ရွေးကောက်ပွဲ ကျင်းပမည့်ရက် မသိသေးဟု ဦးဉာဏ်ဝင်းပြော

E-mail Print
ရွေးကောက်ပွဲကို မည်သည့် နေ့ရက်တွင် ကျင်းပမည် ဆိုသည်ကို မသိရှိကြောင်း မြန်မာ နိုင်ငံခြားရေး ၀န်ကြီး ဦးဉာဏ်ဝင်းက ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့တွင် ကျင်းပသည့် အာဆီယံ နိုင်ငံများ၏ နိုင်ငံခြားရေး ၀န်ကြီးများ အစည်းအဝေးတွင် ပြောဆိုလိုက် သည်။

“ဒီကိစ္စတွေကို ကျနော်တို့ နိုင်ငံခြားရေး ဌာနက မသိပါဘူး။ ဒီလို ပြောဆိုဖို့ ရွေးကောက်ပွဲ ကော်မရှင်မှာသာ တာဝန် ရှိပါတယ်” ဟု ပြောကြောင်း AP သတင်းဌာနက ဖော်ပြသည်။

အဆိုပါ အစည်းအဝေးသို့ တက်ရောက် လာသည့် နိုင်ငံခြားရေး ၀န်ကြီးများက စစ်အစိုးရ ကျင်းပပေးမည့် ရွေးကောက်ပွဲသည် အားလုံးပါဝင်ပြီး လွတ်လပ်၍ တရားမျှတသည့် ရွေးကောက်ပွဲ ဖြစ်စေရန်လည်း မြန်မာကိုယ်စားလှယ် ဦးဉာဏ်ဝင်းကို တိုက်တွန်း ပြောဆိုကြောင်း အရှေ့တောင်အာရှ နိုင်ငံများ အဖွဲ့ (အာဆီယံ) အတွင်းရေးမှူးချုပ် ဆူရင်ပစ်ဆူဝမ်က ဆိုသည်။

“မြန်မာ နိုင်ငံခြားရေးဝန်ကြီးကို ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ အာဆီယံက စိုးရိမ်တဲ့အကြောင်း ၀ိုင်းပြောကြတာ နားငြီး လောက်တယ်”ဟု ၎င်းက ပြောသည်။

ထို့အပြင် မြန်မာရွေးကောက်ပွဲနှင့် ပတ်သက်၍ ဖြစ်ပေါ်လာမည့် ကောင်းကျိုးဆိုးကျိုးမှန်သမျှ အာဆီယံအဖွဲ့ကြီး အပေါ်တွင် ရိုက်ခတ်မည်ဖြစ်ကြောင်း၊  ငြိမ်းချမ်းစွာ ဖြစ်ပေါ်လာမည့် အမျိုးသား ပြန်လည်သင့်မြတ်ရေးကို လိုလားကြောင်း နိုင်ငံခြားရေး ၀န်ကြီး ဦးဉာဏ်ဝင်းကို အာဆီယံ ဝန်ကြီးများက အသိပေး ပြောဆိုခဲ့သည်ဟု သိရသည်။

ထိုအစည်းအဝေး အပြီးတွင် နိုင်ငံခြားရေး ၀န်ကြီးများက စာပိုဒ်ရေ  ၇၃ ပိုဒ် ပါဝင်သည့် ပူးတွဲကြေညာချက် တစောင်ကို ထုတ်ပြန်ခဲ့သည်။

သို့သော် ထိုစာပိုဒ်များတွင်  မြန်မာ ရွေးကောက်ပွဲနှင့် ပတ်သက်၍ လွတ်လပ် တရားမျှတပြီး အားလုံးပါဝင်နိုင်သည့် ရွေးကောက်ပွဲ ဖြစ်ရေးသည် အမျိုးသားပြန်လည် သင့်မြတ်ရေး၊ တည်ငြိမ်တိုးတက်ရေးအတွက် အရေးကြီးသည်ဟု ရေးသား ထားသည့် စာပိုဒ်တပိုဒ်သာပါရှိပြီး မြန်မာ့နိုင်ငံရေးတွင် အရေးကြီးသည့် ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးနှင့် နိုင်ငံရေး အကျဉ်းသားများ လွှတ်ပေးရေး စသည့်အချက်များ မပါဝင်ပေ။

အာဆီယံ အဖွဲ့ကြီးအနေဖြင့် ယခုကျင်းပမည့် ရွေးကောက်ပွဲသို့ စောင့်ကြည့်လေ့လာရေးအဖွဲ့ စေလွှတ်ရန်လည်း မြန်မာ စစ်အစိုးရ ကို တောင်းဆိုခဲ့ကြောင်း သိရသည်။

စင်္ကာပူ နိုင်ငံခြားရေး ၀န်ကြီး ဂျော့ရိုးကမူ လေ့လာသူများ စေလွှတ်ရေးနှင့် ပတ်သက်၍ မြန်မာအစိုးရအပေါ် ပြင်းပြင်းထန်ထန် ဖိအားပေးသွားမည်ဟု ပြောသည်။

“မြန်မာ့ ပြည်တွင်းရေး ဆိုပေမယ့် လေ့လာရေးအဖွဲ့ စေလွှတ်ရေးကို ကျနော်တို့ အတော်ကို ပြင်းပြင်းထန်ထန် ပြောခဲ့ပါတယ်” ဟု ဂျော့ရိုး က ဆိုသည်။

နိုင်ငံခြားရေး ၀န်ကြီး ဦးဉာဏ်ဝင်းက နေပြည်တော်ရှိ စစ်ခေါင်းဆောင်များကို ပြန်လည်တင်ပြပါလိမ့်မည်ဟု ၎င်းက ဆက်လက် ပြောသည်။

သို့သော် ထိုသို့ တောင်းဆိုချက်များသည် တဦးချင်းအနေဖြင့်သာ ပြောဆိုခဲ့ခြင်း ဖြစ်ပြီး အစည်းအဝေးအပြီး ထုတ်ပြန်ခဲ့သည့် ပူးတွဲ ကြေညာချက်တွင် မပါရှိပေ။

အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး မာတီ နာတလာဂါဝါ က“ရွေးကောက်ပွဲနဲ့ ပတ်သက်လို့တော့ မလေ့လာသေးဘဲနဲ့ ဆုံးဖြတ်ချက် မချချင်ဘူး၊ အဓိကကတော့ မြန်မာပြည်သူတွေ ဒီရွေးကောက်ပွဲ အပေါ်မှာ ဘယ်လိုသဘောထားလဲဆိုတာက အရေးကြီးတယ်”ဟု ဆိုသည်။

အာဆီယံနိုင်ငံခြားရေး ၀န်ကြီးများ အစည်းအဝေးကို ပြီးခဲ့သည့် ဇူလိုင်လ ၁၉ ရက်နှင့် ၂၀ ရက်နေ့တို့တွင် ကျင်းပခဲ့ခြင်းဖြစ် သည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်