မြောက်ကိုရီးယား ရုပ်ရှင်ပွဲတော်တွင် မြန်မာ ပထမဆုံးအကြိမ် သွားပြမည်

E-mail Print
မြောက်ကိုရီးယား နိုင်ငံတွင် ကျင်းပမည့် ပြုံယမ်း ရုပ်ရှင်ပွဲတော်သို့ မြန်မာရုပ်ရှင် ၅ ကားကို ပထမဆုံး အကြိမ်အဖြစ် သွားရောက် ပြသမည် ဖြစ်ကြောင်း မြန်မာ့ ရုပ်ရှင်လုပ်ငန်းနှင့် နီးစပ်သူ များထံမှသိရသည်။

နိုင်ငံတကာ ရုပ်ရှင်ပွဲများသို့ မြန်မာရုပ်ရှင်ကားများ သွားရောက်ပြသခြင်း ရှိခဲ့သော်လည်း မြောက်ကိုရီးယားနိုင်ငံတွင် သွားရောက် ပြသခြင်းမှာ ပထမဆုံးအကြိမ် ဖြစ်ကြောင်း သိရသည်။

“မြောက်ကိုရီးယားမှာ သွားပြမယ် ဆိုတာက နှစ်နိုင်ငံဆက်ဆံရေးအရ ဖြစ်နိုင်မယ်ထင်တယ်” ဟု ဒါရိုက်တာ ဦးကြည်စိုးထွန်းက ပြောသည်။

မြောက်ကိုရီးယားမြို့တော် ပြုံယမ်းတွင် ကျင်းပမည့် ကမ္ဘာ့ ရုပ်ရှင်ပွဲတော်ကို လာမည့် စက်တင်ဘာ ၁၇ ရက်နေ့မှ ၂၄ ရက်နေ့အထိ ကျင်းပ သွားမည်ဖြစ်ကြောင်း သိရသည်။

မြန်မာရုပ်ရှင် ကားများထဲမှ ဆဋ္ဌဂံ၊ လျှို့ဝှက်သောနှင်း၊ မျှော်လင့်ခြင်းများစွာ၊ ကြိုးတန်းနှင့် အတိတ်ကအရိပ် ဇာတ်ကား များအား သွားရောက် ပြသရန် ရွေးချယ်ထား ကြောင်းသိရသည်။

မြန်မာ့ရုပ်ရှင်ဇာတ်ကားများကို  နိုင်ငံတကာတွင် သွားရောက်ပြသ ခဲ့ခြင်းများရှိခဲ့သော်လည်း  ပရိသတ်ကြိုက်နှစ်သက်မှု မရှိသည့် ဇာတ်လမ်းများကြောင့် အောင်မြင်မှု မရှိသေးကြောင်း ဒါရိုက်တာ ဦးကြည်စိုးထွန်းက ပြောသည်။

“မြန်မာ့ရုပ်ရှင် အဆင့်အတန်း နိုင်ငံတကာမီလာပြီလို့ မမြင်မိသေးဘူး။  နိုင်ငံခြားကနေ ၀ယ်ချင်တဲ့ အနေအထားရောက်မှ အဆင့်မီတယ်လို့ ပြောရမယ်။ ပြတာတော့ သွားပြနေတာပဲ။ ဒီခေတ်မှာတော့ အခုထိ ၀ယ်ဖို့ ကမ်းလှမ်းလာတာ မရှိသေးဘူး” ဟု သူက ဆိုသည်။

သွားရောက်ပြသမည့် ဇာတ်ကားများ ရွေးချယ်ရာတွင် အင်္ဂလိပ်စာတန်းပါ ဇာတ်ကားများကို ဦးစားပေးရွေးချယ်ကြောင်း သိရသည်။

ဇာတ်လမ်း၊ စက်ပစ္စည်း အရည်အသွေးမီရန် လိုအပ်သကဲ့သို့ အနုပညာ အရည်အသွေးကောင်းမွန်ရန်လည်း လိုအပ်ကြောင်း ဒါရိုက်တာ မောင်မျိုးမင်းက သုံးသပ်သည်။

“အနုပညာအရည်အသွေး ကောင်းတယ်ဆိုတာ နိုင်ငံတကာနဲ့ ရင်ပေါင်တန်းနိုင်တဲ့ လွတ်လပ်ခွင့် ဖန်တီးခွင့်တွေရှိမှ၊ ရမှ ဖြစ်မှာ။  အဲဒီလိုမရသေးသရွေ့ နိုင်ငံတကာကို လှမ်းနိုင်မှာ မဟုတ်သလို အဆင့်အတန်းလည်း မီမှာမဟုတ်သေးဘူး။ မီရင်လည်း ခဏပဲ။  အဆင့်အတန်းမီတဲ့ ဖန်တီးခွင့် လွတ်လပ်ခွင့်ရမှဖြစ်မှာ” ဟု သူက ပြောသည်။

မြောက်ကိုရီးယား နိုင်ငံတွင် ၂ နှစ်တကြိမ် ရုပ်ရှင်ပွဲတော် ကျင်းပခဲ့ပြီး ယခု ပွဲတော်မှာ ၁၂ ကြိမ်မြောက်ဖြစ်သည်။ နှစ်စဉ် ဇာတ်ကား ၁၀၀ ကျော် ပြသလေ့ ရှိပြီး နိုင်ငံပေါင်း ၄၅ နိုင်ငံ ပါဝင်ပြသလေ့ရှိကြောင်း သိရသည်။

၁၉၈၃ ခုနှစ်က မြန်မာပြည်သို့လာရောက်ခဲ့သော တောင်ကိုရီးယားသမ္မတ မစ္စတာချန်ဒူးဝမ် ရန်ကုန်မြို့ အာဇာနည်ကုန်းသို့ လည်ပတ်စဉ် မြောက်ကိုရီးယားနိုင်ငံမှ ဗုံးဖောက်ခွဲလုပ်ကြံမှု ပြုလုပ်ခဲ့ပြီးနောက်တွင်မူ နှစ်နိုင်ငံ သံတမန်ဆက်ဆံရေး ပြတ်တောက်သွားခဲ့သည်။

မြန်မာနှင့် မြောက်ကိုရီးယားသည် တရားဝင် သံတမန် ပုံမှန် ဆက်ဆံရေးကို ၂၀၀၇ ခုနှစ်မှ ပြန်လည် စတင်ခဲ့ပြီး ၂၀၀၇ ခုနှစ် နိုဝင်ဘာလတွင် နှစ်နိုင်ငံ သံအမတ်ကြီးအဆင့် ထားရှိကာ ရန်ကုန်တွင် မြောက်ကိုရီးယားသံရုံးကို တရားဝင် ပြန်လည် ဖွင့်လှစ်ခွင့် ပေးခဲ့သည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်