ထိုင်း-မြန်မာ နယ်စပ်တံတား ဆက်တိုက်ပိတ်၊ ကုန်ဈေးနှုန်းတက်

E-mail Print
ထိုင်း-မြန်မာ နယ်စပ်ရှိ မဲဆောက်-မြ၀တီ နှစ်နိုင်ငံ ချစ်ကြည်ရေး တံတားကို မြန်မာ အာဏာပိုင်များ ဘက်မှ ၃ ရက်ကြာ ဆက်တိုက် ပိတ်ထား သောကြောင့် ကုန်ဈေးနှုန်းများ မြင့်တက်လာပြီး ကုန်သည်များ အပါအဝင် သာမန် ပြည်သူများပါ အခက်အခဲ ကြုံနေကြကြောင်း သိရသည်။

ဇူလိုင်လ ၁၇ ရက်နေ့မှစ၍ ယနေ့အထိ ပိတ်ထား သောကြောင့် ထိုင်း-မြန်မာ ၂ ဘက်စလုံးတွင် နစ်နာမှုများ ရှိသည်ဟု ကုန်သည်များက ပြောသည်။

“အရင်တခေါက်ကတော့ ထိုင်းဘက်ခြမ်းက ကမ်းပါးပြိုမှာစိုးလို့ ကျောက်တွေချပြီး တမံလုပ်တာကို မကျေနပ်လို့ ပိတ်တယ် ပြောတယ်။ ဒီတခါတော့ အကြောင်းပြချက်မရှိဘဲ ပိတ်ထားတာ။ ထိုင်းဘက်က ကုန်ကားတွေ ဒီဘက် တံတားထိပ်မှာ ပုံနေတယ်။ မြန်မာဘက်က ပုစွန်ကားတွေ၊ စားသောက်ကုန်ကားတွေလည်း လာလို့ မရဘူး” ဟု မြန်မာကုန်သည် ဦးတင်မြင့်က ဧရာဝတီသို့ ပြောသည်။

မြစ်ရေစီးကြောင်း တိုက်စားမှုကို ကာကွယ်ရန် ထိုင်းဘက်အခြမ်းက ကမ်းထိန်းတမံများ ပြုလုပ်လေ့ရှိသည်။ ထို့ကြောင့် ရေစီးကြောင်းက မြန်မာဘက် ကမ်းပါးကိုသာ တိုက်စားလေ့ရှိသဖြင့် မြန်မာအာဏာပိုင်များက မကျေမနပ်ဖြစ်လေ့ရှိကြောင်း သိရသည်။

ပြီးခဲ့သည့် သီတင်းပတ်က ထိုင်း၏ ယင်းသို့ တာတမံ တုပ်မှုကို မကျေနပ်၍ တံတားကို ပိတ်ထားခဲ့ကြောင်း၊ ထိုင်းက မြန်မာတို့ အနေဖြင့် မိမိဘာသာ မိမိ တမံ တည်ဆောက်သင့်သည်ဟု ပြောကြောင်း၊ မတည်ဆောက်နိုင်ပါက ထိုင်းက ကူညီပြုလုပ်ပေးမည်ဟု ကမ်းလှမ်းသဖြင့် တံတားကို ပြန်ဖွင့်ပေးခြင်း ဖြစ်ကြောင်းလည်း သိရသည်။

“ဒီလိုပိတ်လိုက်တော့ အခု ကုန်စည်ဈေးတွေက တက်နေပြီ။ အဓိက စားသောက်ကုန်တွေ ဈေးတက်သွားတယ်။ တပတ်လောက်သာပိတ်ရင် အခြေအနေ အတော်ဆိုးသွားနိုင်တယ်”ဟု မြ၀တီမြို့မှ ကုန်သည်တဦးက ပြောသည်။

ဈေးတက်သွားသည့် အဓိက စားသောက်ကုန်များမှာ ဆီ၊ ဆန်၊ အချိုမှုန့် စသည်တို့ဖြစ်ကြောင်းသိရသည်။

ထိုင်းနိုင်ငံမှ တင်သွင်းသည့် ဆီ ၅ ကီလိုဂရမ် တပုံးလျှင် ယခင်က ၅၇၀၀ ကျပ်ရှိရာမှ ယခုရက်ပိုင်းတွင် ကျပ် ၆၀၀၀ သို့ တက်သွားကြောင်း၊ အချိုမှုန့် အထုပ်ကြီး တထုပ်လျှင် ၁၅၀၀ ကျပ်မှ ၁၈၀၀ နီးပါးသို့ တက်သွားကြောင်း သိရ သည်။

ဆန်ကြမ်း ၅၀ ကီလိုဂရမ် တအိတ်လျှင် ထိုင်းဘတ် ၅၀၀ နှင့် ၆၀၀ အတွင်းရှိရာမှ ဘတ် ၈၀၀ အထိ တက်သွား ကြောင်း မြဝတီမြို့ခံများက ပြောသည်။

ထိုင်း-မြန်မာ နယ်စပ် ပိတ်ဆို့မှုကြောင့် ရန်ကုန်တွင်လည်း ကုန်ဈေးနှုန်းများ တက်လာကြောင်း သိရသည်။
“ရန်ကုန်မှာ မြဝတီ နယ်စပ်ဂိတ် ပိတ်တာနဲ့ ကုန်ပစ္စည်း လှောင်တဲ့သူတွေက ဈေးနှုန်း ချက်ချင်းမြှင့်ကြတယ်။ အထူး သဖြင့် မသုံးမဖြစ် ကုန်ပစ္စည်းတွေကို ဈေးကစားကြတယ်။ ကုန်ဈေးနှုန်း ထိန်းသိမ်းရေး ကော်မတီက ဘာမှ ဆောင် ရွက်ပေးတာ မရှိသေးဘူး”ဟု ရန်ကုန်မြို့မှ ကုန်သည်ကြီးတဦးက ပြောသည်။

တနေ့တာ သွားလာခွင့် လက်မှတ်ဖြင့် လာရောက်ကြသော မြန်မာများလည်း မြဝတီဘက်အခြမ်းသို့ ပြန်ကူး၍ မရသဖြင့် ကမ်းနားဈေးတွင် အဆင်ပြေသလို အိပ်စက်ကြရသည်ဟု သိရသည်။ အလားတူ မြ၀တီသို့ ယာယီပတ်စ်ပို့လုပ်ရန် သွားသူများမှာလည်း တံတားပိတ်ထားသောကြောင့် အခက်အခဲ ဖြစ်နေရသည်ဟု ဆိုသည်။

ချစ်ကြည်ရေးတံတားကို ပိတ်ထားသည့်အပြင် တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော် (DKBA) က ထိန်းချုပ်ထားသည့် ဂိတ်များကိုလည်း မြန်မာအာဏာပိုင်များက ပိတ်ခိုင်းထားသည်ဟု သိရသည်။

သို့သော် DKBA က ထိန်းချုပ်ထားသည့် သုညဂိတ်၊ ကိုးသုံးလုံးဂိတ်တို့တွင် တာဝန်ကျသူများက ယခင်ပေးရသည် ထက် ဖြတ်ကျော်ခ ၈ ဆ တိုးတောင်းကာ နယ်စပ်ဖြတ်ကူးခွင့် ပေးနေသည်ဟု မြဝတီမြို့ခံတဦးက ပြောသည်။

“အရင်က ၂၀၀ ကျပ်ပေးရတာကို အခု ၁၅၀၀ ကျပ်ပေးရတယ်။ ဒါက လူချည်းသက်သက်ပဲ။ ဈေးသည်၊ ကုန်သည်တို့ ဆိုရင် ၆ ထောင်ကျပ် ပေးရတယ်။ လှေခ မပါသေးဘူး။ လှေခက ဘတ် ၂၀။ ထိုင်းဘက်ကို ရောက်ရင် ထိုင်း လဝက ကို ဘတ် ၂၀ ထပ်ပေးရတယ်”ဟု အဆိုပါ မြဝတီမြို့ခံက ပြောသည်။

မြဝတီမြို့တွင် ဆိုင်ကယ် ကယ်ရီပြေးဆွဲသူ တဦးကလည်း ယခုရက်ပိုင်းအတွင်း ခရီးသည် အဆင်းအတက် ပြတ်လပ်နေသဖြင့် အလုပ်မဖြစ်ဟု ဆိုသည်။

တံတားမပိတ်မီက မြဝတီဘက်သို့ ရောက်နှင့်နေသည့် ထိုင်းကုန်စည်များသည်လည်း သင်္ကန်းညီနောင် ဂိတ်ကို ဖြတ်ကျော်၍ မြန်မာပြည်ထဲသို့ ဝင်၍မရဘဲ ဖြစ်နေသည်ဟု မြဝတီမှ ရဲဝန်ထမ်းတဦးက ပြောသည်။

“အရှေ့တောင်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် သက်နိုင်ဝင်း လာပြီးနောက်ပိုင်း မြဝတီမြို့မှာ အစစ်အဆေးတွေ များတယ်။ အခုဆိုရင် ထိုင်းပစ္စည်းတွေ တင်လာတဲ့ကားတွေကို အထဲကို ပေးမသယ်ဘူး။ သင်္ကန်းညီနောင်မှာ တား ထားတယ်။ ထိုင်းပစ္စည်း မပါဘဲဆိုရင် သွားလို့ရတယ်”ဟု ၎င်းက ဆိုသည်။

ကုန်သည်တဦးက “တနေ့ကို ထိုင်းကနေ မြန်မာဘက်ကို ဘတ် ၁၇ သန်းကနေ သန်း ၂၀ ဖိုးအထိ တင်သွင်းနေတယ် လို့ မြန်မာဘက်က တရားဝင်ထုတ်ပြန်ထားတာ ရှိတယ်။ ပြီးတော့ ထိုင်းတွေက ဒီလို တင်ပို့ဖို့ အခွန်တွေအားလုံး ဆောင်ထားတာဆိုတော့ စဉ်းစားကြည့်ပါ။ ၃ ရက်ဆိုရင် ထိုင်းဘတ် သန်း ၆၀၊ မြန်မာငွေ သိန်း ၁ သောင်း ၈ ထောင်  ကျော်ဖိုးလောက် ဖြစ်နေပြီ”ဟု ရှင်းပြသည်။ 

သို့သော် ထိုင်းသတင်းဌာနများက ဤသို့ တံတားပိတ်ထားမှုကြောင့် ထိုင်းကုန်သည်များ တရက်လျှင် ဘတ်သန်း ၁၀၀ ခန့်အထိ နစ်နာလျက်ရှိကြောင်း ရေးသားဖော်ပြထားသည်။

ထိုင်း-မြန်မာ နယ်စပ်ဂိတ်များ အနက် ချစ်ကြည်ရေးတံတား တည်ရှိရာ မဲဆောက်မြို့သည် ကုန်စည် စီးဆင်းမှု အကြီးဆုံးဂိတ် တခုဖြစ်ပြီး မြန်မာနိုင်ငံမှ ထိုင်းသို့ တင်ပို့သည့် ကုန်ပစ္စည်းများမှာ သစ်၊ ဆန်၊ ငရုပ်၊ ကြက်သွန်နှင့် ကျွဲ၊ နွား၊ ဆိတ်၊ သိုး စသည့် တိရစ္ဆာန်များ အပါအဝင် ကျောက်စိမ်းအထိ တင်ပို့ကြကြောင်း ကုန်သည်များက ပြောသည်။

မြန်မာက ထိုင်းသို့ တင်ပို့သည့် ကုန်ပစ္စည်းတန်းဖိုးမှာ တလလျှင် ဘတ်သန်း ဆယ်ဂဏန်း (ကျပ် သန်း ၃၀၀) ခန့်သာရှိပြီး ထိုင်းနိုင်ငံက မြန်မာသို့ တင်ပို့သည့် ကုန်ပစ္စည်းတန်ဖိုးမှာ ဘတ် သန်း ၁၀၀၀ (ကျပ် သန်း ၃၀၀၀၀) ခန့် ရှိသည်ဟု သိရသည်။

ဧရာဝတီ သတင်းထောက် ဘစောတင်နှင့် ခင်ဦးသာတို့ ပူးပေါင်းရေးသားသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်