ကြက်သွန်နီဈေး ထိန်းပေးရန် တောင်သူများ ဗိုလ်ချုပ်မှူးကြီးထံ စာပို့

E-mail Print
အစိုးရက ကြက်သွန်နီ ပြည်ပတင်ပို့ခွင့်ကို ပိတ်ပင်ထား သည့်အတွက် ဈေးနှုန်း အဆမတန် ကျဆင်းနေမှုကို ကာကွယ် တားဆီး ပေးရန်  ကြက်သွန်စိုက် တောင်သူများ က ဗိုလ်ချုပ်မှူးကြီး သန်းရွှေထံ ယနေ့ စာရေးသားပေး ပို့လိုက်ကြောင်း သတင်းရရှိသည်။

07ကြက်သွန်နီ ပြည်ပ တင်ပို့ခွင့်မရသည့်အတွက် ဈေးနှုန်း အလွန်အမင်း ကျဆင်းပြီး အရှုံးပေါ်နေကြောင်း၊ ထိုအကျိုးဆက်အဖြစ် တောင်သူ များမှာ စားဝတ်နေရေး၊ ပညာရေး၊ လူမှုရေး၊ ကျန်းမာရေးပိုင်းတွင် အခက်အခဲများ ဖြစ်ပေါ်လာကြောင်း၊ ဈေးနှုန်းသင့်တင့်သည့် ကြက်သွန်ဈေးကွက် ပြန်လည် ဖြစ်ပေါ်လာရေးအတွက် ပြည်ပတင်ပို့ခွင့်ပြုရန် တောင်းဆိုကြောင်း စသည်အချက်များကို ဗိုလ်ချုပ်မှူးကြီးထံ ပေးစာတွင် ရေးသားထားသည်ဟု ရေနံချောင်းမြို့နယ်မှ တောင်သူတဦးက ဧရာဝတီသို့ပြောသည်။

“လက်ရှိအနေအထားက ရှုံးတယ်ဆိုတာထက် ဆိုးတယ်။ အရင်းအနှီးရော ဘာရော လုံးဝ ဆုံးသွားတာ။ ၁၀၀ ကျပ်ရင်းလို့ ၃၀ ကျပ် လောက်ပြန်ရရင် တော်သေးတယ်။ အခု လုံးလုံး ဆုံးသွားတာ” ဟု ၎င်းက ဆိုသည်။

ပေးစာကို လက်မှတ်ရေးထိုးရာတွင် အဓိက ကြက်သွန်စိုက်ရာ ဒေသကြီးများ ဖြစ်သည့် ရေနံချောင်း၊ စလင်း၊ ချောက်မြို့ နယ်အတွင်းရှိ တောင်သူ ၅၀ ဦး ပါကြောင်း၊ စာကို ဗိုလ်ချုပ်မှူးကြီးထံ လိပ်မူပြီး ရေနံချောင်းစာတိုက်မှ ယနေ့ ပေးပို့ကြောင်း သိရှိရသည်။

အစိုးရအနေဖြင့် အရေးယူဆောင်ရွက်ပေးမှု တစုံတရာမရှိလျင် ဧရာဝတီမြစ်အတွင်းသို့ ကြက်သွန်များကို မျှောချပြီး ဆန္ဒပြမှု ပြုလုပ်မည်ဟု အဆိုပါ တောင်သူက ပြောသည်။

ကြက်သွန်ကို ယမန်နှစ်က ပြည်ပသို့ တင်ပို့ခွင့်ပေးသည့် အတွက် တပိဿာလျှင် ၁၄၀၀ ကျပ်ခန့်အထိ ဈေးပေါက်ခဲ့ကြောင်း၊ ထိုကြောင့် ယခုနှစ်တွင် စိုက်ပျိုးသူ ပိုမိုများပြားပြီး အထွက်လည်း ပိုမိုကောင်းမွန်သောကြောင့် ပြည်တွင်းစားသုံးရန် ဖူလုံရုံမက ပိုလျှံနေသေးကြောင်း သိရသည်။

ယခုအခါ ကြက်သွန်စိုက်ပျိုးသည့်ရာသီ နီးကပ်လာသော်လည်း စိုက်ပျိုးမည့်သူ မရှိသည့်အတွက် မျိုးစေ့နှင့် မျိုးဥ အရောင်းအ၀ယ် မရှိကြောင်း ရေနံချောင်းမြို့ရှိ စိုက်ပျိုးရေးပစ္စည်း ရောင်းဝယ်သည့် ဆိုင်ရှင်တဦးက ပြောသည်။

တောင်သူများ၏ ကြက်သွန် စိုက်ပျိုးစရိတ်မှာ တပိဿာလျှင် ၃၀၀ ကျပ်နှုန်းခန့် ကုန်ကျသော်လည်း စတင်ထွက်ရှိချိန်တွင် ပေါက်ဈေးမှာ ၂၀၀ ကျပ်သာရှိသည့်အတွက် အရှုံးနှင့်ပင် စတင်သည်ဟု ဆိုနိုင်ကြောင်း ၎င်းက ဆက်လက်ပြောပြသည်။

ယခု လက်ရှိပေါက်ဈေးမှာ အကောင်းစား ကြက်သွန် တပိဿာလျှင် ၁၀၀ ကျပ်၊ အလတ်စားမှာ ၈၀ ကျပ်ဈေးသာပေး၍ ကုန်သည်ပွဲစားများက တောင်သူများထံမှ ၀ယ်ယူသည်ဟု သိရသည်။

ရေနံချောင်းမြို့ပေါ်ရှိ ကြက်သွန်ပွဲရုံများတွင် ရောင်းချနေသည့် ဈေးနှုန်းမှာ ရွေးချယ် သန့်စင်ထားသည့် ကြက်သွန် တပိဿာလျှင် ၁၅၀ ကျပ်သာရှိကြောင်း၊ သို့သော် ပြည်တွင်းဝယ်လိုအားမှာ နည်းပါးသည့်အတွက် အရောင်းအ၀ယ် မကောင်းကြောင်း စလင်းမြို့နယ်ရှိ ကြက်သွန်ပွဲရုံ ပိုင်ရှင်တဦးကလည်း ပြောသည်။

“၀ယ်သူ မရှိ၊ ရောင်းလို့ မကုန်၊ စားလို့ မကုန်ရင်တော့ မြစ်ထဲကို သွန်ရတော့မှာပေါ့။ တချို့နယ်တွေဆိုရင် အသံချဲ့စက်တွေနဲ့ စားချင်တဲ့သူတွေ လာယူဖို့ အော်ခေါ်ပြီး အလကားပေးနေတယ်” ဟု ၎င်းကဆိုသည်။

ရန်ကုန်မြို့ရှိ ဈေးများတွင်လည်း ကြက်သွန်နီ ၅ ပိဿာ ဝယ်ယူပါက ၁၀ ပိဿာ အလကားပေးမည်ဟု နောက်ပြောင် ပြောဆိုနေကြကြောင်း သိရသည်။

ကြက်သွန်ကို တခြားသော စိုက်ပျိုးရေး ထွက်ကုန်များကဲ့သို့  အိတ်သွတ်ပြီး သိုလှောင်ထား၍ မရကြောင်း၊ အဆောက်အဦတွင် ဖြန့်ခင်းထားရသည့်အတွက် နေရာအကျယ်အ၀န်းနှင့် အဆောက်အဦများစွာ လိုကြောင်း၊ ယခုအခါတွင် ကြက်သွန်များမှ အနံ့ဆိုးများ ထွက်လာသည့်အတွက် စလင်းမြို့နယ်နှင့် ဆင်ဖြူကျွန်းမြို့နယ်များတွင် မြစ်အတွင်းသို့ သွန်ခြင်း၊ မြေသြဇာအတွက် မြေမြှုပ်ခြင်းများကို စတင် လုပ်ဆောင်နေပြီဖြစ်ကြောင်း အဆိုပါ ပွဲရုံပိုင်ရှင်က ပြောသည်။

ကြက်သွန်မှာ တခြားသော စိုက်ပျိုးသီးနှံများကဲ့သို့ ကြာရှည်သိုလှောင်နိုင်သည့် ကုန်ပစ္စည်းမျိုးမဟုတ်ဘဲ အစိုဓာတ်ရှိသည့်အတွက် ရက်ရှည်ကြာလျှင် ခြောက်သွေ့ပြီး ပိဿာ ၁၀၀ လှောင်ထားလျှင် ရက်ကြာလာပါက ပိဿာ ၆၀ ခန့်သာ အလေးချိန် ကျန်ရှိသည့်အတွက် တောင်သူများ ပိုမိုအရှုံးပေါ်နိုင်ကြောင်း သိရသည်။

ပြီးခဲ့သည့်နှစ်များတွင် စစ်အစိုးရက ဗိုလ်ချုပ်ကြီး သူရ ရွှေမန်း၏သား ပိုင်ဆိုင်သည့် ဧရာရွှေဝါကုမ္ပဏီနှင့် တခြားသော ကုမ္ပဏီကြီးများကို ပြည်ပတင်ပို့ခွင့်လိုင်စင်များ ထုတ်ပေးပြီး ကြက်သွန်စိုက်ဒေသများတွင်လည်း စိုက်ပျိုးရေးလုပ်ငန်းများ လုပ်ကိုင်စေခဲ့သည်။

မြန်မာနိုင်ငံမှ ကြက်သွန်နီကို ယမန်နှစ်များက တရုတ်၊ ထိုင်းနှင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံသို့ အများဆုံးတင်ပို့ပြီး လာမည့်နှစ်တွင် ကြက်သွန်စိုက်ဧက လျော့ကျ၍  ကြက်သွန်ဈေးနှုန်း မြင့်တက်နိုင်သည်ဟု ကြက်သွန်လုပ်ငန်း လုပ်ကိုင်သူများက ခန့်မှန်းပြောဆိုနေကြသည်။

မြန်မာနိုင်ငံတွင် ကြက်သွန်ကို တနှစ်လျင် နှစ်ကြိမ်စိုက်ပျိုးပြီး ယခုလာမည့် စက်တင်ဘာ၊ အောက်တိုဘာလတွင် တကြိမ်၊ ဇန်န၀ါရီလ ချောင်းရေကျသွားချိန် ပေါ်ထွန်းလာသည့် သောင်ခုံတွင် တကြိမ် စိုက်ပျိုးလေ့ရှိသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်