NDF ခမောက် တံဆိပ် NLD အဖွဲ့ဝင်များ မကျေနပ်

E-mail Print
အမျိုးသား ဒီမိုကရေစီ အင်အားစု (NDF) ပါတီ အနေဖြင့် ခမောက် သင်္ကေတကို အသုံးပြုရန် ရွေးချယ်ထား ခြင်းနှင့် ပတ်သက်၍ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီဝင်များက မကျေမနပ် ဖြစ်နေကြသည်။

အဆိုပါ NDF ပါတီက အသုံးပြုမည့် အလံနှင့် တံဆိပ်တို့ကို ကန့်ကွက်လိုက ကန့်ကွက်နိုင်ကြောင်း ယမန်နေ့က ပြည်ထောင်စု ရွေး ကောက်ပွဲကော်မရှင်မှ အစိုးရပိုင် သတင်းစာများတွင် အသိပေး ကြေညာခဲ့ပြီးနောက် NLD ပါတီဝင်များက ယခုကဲ့သို့ မကျေနပ်မှု များ ဖြစ်ပေါ်နေခြင်း ဖြစ်သည်။

NDF ပါတီ ခေါင်းဆောင် ဦးခင်မောင်ဆွေကNLD ကို တုပခြင်း မပြုသလို ဂုဏ်ဆောင်ခြင်းလည်း မပြုလုပ်ရကြောင်း၊ သီးခြား အမှတ် တံဆိပ်ဖြစ်ကြောင်း၊ ခမောက်ပေါ်တွင် လည်း ကြယ် ၂ လုံးပါပြီး ၁၉၉၀ ခုနှစ်တွင် အသုံးပြုခဲ့သော ခမောက်တံဆိပ်တွင် ကြယ်မပါကြောင်း ၎င်းက ဧရာဝတီသို့ ပြောသည်။ 

ခမောက်သည် မြန်မာ့ ရိုးရာ စရိုက်လက္ခဏာကို ထင်ဟပ်သောကြောင့် ပါတီ အမှတ်တံဆိပ်အဖြစ် ရွေးချယ် ခြင်း ဖြစ်ကြောင်း၊ ကြယ်တပွင့်က လွတ်မြောက်ရေးကို ရည်ညွှန်းပြီး ထပ်ထားသည့် ကြယ်က ဒီမိုကရေ စီနှင့် လူ့အခွင့်အရေးကို ကိုယ်စားပြူကြောင်း  လည်း ၎င်း ဦးခင်မောင်ဆွေက ရှင်းပြသည်။

ခမောက်တံဆိပ် အသုံးပြုမှုနှင့် ပတ်သက်၍ တိုင်းနှင့်ပြည်နယ်ရှိ NLD ပါတီဝင်များကလည်း မည်သို့ ပြုလုပ် ရမည်ကို ဗဟို အဖွဲ့ချုပ် ရုံးသို့ ဖုန်းဆက် မေးမြန်းခြင်းများ ရှိကြောင်း NLDဗဟိုအလုပ် အမှုဆောင်ကော်မတီဝင် ဦးအုန်းကြိုင်က ဧရာဝတီသို့ ပြောသည်။

“ဥပဒေ ပိုင်းဆိုင်ရာ ကိစ္စတွေ ဆိုတော့ ဦးဉာဏ်ဝင်းတို့နဲ့ ပြောပါဦးမယ်လို့ ပြောထားရတယ်၊ တချို့နယ် တွေကတော့ ကျနော်တို့ ကိုယ်တိုင် စာရေးပြီးတော့ လုပ်တော့မယ်လို ပြောကြတယ်”ဟု ၎င်းက ဆိုသည်။  

မန္တလေးတိုင်း အပါအ၀င် ပဲခူးတိုင်းနှင့် ဧရာဝတီတိုင်း ရှိ NLD ပါတီဝင်များကလည်း မကျေ မနပ်ဖြစ်နေကြကြောင်း ဆက်သွယ် ပြောကြားသည်ဟု သိရသည်။

ဦးအုန်းကြိုင်က“နယ်က လူတွေ အကုန်လုံးကလည်း မကျေနပ်ကြောင်းတော့ ပြောကြတယ်၊ ဘယ်လို လုပ်ကြမလဲ ဆိုတာ က တော့ ကိုယ်နည်းနဲ့ ကိုယ်လုပ်ကြမလား၊ ဒါမှ မဟုတ် အဖွဲ့ အစည်းနဲ့ လုပ်မှာလား၊ အဲဒါ ကိုတော့ ဒီနေ့ ဆွေးနွေးကြမယ်”ဟု ဆို သည်။

ထို့အပြင် မကွေးတိုင်း NLD အဖွဲ့ချုပ်ကလည်း ပြည်တောင်စု ရွေးကောက်ပွဲ ကော်မရှင်ထံ ယခု ရက်ပိုင်း အတွင်း ရေနံချောင်း မြို့နယ် တမြို့နယ်လုံး အတိုင်း အတာဖြင့် ကန့်ကွက်စာ ပေးပို့သွားမည်ဟု ရေနံချောင်း NLD အမျိုးသမီး စည်းရုံးရေး အဖွဲ့ဝင် ဒေါ်ခင် စောဌေးက ပြောသည်။

“အမျိုးသား ဒီမိုကရေစီ အင်အားစု NDF ကနေပြီးတော့ NLD ရဲ့ ၁၉၉၀ ရွေးကောက်ပွဲ အနိုင်ရတဲ့ ပါတီရဲ့ သင်္ကေတဖြစ်တဲ့ ခမောက်ကို ထင်ရောင်ထင်မှား ဖြစ်အောင်တုပါတယ် ဆိုပြီး ကန့်ကွက် စာပေးပို့မယ်”ဟု ၎င်းက ပြောဆိုသည်။

ဒေါ်ခင်စောဌေးက ဆက်လက်၍ “ ဒီ NDF အဖွဲ့ဟာ NLD လို ဒေါင်းယောင်ဆောင်နေတဲ့ ကျီးပါ၊ NLD လို အယောင်ဆောင် နေတာ တကယ်တော့ ကျီးဟာ ကျီးပဲ ဒေါင်းမဟုတ်ဘူး၊ NDF ဟာ NDF ပဲ၊ NLD မဟုတ်ဘူး”ဟု ဆိုသည်။

ယင်း NDF ပါတီကို NLD ၏ နောက်ဆုံးနေ့ဖြစ်သည့် မေလ ၆ ရက်နေ့တွင် ဖွဲ့စည်းခဲ့သည်။  NDF တွင် ဒေါက်တာဝင်းနိုင်၊ ဦးသိန်း ညွန့်၊ ဦးစိန်လှဦးနှင့် တခြား အဖွဲ့ဝင်ဟောင်းများ ပါဝင်သည်။

စစ်အစိုးရက ၂၀၁၀ အတွင်း ရွေးကောက်ပွဲကို ကျင်းပမည်ဟု ကြေညာထားသည်။ သို့သော် NLD ပါတီက ပြန်လည် မှတ်ပုံ တင်ခြင်း မပြုရန်နှင့် ရွေးကောက်ပွဲ မ၀င်ရန် ဆုံးဖြတ်ထားသည်။

NLDသည် စစ်အစိုးရ ပြဋ္ဌာန်း ထားသည့် ရွေးကောက်ပွဲ ဥပဒေ အရ လွန်ခဲ့သည့် မေလ ၆ ရက်နေ့တွင် တည်ဆဲ တရားဝင်ပါတီ အဖြစ်မှ ပျက်ပြယ်ခဲ့ပြီ ဖြစ်သည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်