မဲဆွယ်စည်းရုံးရေး သီချင်းများ လွှင့်ရန် USDP စီစဉ်

E-mail Print
ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ (USDP) သည် ရွေးကောက်ပွဲ အတွက် မဲဆွယ်ရန် စည်းရုံးရေး သီချင်းများကို နာမည်ကျော် အဆိုတော်များနှင့် သွင်းယူနေပြီး စစ်အစိုးရပိုင် ရုပ်သံ မီဒီယာများမှ ထုတ်လွှင့်ပြသမည်ဖြစ်ကြောင်း သတင်းရရှိသည်။

usda_membersစည်းရုံးရေး သီချင်းများ သီဆိုရန်အတွက် ဆိုကရေးတီး ပြိုင်ပွဲများတွင် ရွှေတံဆိပ်ဆု ရရှိထားသည့် တေးရေးသူနှင့် အဆိုရှင်များ အပြင် နာမည်ကြီး အဆိုတော်များကို USDP က ခေါ်ယူပြီး အသံသွင်းလျက်ရှိကြောင်း သိရသည်။

“သီချင်းတွေက ရွေးကောက်ပွဲ အောင်နိုင်ရေးနဲ့ ကြံ့ဖွံ့ပါတီ စည်းရုံးရေး သီချင်းတွေပါ။ ခေတ်ပေါ် မြန်မာဂီတ တေးသီချင်း ပုံစံတွေလည်း ပါသလို ခေတ်ဟောင်း တေးသီချင်း ပုံစံတွေလည်း ပါတယ်” ဟု မြို့နယ်အဆင့် USDP အတွင်းရေးမှူးတဦးက ပြောသည်။

USDP ၏ စည်းရုံးရေး သီချင်းခွေများကို ပြည်သူများအကြားတွင် အခမဲ့ ဖြန့်ချိမည် ဖြစ်ပြီး ရွေးကောက်ပွဲ မဲဆွယ်ချိန်၊ မဲထည့်ချိန်များ၌ USDP ရုံးများတွင် အဆိုပါသီချင်းများကို ဖွင့်ထားမည်ဟု ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်း (USDA) နီးစပ်သူများက ပြောသည်။

USDP ဥက္ကဋ္ဌဖြစ်သူ ၀န်ကြီးချုပ် ဦးသိန်းစိန်က USDP အနေဖြင့် ယခုလာမည့် ရွေးကောက်ပွဲတွင် မဖြစ်မနေ အနိုင်ရရှိရန် လုပ်ဆောင်ကြိုးပမ်းရမည်ဟု ပြည်နယ်နှင့်တိုင်း ပါတီတာဝန်ခံများကို ညွှန်ကြားထားကြောင်း၊ ယခုရက်များအတွင်း နေပြည် တော်တွင် USDP အထူးအစည်းအဝေးများ မကြာခဏ ကျင်းပလျက်ရှိကြောင်းလည်း စုံစမ်းသိရှိရသည်။   

“ပါတီ ရှေ့လုပ်ငန်းစဉ်နဲ့ ပတ်သက်တဲ့ အထူးအစည်းအဝေးတွေ နေပြည်တော်မှာ ခဏခဏ လုပ်တော့ မကြာခဏဆိုသလို တိုင်းနဲ့ ပြည်နယ် ပါတီလူကြီးတွေ နေပြည်တော်သွားနေရတယ်” ဟု ရန်ကုန်တိုင်း USDP အတွင်းရေးမှူး ဦးအေးမြင့်နှင့် နီးစပ်သူတဦးက ပြောသည်။

USDP သည် တနိုင်ငံလုံးတွင် ပါတီရုံးများ ဖွင့်လှစ်ရန် အဆင့်သင့်ဖြစ်နေပြီး နေပြည်တော်မှ ညွှန်ကြားချက်ရရှိသည်နှင့် တပြိုင်နက် ပါတီရုံးများ တရားဝင် ဖွင့်လှစ်သွားမည် ဖြစ်ကြောင်း USDA အသိုင်းအဝိုင်းမှ သိရှိရသည်။

လူမှုရေး အသင်း အမည်ခံ ထားသည့် USDA အသင်းကို ဖျက်သိမ်း၍ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ (USDP) အဖြစ် ဆက်လက် ရပ်တည်တော့မည်ဖြစ်ကြောင်း၊ အသင်းကို ဇူလိုင်လ ၆ ရက်နေ့မှ စ၍ ဖျက်သိမ်းပြီး အသင်းပိုင်ပစ္စည်းများကို ပါတီသို့ အပြီးအပိုင်လွှဲပြောင်း ပေးသွားဖြစ်ကြောင်း USDA အသင်းမှ ရုံးအဖွဲ့မှူး သူရ ဦးမြင့်ဦးကို ကိုးကား၍ ဘီဘီစီသတင်းဌာနက ပြီးခဲ့သည့် သီတင်းပတ်တွင် ဖော်ပြထားသည်။

ဧပြီလ ၂၉ ရက်နေ့တွင် လက်ရှိ စစ်အစိုးရ ၀န်ကြီးချုပ် ဗိုလ်ချုပ်ကြီးဟောင်း ဦးသိန်းစိန်နှင့် အစိုးရ ၀န်ကြီးများ၊ အရာရှိ ကြီးများ ၂၆ ဦးတို့သည် ၂၀၁၀ ရွေးကောက်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်ရန် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်သို့ USDPပါတီကို တည်ထောင်ခွင့် လျှောက်ထားပြီး ဇွန်လ ၈ ရက်နေ့၌ ပါတီ မှတ်ပုံတင်ခွင့် ကျထားသည်။

USDP သည် ရွေးကောက်ပွဲကော်မရှင်သို့ ပါတီဝင်အင်အား တင်ပြသည်ကို ယနေ့အချိန်အထိ မတွေ့ရှိရသေးပေ။

ယခုနှစ်တွင် ကျင်းပမည့်ရွေးကောက်ပွဲအတွက် နိုင်ငံရေးပါတီ ၄၄ ခုတို့မှ နိုင်ငံရေးပါတီ တည်ထောင်ခွင့်နှင့် ဆက်လက် တည် ထောင်ခွင့်တို့ကို လျှောက်ထားခဲ့ပြီး ပါတီမှတ်ပုံတင်ခွင့်လျှောက်ထားသည့် ၃၉ ပါတီစလုံးကို ရွေးကောက်ပွဲ ကော်မရှင်က မှတ်ပုံ တင် ခွင့်ပြုပြီးဖြစ်ကြောင်း ထုတ်ပြန်ထားသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်