ရွှေဈေးကွက်ကို အပြီးထိန်းချုပ်တော့မည်

E-mail Print
မြန်မာနိုင်ငံ ရွှေလုပ်ငန်းရှင်များ အသင်းက အပြည့်အဝ ထိန်းချုပ်မည့် ရွှေကုန်သည်များ အတွက် သီးသန့် ဈေးကွက်ကြီး နှစ်ခုကို ရန်ကုန်နှင့် မန္တလေးတွင် ၂၀၀၉ ခုနှစ်အတွင်း ဖွင့်လှစ်ရန် စီစဉ်နေသည့် သတင်း ကြောင့် ရွှေကုန်သည်များအကြား စိုးရိမ်ပူပန်မှုများ ဖြစ်ပေါ်နေကြောင်း ရန်ကုန် စီးပွားရေး အသိုင်းအ၀န်းမှ ကြားသိရသည်။

သီးခြား ရွှေရောင်းဝယ်မှု ဈေးကွက်များ ဖြစ်ပေါ်လာလျှင် စစ်အစိုးရအနေနှင့် ရွှေဈေးနှုန်းကို ပိုမို ထိန်းချုပ်နိုင်လိမ့်မည် ဟူသော မြန်မာနိုင်ငံ ရွှေလုပ်ငန်း ရှင်များအသင်း၏ အကြံပြုချက်ကြောင့် ထိုဈေးကွက်များ ပေါ်ပေါက်ရန် ကြိုးပမ်းနေခြင်း ဖြစ်ကြောင်း The Voice Weekly သတင်းဂျာနယ်တွင် ဖော်ပြထားသည်ကို တွေ့ရသည်။

ရွှေလုပ်ငန်းရှင်များနှင့် ရွှေဆိုင်များအားလုံး ထိုဈေးကွက်တွင်သာ အရောင်း အ၀ယ် ပြုရမည်ဟု မြန်မာနိုင်ငံ ရွှေလုပ်ငန်းရှင်များအသင်း၏ အထွေထွေ အတွင်းရေးမှူး ဦးကျော်ဝင်းက ပြောခဲ့ကြောင်း ၎င်းဂျာနယ်တွင် ရေးသား ထားသည်။

“ဂျာနယ်မှာ ရွှေအရောင်းအ၀ယ် သီးသန့် ဈေးကွက်ကြီးတွေ အကောင် အထည်ဖော်နေတယ် ဆိုပြီး ဦးကျော်ဝင်းကပြောတော့ ရန်ကုန်ရွှေလောက မှာတော်တော် ဂယက်ရိုက်သွားတယ်။ အာဏာပိုင်တွေက ရွှေအသင်းနဲ့ ပေါင်းပြီး ရွှေဈေး ထိန်းချုပ်ချင်တာပါ” ဟု ရွှေဘုံသာလမ်းမှ ရွှေဆိုင် ပိုင်ရှင်တဦးကပြောသည်။  

ရန်ကုန်နှင့် မန္တလေးတွင် သီးသန့်ဈေးကွက်ကြီးများ အကောင်အထည် ဖော်ခြင်းဖြင့် ရွှေဈေးနှုန်း မတည်ငြိမ်ခြင်းများ ကာကွယ်နိုင်လာမည်ဟု ဦးကျော်ဝင်းက ပြောကြောင်း The Voice Weekly တွင် ဖော်ပြထားသည်။

အဆိုပါ သီးသန့် ရွှေဈေးကွက်အတွင်း အရောင်းအ၀ယ်ပြုရာတွင် စည်းမျဉ်း၊ စည်းကမ်းများရှိမည်ဖြစ်ပြီး ၎င်းစည်းမျဉ်း စည်းကမ်းများကို ရွှေအသင်းက ရေးဆွဲနေကြောင်းနှင့် ပြီးစီးပါက ပြည်ထဲရေးဝန်ကြီး ဗိုလ်ချုပ် မောင်ဦးထံအတည်ပြုချက် ရယူသွားမည်ဖြစ်ကြောင်း ဦးကျော်ဝင်းက ပြောဆိုသည်။

“သီးသန့် ရွှေဈေးကွက် လုပ်နေတယ်ဆိုတာ ဂျာနယ်ထဲပါလာမှ သေချာ သိရတာ။ ပြီးတော့ ဈေးကွက်မှာ စည်းမျဉ်း၊ စည်းကမ်းတွေနဲ့ ရောင်းဝယ်ရမယ်လို့လည်း ပြောတယ်။ အဲဒီစည်းမျဉ်း စည်းကမ်း ဆိုတာက အားလုံးရဲ့ ဆန္ဒနဲ့ ရေးဆွဲ ထားတာလည်း မဟုတ်ဘူး” ဟု မန္တလေးမှ ရွှေဆိုင် ပိုင်ရှင်တဦးက ပြောသည်။

မြန်မာနိုင်ငံ ရွှေလုပ်ငန်းရှင်များအသင်းသည် နိုင်ငံတ၀န်းရှိ ရွှေလုပ်ငန်းနှင့် ပတ်သက်သည့် စီးပွားရေး အသိုင်းအ၀န်းကို ကိုယ်စားပြုသော အဖွဲ့အစည်းမဟုတ်ဘဲ စစ်အစိုးရစိတ်ကြိုက် စီးပွားရေးသမားများကို သာ ရွေးချယ်ခန့်ထားသည့် အဖွဲ့အစည်းဖြစ်သည့် အတွက် ထိုအသင်းက ဖော်ဆောင်မည့် ဈေးကွက် မှာလည်း မအောင်မြင်နိုင်ကြောင်း မန္တလေးမြို့၏ နာမည်ကျော်ရွှေလုပ်ငန်းရှင်ကြီး တဦးက သုံးသပ်သည်။

“ရွှေအသင်းမှာ အသင်းဝင် ရှစ်ရာကျော်ပဲရှိတယ်။ တနိုင်ငံလုံးမှာ ရွှေစီးပွားရေးလုပ်တဲ့သူ သောင်းဂဏန်း ချီရှိတယ်။ အဲဒီတော့ အသင်းဝင်ရှစ်ရာကျော်နဲ့ လုပ်တဲ့ဈေးကွက်က အားလုံးကိုကိုယ်စားမပြုပါဘူး” ဟု ထိုလုပ်ငန်းရှင်ကပြောသည်။

ရန်ကုန် ရွှေဘုံသာလမ်းရှိ ရွှေလေပတ်ကား ပွဲစားများမှာလည်း ရွှေအသင်းက ဆောင်ရွက်မည့် ဈေးကွက်ကြောင့် အလုပ် လက်မဲ့ ဖြစ်သွားကြမည်ကို စိုးရိမ်ပူပန်လျက်ရှိကြကြောင်း သိရှိရသည်။

“ရွှေအသင်းရဲ့ ဈေးကွက်မှာပွဲစားတွေ လက်မခံဘူး၊ လုပ်ငန်းရှင်တွေနဲ့ ကုန်သည်တွေပဲ ရောင်းခွင့် ပြုမယ်ဆိုပြီး ပြောထား တော့ တကယ်ဈေးကွက်ဖြစ်လာရင် ကျနော်တို့ လေပတ်ကား ပွဲစားတွေ ဒုက္ခပဲ။ ရွှေဈေးကွက်ကို မှီခိုလုပ်စားနေတဲ့ မိသားစု ထောင်၊ သောင်းပေါင်း များစွာ အတွက်တော့ ရင်လေး စရာပေါ့ဗျာ” ဟု ပွဲစားတဦးကပြောသည်။

ရန်ကုန်စီးပွားရေးတက္ကသိုလ်အငြိမ်းစားပါမောက္ခတဦးက ရွှေအရောင်းအ၀ယ် ဈေးကွက်ဟူ၍ သေသေ ချာချာ ရှိလာမည် ဆိုသော အချက်မှာ ဘောဂဗေဒသဘောတရားအရ မှန်ကန်သော်လည်း ထိန်းချုပ်မှုကင်းပြီး မည်သူမဆို တရားနည်းလမ်း တကျ လွတ်လွတ်လပ်လပ်ရောင်းဝယ်မှု ရှိရန် လိုအပ်ကြောင်း ရှင်းပြသည်။

“အစိုးရက ဈေးကို ထိန်းချုပ်ဖို့ မဟုတ်ဘဲ အမှန်တကယ် ဈေးကွက်ကို သေချာဖြစ်စေချင်လို့ လုပ်တာဆိုရင် လုံးဝကြိုဆိုရ မှာပါ။ စီးပွားရေး သဘောတရားအရ ဒါဟာ လုံးဝမှန်ပါတယ်” ဟု ၎င်းကဆိုသည်။
မြန်မာနိုင်ငံ ရွှေလုပ်ငန်းရှင်များ အသင်းကို ၂၀၀၂ ခုနစ်တွင် ပြည်ထဲရေးဝန်ကြီးဌာနက ဦးဆောင်ဖွဲ့စည်း ပေးခဲ့ခြင်းဖြစ်ပြီး အသင်းဝင်ပေါင်း ၈၀၀ ကျော် ရှိရာတွင် အများစုမှာ မြန်မာပြည်ဖွား တရုတ်လူမျိုး လုပ်ငန်းရှင် စီးပွားရေးသမားများ ဖြစ်ကြောင်း သိရသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်