆီဈေး မြင့်တက်

E-mail Print
ပြည်တွင်း စားသုံးဆီ ဈေးကွက်တွင် လူအများ စားသုံးသော စားအုန်းဆီနှင့် မြေပဲဆီ စသည့် စားသုံးဆီ ဈေးများမှာ ဈေးနှုန်းမြင့် တက်လျက် ရှိကြောင်း သိရှိရသည်။

အခြေခံ လူတန်းစား အများဆုံး စားသုံးလျက် ရှိသော စားအုန်းဆီမှာ ယခုအခါ လက်ကားဈေးတွင် တပိဿာ ကျပ် ၁၉၀၀ ဈေးဖြင့် ရောင်းချလျက်ရှိပြီး လက်လီဈေးကွက်တွင် တပိဿာ ကျပ် ၂၀၀၀၊ ကျပ် ၂၁၀၀ စသဖြင့်ဈေးပေါက်နေကြောင်း၊ ယခင် တပိဿာ ကျပ် ၁၇၀၀ ဈေးမှ မြင့်တက်သွားခြင်း ဖြစ်ကြောင်း စားအုန်းဆီ ရောင်းဝယ်ရေး သမားများက ပြောသည်။

မြေပဲဆီမှာလည်း လက်ရှိ ဈေးကွက် အတွင်း တပိဿာ လက်ကားဈေး ကျပ် ၄၁၀၀ ဈေးအထိ ပေါက်လျက် ရှိပြီး တပိဿာ ကျပ် ၃၆၀၀ ဈေးမှ မြင့်တက် သွားခြင်း ဖြစ်ကြောင်း သိရှိရသည်။

“မြေပဲဆီဈေးက သင်္ကြန် ကတည်းက စတက်တာ အခုဆို တပိဿာ ကျပ် ၄၀၀၀ အထက် ဖြစ်သွားပြီ၊ ဈေး ဆက်တက် ဖို့ကတော့ မြေပဲ ထွက်နှုန်းပေါ် မူတည်တယ်၊ ဒီနှစ်လိုပဲ ထွက်နှုန်း ကျရင်တော့ ဆက်တက် သွားမှာပဲ”ဟု ရန်ကုန် မြို့ ဘုရင့်နောင်ဈေးမှ မြေပဲဆီ ကုန်သည် တဦးက ပြောသည်။

မြေပဲဆီဈေးမြင့်တက်လာရခြင်းမှာ ကုန်ကြမ်းဈေးနှုန်းမြင့်တက် လာသောကြောင့်ဖြစ်ပြီး စားအုန်းဆီဈေးမြင့်လာရခြင်းမှာ ဈေးကွက် အတွင်း စားအုန်းဆီ ၀ယ်လိုအား များလာသောကြောင့် ဖြစ်ကြောင်း ဘုရင့်နောင် စားသုံးဆီဈေးကွက်မှ ဆီ ကုန်သည်များက ပြော သည်။

“မြေပဲ ကုန်ကြမ်းကိုက ဈေးတက်လာတော့ ဆီက တက်လာတာ၊ ဘာဖြစ်လို့ ကုန်ကြမ်းဈေး တက်ရတာလဲ ဆိုတော့ ထွက်နှုန်း ကျ တာကြောင့်ပါ၊ ၂၀၀၉ ခုနှစ်က ထွက်နှုန်းထက် ထက်ဝက်နီးနီးလောက်ကိုကျသွားတယ်၊ အခုထိပဲ မြေပဲကုန်ကြမ်းဈေးမာတယ်၊ ဈေးပြိုင်ဝယ်ရတဲ့ အခြေအနေကြောင့် ဈေးတက်လာတယ်”ဟု ဘုရင့်နောင်မှ မြေပဲဆီကုန်သည်တဦးက ဆိုသည်။

ဘုရင့်နောင် ဆီဈေးကွက်တွင် မကွေး မြေပဲဆီသန့် တပိဿာ ကျပ် ၃၈၀၀၊ အောင်လံ မြေပဲဆီသန့် တပိဿာ ကျပ် ၄၀၀၀ ဈေးဖြင့် လက်ကားရောင်းချလျက်ရှိသော်လည်း လက်လီဈေးကွက်တွင်မူ မြေပဲဆီ ရိုးရိုး တပိဿာ ကျပ် ၄၀၀၀ ဈေး၊ မြေပဲဆီသန့် တပိဿာ ကျပ် ၄၅၀၀ ဈေးအထိ ရောင်းချလျက်ရှိသည်။

မြေပဲဆီဈေး မြင့်နေသောကြောင့် ဆီကုန်သည်အများစုမှာ ဆီသိုလှောင်လာကြပြီး ဈေးကွက်အတွင်း မြေပဲ ဆီသန့် အ၀င်နည်း လာကြောင်း ဆီကုန်သည်တဦးက ဆိုသည်။

“စားအုန်းဆီက ဈေးကွက်ထဲကို အ၀င်နည်းတာက တကြောင်း၊ အရင်မြေပဲဆီစားတဲ့ သူတွေက မြေပဲဆီ မစားနိုင်တော့လို့ စား အုန်းဆီ ဘက်ပြောင်းလာကြတာက တကြောင်း အဲဒါတွေကြောင့်ပါ၊ အဓိကကတော့ မြေပဲဆီဈေးတက်လို့ ဈေးကွက်မှာ ၀ယ်လို အားများပြီး ဆက်တက်ကုန်တာ”ဟု စားအုန်းဆီ အရောင်းကိုယ်စားလှယ် တဦးက ပြောသည်။

ဈေးကွက်အတွင်း မြေပဲဆီ ဈေးနှုန်းမြင့်တက်ခြင်းကြောင့် မြေပဲဆီစားသုံးကြသူများမှာ နယ်စပ်မှ ၀င်ရောက်သော ယိုးဒယား စားအုန်းဆီများကို ပြောင်းလဲသုံးစွဲလာကြကြောင်း၊ အဆိုပါ ယိုးဒယား ပုစွန်နှစ်ကောင် စားအုန်းဆီမှာလည်း ယခင် တပိဿာ ကျပ် ၁၈၀၀ ဈေးမှ ယခုအခါ ကျပ် ၂၀၀၀ ဈေးအထိ ပေါက်နေပြီး ပုစွန်နှစ်ကောင် ဘူးကြီးမှာ (၅လီတာဘူး) ကျပ် ၆၅၀၀ ဈေးမှာ ကျပ် ၇၂၀၀ ဈေးပေါက်နေပြီး ဆိုင်များတွင် ပစ္စည်းပြတ်လပ်သည်အထိ ရောင်းအားကောင်းနေကြောင်း သိရှိရသည်။

“အရင်တုန်းကတော့ အိမ်မှာ ကလေးနဲ့ လူကြီးတွေရှိတော့ ကျန်းမာရေးအတွက် ဆိုပြီး မြေပဲဆီ ၀ယ်စားတယ်၊ မြေပဲဆီဈေးက တက်တော့ အခု မစားနိုင်တော့ဘူး၊ စားအုန်းဆီဝယ်စားတော့လည်း စားနေကြ ပုစွန်နှစ်ကောင်က ပစ္စည်းပြတ်တော့ စားအုန်းဆီ ပဲ ပြန်ဝယ်စားနေရတယ်၊ အိမ်ထောင်စု တစုကို ၂၅  ကျပ်သားပဲ ရောင်းပေးတာဆိုတော့ ၀ယ်စားရတာ သိပ်တော့ အဆင်မပြေဘူး” ဟု ရန်ကုန်မြို့ စမ်းချောင်းမြို့နယ်မှ အိမ်ရှင်မ တဦးက ပြောသည်။

ဈေးကွက်တွင်းသို့ ဆီအ၀င်နည်းမည်ဆိုပါက စားအုန်းဆီဈေးမှာ ဆက်တက်လာနိုင်ဖွယ်ရှိကြောင်း၊ စားအုန်းဆီ ရောင်းချသူများနှင့်
စားအုန်းဆီ ကိုယ်စားလှယ်များက ပြောသည်။

၂၀၀၆-၂၀၀၉ ခုနှစ်အထိ ရန်ကုန်ဈေးကွက်အတွင်း စားအုန်းဆီစားသုံးသူ ၆၈ ရခိုင်နှုန်းခန့် အထိရှိရာမှ ယခုအခါ မြေပဲဆီ ဈေး မြင့်မားမှုကြောင့် စားအုန်းဆီ စားသုံးသူ ၈၂ ရာခိုင်နှုန်း ခန့်အထိ မြင့်တက်လာသည်ကို တွေ့မြင်ရကြောင်း စားအုန်းဆီ ဈေး ကွက် မှတ်တမ်းများအရ သိရသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်