လိုင်စင်မဲ့ကားများကို လိုင်စင် တထိုင်တည်း အပြီးဆောင်ရွက်ပေးမည်

E-mail Print
စစ်အစိုးရ ဝန်ကြီးဌာန ၄ ခုအောက်မှ ဌာနခွဲများ ပူးပေါင်း ဖွဲ့စည်းထားသော အထူးအဖွဲ့က လိုင်စင်မဲ့ ကားများကို တန်ဖိုး သတ်မှတ် အခွန် ဆောင်စေပြီး တနေရာတည်းတွင် အပြီး ဆောင်ရွက်ပေးမည့် စနစ်ဖြင့် တရားဝင် လိုင်စင်များထုတ်ပေးရန် အကောင်အထည် ဖော်လျက်ရှိကြောင်း သတင်းရရှိသည်။

“လိုင်စင်မဲ့ ကားတွေကို ဒဏ်ရိုက်ပြီး တရားဝင် အခွန်ဆောင် နံပါတ် ထုတ်ပေးဖို့ ဌာနဆိုင်ရာ ပူးပေါင်း အဖွဲ့တွေနဲ့ စနစ်တကျ လုပ်သွားဖို့ ရှိတယ်။ တနေရာတည်း၊ တချိန်တည်းမှာ ပြီးပြတ်အောင် စီစဉ်ပေးမယ့် One Stop Service ပုံစံပါ” ဟု ရန်ကုန်ရှိ အကောက်ခွန် ဦးစီးဌာန ရုံးချုပ်မှ အဆင့်မြင့် အရာရှိ တဦးက ပြောသည်။

ပြည်ထဲရေး ဝန်ကြီးဌာန၊ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန၊ ပို့ဆောင်ရေး ဝန်ကြီးဌာနနှင့် စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာန ၄ ခု လက်အောက်မှ ဌာနခွဲများ ပူးပေါင်း ပါဝင်သည့် အထူးအဖွဲ့က လိုင်စင်မဲ့ ကားများကို တန်ဖိုးဖြတ်ကာ အခွန်ဆောင်စေပြီး တရားဝင် မော်တော်ယာဉ် နံပါတ်များ ထုတ်ပေးမည် ဖြစ်ကြောင်း အဆိုပါ အဆင့်မြင့် အရာရှိက ပြောသည်။

ပူးပေါင်းထားသည့်ဌာနခွဲများတွင် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ပြည်တွင်းအခွန်များ ဦးစီးဌာန၊ မြန်မာ့စီးပွားရေးဘဏ်၊ အကောက်ခွန် ဦးစီးဌာန၊ ကုန်းလမ်းပို့ဆောင်ရေးနှင့် ညွှန်ကြားမှု ဦးစီးဌာနနှင့် နယ်စပ်ကုန်သွယ်ရေး ဦးစီးဌာနတို့ ပါဝင်သည်။

လိုင်စင်မဲ့ ကားများကို ရာဖြတ်အဖွဲ့၏ သတ်မှတ်ချက်အတိုင်း ကားတန်ဖိုး၏ ၈၅ ရာခိုင်နှုန်း ပေးဆောင်စေကာ တရားဝင် လိုင်စင်များ ထုတ်ပေး သွားမည်ဟု အစောပိုင်းတွင် သတင်းထွက်ပေါ်ခဲ့သော်လည်း ယခုအခါ သက်ဆိုင်ရာ အဖွဲ့များ၏ ဘုတ်ထိုင် ဆုံးဖြတ်ချက်အရ ပေးဆောင်ရမည့် ကားတန်ဖိုးကို ၅၀ ရာခိုင်နှုန်း အထိ လျှော့ချသွားမည်ဟု သတင်းရရှိသည်။ 

လိုင်စင်မဲ့ကားများကို အခွန်ဆောင်စေပြီး တရားဝင်နံပါတ် ထုတ်ပေးရာတွင် သက်ဆိုင်ရာ ပြည်နယ်နှင့် တိုင်းများ အတွင်းသာ စီးနင်းခွင့်ရှိသည့် နံပါတ်အမျိုးအစားများသာ ဖြစ်နိုင်ကြောင်း၊ အထူးသဖြင့် နယ်စပ်ဒေသများရှိ လိုင်စင်မဲ့ယာဉ်များကို ရည်ရွယ်ပြီး အဆိုပါ အစီအစဉ် ပေါ်ပေါက်လာခြင်းဖြစ်ကြောင်း အစိုးရ သတင်းရပ်ကွက်များမှ သိရသည်ဟု ရန်ကုန်မြို့ရှိ အကောက်ခွန်ဆိုင်ရာ ဝန်ဆောင်မှု ကုမ္ပဏီ အသိုင်းအဝန်းက ပြောသည်။

မြန်မာနိုင်ငံ အကောက်ခွန် လုပ်ငန်းများဆိုင်ရာ ဝန်ဆောင်သူများအသင်းမှ တာဝန်ရှိသူတဦးက “ရှမ်းပြည်နယ်ထဲက လိုင်စင်မဲ့ကားက တရားဝင် အခွန်ဆောင် နံပါတ်ယူပြီးရင် ရှမ်းပြည်ထဲမှာပဲ စီးခွင့်ရမယ်။ နယ်စပ်ဒေသတွေမှာ လိုင်စင်မဲ့ကားတွေက ဘယ်လောက်ဖမ်းဖမ်း ပျောက်မသွားတော့ ဒီ အခွန်ဆောင် နံပါတ်ထုတ်စနစ်မျိုး လုပ်တာလို့ ကြားတယ်” ဟု ဆိုသည်။

လိုင်စင်မဲ့ကားများအတွက် အခွန်ဆောင်ရန် ကားအမျိုးအစားနှင့် ထုတ်လုပ်သည့် နှစ်အလိုက် ကောက်ခံရမည့် အခွန်နှုန်းထားစာရင်း တရားဝင် ထွက်ရှိနေပြီဖြစ်ကြောင်း ရှမ်းပြည်နယ် ပြည်တွင်းအခွန်များ ဦးစီးဌာနမှ သိရသည်။

လိုင်စင်မဲ့ကားများကို တရားဝင်နံပါတ် ထုတ်ပေးမည်ဆိုသော သတင်းများကြောင့် ရန်ကုန် ကားဈေးကွက်တွင် သိသိသာသာ အရောင်းအ၀ယ် ရပ်ဆိုင်းသွားကြောင်း ကားပွဲစားများက ဆိုသည်။

“လောလောဆယ်တော့ ကားဈေးတွေ မကျဘူး။ ဒါပေမယ့် အရောင်းအ၀ယ် မရှိတော့ဘူး။ နဂိုကတည်းက
အရောင်းအ၀ယ် အေးနေတဲ့ကားဈေးကွက် အခု ရပ်သလောက်နီးပါး ဖြစ်နေပြီ” ဟု ရန်ကုန်ရှိ ဟံသာဝတီ ကားပွဲစားတန်းမှ ပွဲစားတဦးက ပြောသည်။

လိုင်စင်မဲ့ကားများကို ပြည်နယ်နှင့် တိုင်းအလိုက် နယ်မြေအကန့်အသတ်ဖြင့်သာ စီးခွင့်ပြုသော လိုင်စင်မျိုး ထုတ်ပေးလျှင် ကားဈေးနှုန်းနှင့် ဈေးကွက်အပေါ် အနည်းငယ်သာ သက်ရောက်မှုရှိနိုင်ကြောင်း ကားပွဲစားများက သုံးသပ်သည်။

“နယ်မြေအကန့်အသတ်နဲ့ လိုင်စင်ထုတ်ပေးရင် တနိုင်ငံလုံးစီးလို့ရတဲ့ ကားတွေက ဆက်ပြီး ဈေးမာမယ်။ ဈေးမကျဘူး။ ဒါပေမယ့် နယ်ကနေ ရန်ကုန်တက်ပြီး ကားဝယ်တဲ့သူ အရေအတွက် လျော့သွားမယ်” ဟု တာမွေမြို့နယ်ရှိ သတိပဋ္ဌာန် ကားပွဲစားတန်းမှ ပွဲစားတဦးက ပြောသည်။

စစ်အစိုးရက ကားတင်သွင်းခွင့်ကို တင်းတင်းကျပ်ကျပ် ထိန်းချုပ်ထားမှုကြောင့် ပြည်တွင်းဈေးကွက်တွင် ဖြစ်ပေါ်နေသော ကားဈေးနှုန်းမှာ နိုင်ငံတကာ ကားဈေးကွက် ပေါက်ဈေးနှုန်းများထက် အဆပေါင်းများစွာ မြင့်မားနေပြီး အမျိုးအစားနှင့် ထုတ်လုပ်သည့်ခုနှစ်ကို လိုက်၍ ကားတစီးလျှင် အနည်းဆုံး ကျပ် သိန်း ၈၀ ခန့်မှ သိန်းထောင်ဂဏန်းအထိ ဈေးနှုန်းရှိကြောင်း သိရသည်။

၂၀၀၆ ခုနှစ်အတွင်းက လိုင်စင်မဲ့ကားများကို စက်မှုဇုန်ထုတ် ကားများအဖြစ် ပုံပြောင်း ပြင်ဆင်ခဲ့သော ကားအစီး ၆၀ ကျော်ကို တစီးလျှင် သိန်းရာနှင့်ချီ၍ ဒဏ်ရိုက်ပြီး တရားဝင်ယာဉ်များအဖြစ် အသိအမှတ် ပြုပေးခဲ့ကြောင်း ရန်ကုန်မြို့ အကောက်ခွန် ဦးစီးဌာန ရုံးချုပ်မှ ရရှိသော မှတ်တမ်းများအရ သိရသည်။

ထိုသို့ ဒဏ်ရိုက်ပြီး အသိအမှတ် ပြုပေးခဲ့ခြင်းမှာ ကားပိုင်ရှင်များသည် စစ်အစိုးရအရာရှိများနှင့် ၎င်းတို့၏ မိသားစုဝင်များ ဖြစ်နေသောကြောင့် ဟု ကားပွဲစား အသိုင်းအဝန်းက ဆိုသည်။

လိုင်စင်မဲ့ကား အများစုမှာ စစ်အစိုးရ အာဏာပိုင်များ၏ သားသမီး၊ ဆွေမျိုးများ၊ ၎င်းတို့နှင့် နီးစပ်သော စီးပွားရေး လုပ်ငန်းရှင်များနှင့် နယ်စပ်ကုန်သွယ်ရေး အရာရှိများ ပူးပေါင်း၍ ပြည်တွင်းသို့ တင်သွင်းလာခြင်းဖြစ်ကြောင်း သိရသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်