ဘရာဇီးလ်-မြန်မာ နာဂစ် ရန်ပုံငွေ ဘောလုံးပွဲ ကျင်းပ

E-mail Print

ရန်ကုန်မြို့ သင်္ဃန်းကျွန်း မြို့နယ်က ပရိသတ် သောင်းပေါင်း များစွာဆန့်တဲ့ သုဝဏ္ဏ ဘောလုံးကွင်းကြီး အတွင်းမှာ လူဦးရေ တထောင်လောက် စုဝေးနေကြပါတယ်။

သုဝဏ္ဏဘောလုံးကွင်းကြီးရဲ့ ပွဲကြည့်စင်က ထိုင်ခုံနေရာသောင်းပေါင်းများစွာဟာ ကြည့်ရှုသူမရှိ လစ်လပ်နေပြီး အဲဒီလူ တထောင်လောက်ကလည်း အထူးတန်းပွဲကြည့်စင်ရှေ့မှာသာစုရုံးနေကြတာပါ။ ဒီလူတွေက မြန်မာနိုင်ငံမှာ နာဂစ်မုန်တိုင်း ဒဏ်သင့် ဒုက္ခသည်တွေကိုကူညီဖို့ ရန်ပုံငွေပွဲလာရောက်ကစားတဲ့ ဘရာဇီးလ်ဘောလုံး လက်ရွေးစင်ဟောင်းများပါဝင်တဲ့ AME အသင်းနဲ့ မြန်မာ့ လက်ရွေးစင်ဟောင်းအသင်းတို့ကစားကြမယ့် ဘောလုံး ယှဉ်ပြိုင်ပွဲကိုလာရောက် ကြည့်ရှုတဲ့ ဘောလုံးချစ်ပရိသတ်တွေပါ။

ကမ္ဘာ့ဘောလုံး အားကစားလောကမှာ အကောင်းဆုံးအရည်အချင်းရှိတယ်လို့ သတ်မှတ်ထားတဲ့ ဘရာဇီးလ် နိုင်ငံ က လက်ရွေး စင်ဘောလုံးသမားဟောင်းတွေပါဝင်တဲ့ AME ကလပ်အသင်းနဲ့ မြန်မာ့လက်ရွေးစင်ဘောလုံး သမား ဟောင်းတွေ ပါဝင်တဲ့ အသင်းတို့ယှဉ်ပြိုင်ကစားကြတဲ့ ဘောလုံးပွဲက ရာသီဥတုပုံမှန်အခြေအနေမှာဆိုရင် လာရောက်ကြည့်ရှုမယ့် ဘောလုံးပရိသတ်အရေအတွက် သောင်းပေါင်းများစွာရှိနိုင်ပေမယ့် ရန်ကုန်နဲ့ဧရာဝတီ တိုင်းကို မုန်တိုင်းဝင်ရောက်မယ်ဆိုတဲ့ သတင်းတွေထွက်ပေါ်နေတဲ့အတွက် ပရိသတ် တထောင်လောက်သာ ဘောလုံးပွဲကိုလာရောက်ကြပါတယ်။

ရန်ကုန်မြို့မှာ အောက်တိုဘာ၂၄ ရက်နေ့ကတည်းက အဆက်မပြတ်ရွာသွန်းနေတဲ့ မိုးကြောင့် မုန်တိုင်း ၀င်ရောက်မယ်ဆိုတဲ့ သတင်းကို ပိုမိုကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်စေပြီး လူတွေရဲ့စိတ်ထဲကို ဘရာဇီးလ်-မြန်မာ ဘောလုံးယှဉ်ပြိုင်ပွဲက ရာသီဥတု အခြေအနေထက် စိုးမိုးနိုင်စွမ်းမရှိပါဘူး။

“မနက်ကတည်းက ရွာနေတဲ့ မိုးက ခုထိ မတိတ်သေးဘူး၊ လူတွေအများကြီးလာမယ်ထင်လို့ ဘောလုံးပွဲ လက်မှတ်တွေ ၀ယ်ပြီးပြန်ရောင်းဖို့ လုပ်ထားတာ၊ အခုပွဲစဖို့ ဆယ်မိနစ်(ပွဲစတင်မည့်အချိန်မှာ ညနေ ၃း၃၀ အချိန်ဖြစ်သည်) ပဲလိုတော့ တယ်။ပွဲကြည့်ပရိသတ် နည်းနည်းပဲလာတယ်၊ လက်မှတ်တွေအများကြီးကျန်တော့ ရှုံးမယ့် သဘောရှိတယ်”ဟု သုဝဏ္ဏ ဘောလုံးအားကစားကွင်းရှေ့မှာ လက်မှတ်ဝယ်ရောင်း ပွဲစားတဦးအမျိုးသား တဦးက ပြောပါတယ်။

ပရိသတ်တထောင်လောက်သာရှိပေမယ့် ဘောလုံးပွဲကို ကြေညာထားတဲ့အတိုင်း ညနေ ၃း၃၀ နာရီအချိန်မှာ စတင်ပါတယ်။ ကံကောင်းထောက်မစွာပဲ ဘောလုံးပွဲစတင်တဲ့အချိန်မှာ သဲသဲမဲမဲရွာနေတဲ့ မိုးက တိတ်သွား ပါတယ်။

မြန်မာ့လက်ရွေးစင်ဘောလုံးသမားဟောင်းတွေနဲ့ ဘရာဇီးလ်လက်ရွေးစင်ဘောလုံးသမား ဟောင်းတွေ ကွင်းထဲ ၀င်ရောက် လာတယ်ဆိုရင်ပဲ တထောင် လောက်ရှိတဲ့ပရိသတ်တွေက ဘင်ခရာတွေ တီးခတ်လို့ `ဘရာဇီးလ်´၊ `ဘရာဇီးလ်´ဆိုတဲ့ အသံတွေ ပြိုင်တူ အော်ဟစ်ကြတဲ့ အသံက ဆူညံစွာပဲ သုဝဏ္ဏအားကစားကွင်းကြီးကို ဖုံး လွှမ်းသွားပါတယ်။ ဒီပွဲကိုလာ ရောက်သတင်းယူကြတဲ့ ပြည်တွင်းပြည်ပသတင်းထောက်တွေကလည်း ဓာတ်ပုံ တွေ တဖျပ်ဖျပ်ရိုက်နေကြသလို စစ်အစိုးရ မြန်မာ့ရုပ်မြင်သံကြားကလည်း ဒီပြိုင်ပွဲကိုတိုက်ရိုက် ထုတ်လွှင့်နေပါ တယ်။

အ၀ါရောင်ဝတ် ဘရာဇီးလ် AME ကလပ်အသင်းမှာ ၁၉၉၄ ခုနစ် ကမ္ဘာ့ဖလားဆုရ ဘရာဇီးလ်လက်ရွေးစင် ဘောလုံး သမားဟောင်းပေါ်လို ဆာဂျီယို(Paulo Sergio) က နံပါတ် ၇ အင်္ကျီ ၀တ်ဆင်ပြီး အသင်းခေါင်းဆောင် အဖြစ်ဆောင်ရွက် သလို အနီရောင်ဝတ်မြန်မာအသင်းဘက်မှာတော့ မြန်မာ့လက်ရွေးစင် ဘောလုံးသမားဟောင်း သန်းတိုးအောင်က နံပါတ် ၁၀ အင်္ကျီ ၀တ်ဆင်ပြီး အသင်းခေါင်းဆောင်အဖြစ်ဆောင်ရွက်ပါတယ်။

နှစ်သင်းစလုံးက ဘောလုံးသမားတွေကို မြန်မာ့ရုပ်ရှင်အနုပညာအသိုင်းအ၀န်းက ရုပ်ရှင်ဂီတမော်ဒယ်လှပျိုဖြူ လေးများက ပန်းစည်းတွေ ပေးကြတယ်။

နှစ်သင်းစလုံးကွင်းထဲကိုရောက်လာပြီဆိုရင်ပဲ“နာဂစ်လေမုန်တိုင်းကြောင့် သေဆုံးသွားကြတဲ့ ပြည်သူပြည်သား တွေကို အောက်မေ့တသတဲ့အနေနဲ့ အားလုံး တမိနစ် ငြိမ်သက်ကြပါလို့ မေတ္တာရပ်ခံပါတယ်”ဆိုတဲ့ ကြေညာသံ က လော်စပီကာ ကနေ ကျယ်လောင်စွာထွက်ပေါ်လာတဲ့အတွက် သုဝဏ္ဏကွင်းတခုလုံး တမိနစ်တာ လုံးဝငြိမ် သက် သွားပါတယ်။

အဲဒီနောက် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချူပ် ဥက္ကဌ ဦးဇော်ဇော်နဲ့ အားကစားဝန်ကြီးဌာနက အစိုးရအရာရှိတဦးက နှစ်ဘက် သောအသင်းသားတွေကို တဦးချင်း လိုက်လံနှုတ်ဆက်ပြီး ဘောလုံးပွဲကို စတင်လိုက်ပါတယ်။

ဘောလုံးပွဲစတင်ပြီဆိုတာနဲ့ ဘရာဇီးလ်အသင်းက မြန်မာအသင်းဘက်ကို စတင်တိုက်စစ်ဆင်ပါတော့တယ်။ ကိုယ်ခန္ခာ ကြံ့ခိုင်တောင့်တင်းတဲ့ ဘရာဇီးလ်ဘောလုံးအသင်းသားတွေက အားမာန်အပြည့်နဲ့ လျှင်လျှင်မြန်မြန် ပြေးလွှားကစားနိုင်ကြ ပေမယ့် မြန်မာ ဘောလုံးသမားတွေက ကိုယ်ခန္ခာသေးငယ်တဲ့အပြင် တချို့သောဘောလုံး သမားတွေဟာ ဗိုက်ရွှဲကြီးတွေနဲ့ လေးလေးပင်ပင်ကစားနေကြပါတယ်။

ပွဲစလို့ ၁၀ မိနစ်အကြာမှာပဲ တိုက်စစ်ဆင်နေတဲ့ဘရာဇီးလ်အသင်းကကွင်းလယ်ကစားသမား ဆူဗိုလ်( Silivo Cesar Ferreira Costa) နံပါတ် ၉ က ဗွေဆော်ဦးဂိုးကို လှလှပပသွင်းယူလိုက်ပါတယ်၊ အဲဒီအချိန်မှာ“ဘရာဇီးလ်၊ ဘရာဇီးလ်” ဆိုတဲ့အသံကိုပရိသတ်တွေက ကြွေးကြော်အော်ဟစ်လို့ ဘင်သံတွေထုပြီးလည်း ဂုဏ်ပြုအားပေးကြပါ တယ်။

ပထမဦးဆုံးဗွေဆော်ဦးဂိုးကို ရရှိပြီးတဲ့နောက် ဘရာဇီးလ်အသင်းက မြန်မာအသင်းကို ဆက်လက်တိုက်စစ်ဆင် နေတဲ့ အတွက် မြန်မာဘောလုံးသမားတွေ အသည်းအသန် လိုက်လံဖျက်ထုတ်နေရတယ်။ ဘရာဇီးလ်အသင်းက လျှင်လျှင်မြန်မြန် လှလှပပအကွက်ကျကျ ဘောလုံးပညာတွေပြလို့ ကစားနေပေမယ့် မြန်မာအသင်းကတော့ ဖရိုဖရဲ ကြမ်းကြမ်းတမ်းတမ်း ကစားတယ်။

ဒီလိုနဲ့ ပွဲချိန်မိနစ်၂၀ ရောက်လာချိန်မှာ ဘရာဇီးလ်အသင်း တိုက်စစ်မှူးတွေ မြန်မာအသင်း ဂိုးဧရိယာထဲ တရ ကြမ်းဝင် ရောက် ဂိုးသွင်းဖို့ကြိုးစားတာကို ဖျက်ထုတ်ရင်း မြန်မာအသင်း ဘောလုံးသမား လွင်ဦး ကိုယ့်ဂိုးကိုယ် သွင်းမိတဲ့ အတွက် ဘရာဇီးလ်တို့ နောက်ထပ် တဂိုးရရှိသွားတယ်။

အဲဒီနောက် ဘရာဇီးလ်ရဲ့တိုက်စစ်ကို မြန်မာတွေ အသည်းအသန်ဖျက်ထုတ်နေကြသလို မြန်မာဂိုးသမား အောင်ကျော်ကျော် ကလည်း ဂိုးဝင်နိုင်လောက်တဲ့ ဘောလုံးတွေကို အစွမ်းကုန်ကာကွယ်နေရတယ်။ ပထမပိုင်း ၃၃ မိနစ်ကျော်မှာတော့ မြန်မာဂိုးသမားအောင်ကျော်ကျော် နံပါတ် ၁ အစား နံပါတ် ၁၈ ကိုကိုအောင် လူလဲလှယ် ၀င်ရောက်ကစားတယ်။ ဘရာဇီးလ် အသင်းကလည်း နံပါတ် ၄ ကစားသမား Batista အစား နံပါတ် ၁၄ ကစား သမား Pereira နဲ့ နံပါတ် ၉ ကစားသမား Silvio အစား နံပါတ် ၁၆ ကစားသမား Celso ၀င်ရောက်ကစားတယ်။

ပထမပိုင်းပွဲစဉ်မှာ ဘရာဇီးလ်တို့ခြေအသာနဲ့ကစားရင်း ဘရာဇီးလ်တို့ နှစ်ဂိုးအသာနဲ့ပွဲချိန် ၄၅ မိနစ် ပြည့်သွားပါ တယ်။

ဒုတိယပိုင်းပွဲပြန်စချိန်မှာတော့ ဘရာဇီးလ်အသင်းကပထမပိုင်းအတိုင်းပဲ တိုက်စစ်ဆင်ကစားတာကိုတွေ့ရပြီး မြန်မာအသင်း ကတော့ ပထမပိုင်းထက်ပိုမိုကစားကွက်စေ့လာသလို ဘောလုံးပိုင်ဆိုင်မှုအနည်းငယ်ရှိလာပြီး ကြမ်းကြမ်းတမ်းတမ်း ၀င်ထွက်ကာ ဘရာဇီးလ်ဂိုးပေါက်ကို ခြိမ်းခြောက်လာနိုင်တယ်။

ပွဲစလို့ ၉ မိနစ်ရှိချိန်မှာ ဘရာဇီးလ် ရှေ့တန်း တိုက်စစ်မှူး နံပါတ် ၁၆ Celso ကန်သွင်းတဲ့ဘောလုံးကို မြန်မာဂိုး သမား ကိုကိုအောင်အသည်းအသန်ကာကွယ်လိုက်ရပါတယ်။ ၁၅ မိနစ်အကြာမှာတော့ နာမည်ကျော်မြန်မာ့ လက်ရွေးစင်ဟောင်း သန်းတိုးအောင် အစား နံပါတ် ၁၉ မောင်မောင်ဌေးဝင်ရောက်ကစားတယ်။

အသစ်ဝင်လာတဲ့ မောင်မောင်ဌေးဟာ ဘရာဇီးလ် ဂိုးဧရိယာထိရောက်အောင် ဘောလုံးကို တွန်းတွန်းတိုက်တိုက် သယ်ယူ ဘောလုံးကို အရောက်ပို့နိုင်ပေမယ့် မြန်မာတို့ဂိုးမသွင်းနိုင်ပါဘူး။ ၁၉ မိနစ်မှာတော့ ဘရာဇီးလ် နံပါတ် ၆ ကစားသမား Biro ဘောလုံးနဲ့ သယ်ပြေးတုန်း မြန်မာ နံပါတ် ၁၉ မောင်မောင်ဌေးက ကြမ်းကြမ်းတမ်းတမ်း ဖျက်ထုတ်တဲ့အတွက် ဒိုင်လူကြီး က အ၀ါကတ်ပြသတိပေးတယ်။ မြန်မာအသင်းက ပထမပိုင်းတုန်းကနဲ့မတူ မြန်မြန် ဆန်ဆန်ကစားပြီး တိုက်စစ်ဆင်နိုင် ပေမယ့် ဘရာဇီးလ်ရဲ့ခံစစ်ကို မကျော်နိုင်ပါဘူး။

၂၄ မိနစ်အချိန်မှာ ဘရာဇီးလ်တိုက်စစ်မှူး နံပါတ် ၁၆ Celso က မြန်မာနောက်ခံလူတွေကို လိမ်ခေါက်ဖြတ် ကျော်ပြီး လှလှပပဂိုးသွင်းလိုက်တဲ့အတွက် ဘရာဇီးလ်တို့ သုံးဂိုးရရှိပါတယ်။

အဲဒီနောက် မြန်မာနဲ့ဘရာဇီးလ်တို့ ကစားသမားတွေ အသစ်တွေအစားထိုးကစားကြပေမယ့်ပွဲက လေးသွားပါတယ်။ ပွဲချိန်ကြာလာတဲ့အမျှ သက်လုံကောင်းတဲ့ ဘရာဇီးလ်အသင်းက အေးအေးဆေးဆေး ဘောလုံးအရည် အသွေးပြကစားနိုင် ပေမယ့် မြန်မာအသင်းကတော့ ကစားအား အနည်းငယ်ကျသွားပါတယ်။ တဦးချင်းဘောလုံး အလိမ်အခေါက် စတဲ့ဘောလုံး ပညာတွေကို မြန်မာတို့မယှဉ်နိုင်ဘူး။

မိနစ် ၄၀ အချိန်မှာဘရာဇီးလ်အသင်းက နံပါတ် ၁၅ ကစားသမား Paulo Cruz က စတုတ္တမြောက် ဂိုးသွင်းယူပါ တယ်။ အဲဒီနောက်မှာတော့ ဒုတိယပိုင်းပွဲချိန် ၄၅ မိနစ်ပြီးဆုံးသွားချိန်မှာ ဘရာဇီးလ်အသင်းက မြန်မာအသင်းကို လေးဂိုး၊ ဂိုးမရှိနဲ့ အနိုင်ရသွားတယ်။ မြန်မာပရိသတ်တွေကတော့ ဘရာဇီးလ်အသင်းရဲ့ကစားပုံတွေကို တခဲနက် အားပေးကြပါတယ်။

မြန်မာ့ လက်ရွေးစင်ဘောလုံးသမားတဦးက“ဒီလို ဘရာဇီးလ်ကဘောလုံးသမားတွေနဲ့ ကစားရတဲ့အတွက် အရမ်း ၀မ်းသာတယ်၊ ပြီးတော့နာဂစ်ဒုက္ခသည်တွေအတွက် ကစားပေးရတာဆိုတော့ ပိုလို့ ဂုဏ်ယူပါတယ်”လို့ ပြောပြပါ တယ်။

ဘရာဇီးလ်အသင်း နည်းပြ Ricardo Ximenes de Oliveira ကလည်း “ဒီခရီးစဉ်က Tour of Hope အနေနဲ့ လာကစား ရတဲ့အတွက် ပျော်ရွှင်ကျေနပ်ပါတယ်”လို့ ပြောဆိုတယ်။

အောက်တိုဘာလ ၂၆ ရက်နေ့ သုဝဏ္ဏကွင်းမှာကျင်းပတဲ့ ပထမမြောက်ဘောလုံးပွဲစဉ် အထူးတန်း လက်မှတ် တစောင် ၅၀၀၀ ကျပ်၊ ရိုးရိုးတန်းလက်မှတ်တစောင် ကျပ် ၃၀၀၀ သတ်မှတ်ရောင်းချပေမယ့် ပရိသတ်တထောင် နီးပါးသာရှိတဲ့ အတွက် အောက်တိုဘာလ၂၈ ရက်နေ့ကျင်းပမယ့် ဒုတိယမြောက် ယှဉ်ပြိုင်ပွဲအတွက် အထူးတန်း လက်မှတ်တစောင် ကျပ် ၁၀၀၀ နဲ့ ရိုးရိုးတန်း လက်မှတ်တစောင် ကျပ် ၅၀၀ ကို လျှော့ချ ရောင်းပေးမှာဖြစ်တယ် လို့ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချူပ် တာဝန်ရှိသူတဦးကပြောတယ်။

ဘရာဇီးလ် AME ကလပ်အသင်းမှာ ဘရာဇီးလ်နိုင်ငံဘောလုံးလက်ရွေးစင်ကစားသမား ဖြစ်ဖူးသူ ၆ဦးပါဝင်ပြီး သူတို့တွေ ကတော့ နံပါတ် ၂ ကစားသမားZe Carlos၊ နံပါတ် ၄ ကစားသမား Batista၊ နံပါတ် ၇ ကစားသမား Paulo Sergio၊ နံပါတ် ၉ ကစားသမား Silvio၊ နံပါတ် ၁၀ ကစားသမား Giovanni နဲ့ နံပါတ် ၁၄ ကစားသမား Pereira တို့ဖြစ်ပါတယ်။ မြန်မာ အသင်းမှာ လက်ရွေးစင် ဘောလုံးသမားဟောင်း အောင်ကျော်ကျော်၊ မျိုးလှိုင်ဝင်း၊ သန်းတိုးအောင်၊ ရန်ပိုင် အပါအ၀င် လက်ရွေးစင်ဘောလုံးသမားများပါဝင်ကြောင်း သိရပါတယ်။

ယင်း မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ်က ကြီးမှူးကျင်းပတဲ့ ဘရာဇီးလ်-မြန်မာ လေဘေးရန်ပုံငွေ ဘောလုံးပွဲကို ကုန်ကျစရိတ် ကျခံပြီး ကမကထပြုသူများမှာ စူပါကော်ဖီမစ်မှ ကျပ် သိန်း ၂၀၀ မတည်ကာ One-Tea နို့ဆီနဲ့ လေဆာ သွားတိုက်ဆေး တို့က ပံ့ပိုးမှုများ ပြုလုပ်ကြတယ်လို့လည်း သိရပါတယ်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်