ပါတီဝင်စာရင်း လက်လွှဲမှု ရွေးကောက်ပွဲ ကော်မရှင်သို့ ကန့်ကွက်

E-mail Print
ဒီမိုကရက်တစ်ပါတီ (မြန်မာ) ပါတီဝင် များကို ရဲ အထူးသတင်းတပ်ဖွဲ့က စုံစမ်း မေးမြန်း မှုများ ပြုလုပ်နေခြင်းမှာ ခြိမ်းခြောက်မှု တရပ်ဖြစ်နေ၍ဟု ဆိုကာ ပါတီ ဥက္ကဌက ရွေးကောက်ပွဲကော်မရှင်သို့ ကန့်ကွက်စာ တင်ထားကြောင်း သိရသည်။

“တနင်္လာနေ့က ကော်မရှင်ကို ကန့်ကွက်စာတင်လိုက်တယ် ၊ ရွေးကောက်ပွဲဥပဒေအရ ပါတီဝင်အင်အားစာရင်းတင်ပြပါဆိုလို့ ပြီးခဲ့ တဲ့ လပိုင်းက တင်ပါတယ် ၊ အဲဒီ ပါတီဝင်စာရင်းတွေကို ရွေးကောက်ပွဲကော်မရှင်က သတင်းတပ်ဖွဲ့ကို ပေးလိုက်တယ် ၊ ပေးလိုက် တော့ သတင်းတပ်ဖွဲ့ဝင်တွေက ကျနော်တို့ ပါတီဝင်တွေရဲ့ အိမ်တွေကိုသွားပြီး စုံစမ်းမေးမြန်းတာတွေ လုပ်တယ် ဆိုတော့ ဒါဟာ ခြိမ်းခြောက်တာမျိုးဖြစ်နေတယ် ၊ အဲဒီအတွက်ကို ဖြေရှင်းပေးပါဆိုပြီး ကော်မရှင်ကို စာပို့ထားတယ်"ဟု ဒီမိုကရက်တစ်ပါတီ (မြန်မာ) ဥက္ကဌ ဦးသုဝေက ပြောသည်။

ဒီမိုကရက်တစ်ပါတီ(မြန်မာ)၏ တင်ပြမှုကို ရွေးကောက်ပွဲကော်မရှင်က ယခုအချိန်အထိ တစုံတရာ ပြန်ကြားမှုမရှိသေးကြောင်း သိရသည်။

“အခုထိ ဘာမှ ပြန်ကြားတာမရှိဘူး ၊ သူတို့က ပြန်ကြားလေ့လည်းမရှိပါဘူး ၊ ဒီလိုလုပ်ရပ်မျိုး ရပ်သွားမလားဆိုတာကို မျှော်လင့်ပြီး စာတင်တာပါ"ဟု ဦးသုဝေက ပြောသည်။

ပါတီမှတ်ပုံတင်ခွင့်ကျအပြီး ရက်(၉၀)အတွင်း ပါတီဝင်အင်အား စာရင်း တင်ပြရမည်ဟူသော ရွေးကောက်ပွဲ ဥပဒေ ပါ စည်းမျဉ်း အတိုင်း ဒီမိုကရက်တစ်ပါတီ(မြန်မာ) က ဇူလိုင်(၂၈) ရက်တွင် ပါတီဝင်အင်အား စာရင်း ၁၄၀၀ ကို တင်ပြအပြီး ယခုဖြစ်ရပ် ပထမ ဆုံး ပေါ်ပေါက်လာခြင်း ဖြစ်သည်။

ယခုအချိန်ထိ ပါတီဝင်အင်အားစာရင်းတင်ပြသည့်ပါတီ (၁၃) ပါတီရှိနေပြီး ၀န်ကြီးချုပ် ဗိုလ်ချုပ်ကြီးဟောင်း ဦးသိန်းစိန် ဦးဆောင် သည့် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ(USDP)မှာ ပါတီဝင် အင်အား တင်ပြခြင်း မရှိသေးပေ။

လွန်ခဲ့သော တနင်္ဂနွေနေ့မှစတင်၍ ဒီမိုကရက်တစ်ပါတီဝင် အင်အားစာရင်းရှိ ပါတီဝင်များ၏ နေအိမ်တချို့ကို သတင်းတပ်ဖွဲ့ ၀င် များက သွားရောက်၍ မေးမြန်းစုံစမ်းမှုများ ပြုခဲ့ကြောင်း သိရသည်။

“တချို့မြို့နယ်တွေမှာ ပါတီဝင်တွေရဲ့ အိမ်ကို သတင်းတပ်ဖွဲ့တွေက ကိုယ်တိုင်သွားပြီး မေးတာမြန်းတာတွေလုပ်တယ် ၊ တချို့ မြို့နယ်တွေမှာတော့ ကျနော်တို့ပါတီ အလုပ်အမှုဆောင်တွေဆီသွားပြီး ပါတီဝင်တွေရဲ့ကိုယ်ရေးရာဇ၀င် အသေးစိတ်ရယ် ၊ ဓာတ်ပုံ ၂ ပုံရယ် ပေးပါ ၊ မှတ်တမ်းအဖြစ်ထားချင်လို့ပါဆိုပြီး တောင်းတာမျိုးတွေ လုပ်တယ် ၊ ဒါတွေဟာ ခြိမ်းခြောက်တဲ့ လုပ်ရပ်တွေပဲ"ဟု ဦးသုဝေက ပြောသည်။

ယင်းကဲ့သို့ ပြုလုပ်ခြင်းမျိုး မြန်မာ့သမိုင်းတွင် မရှိသကဲ့သို့ ကမ္ဘာပေါ်တွင်လည်း ယင်းလုပ်ရပ်မျိုးမကြားဘူးကြောင်း ၊ ဥပဒေနှင့် လည်း ညီညွှတ်ခြင်းမရှိကြောင်း ၀ါရင့်နိုင်ငံရေးသမားဖြစ်သူ ဦးသုဝေက ဆက်ပြောသည်။

လွတ်လပ်သော ရွေးကောက်ပွဲများဆိုင်ရာ အာရှကွန်ရက် (Asian Network for Free Elections-ANFREL) အဖွဲ့မှ စောင့်ကြည့် လေ့လာသူ မစ္စတာ ဘီဒါယက် ဒတ်စ် (Bidhayak Das)ကလည်း“ဒီလုပ်ရပ်ဟာရွေးကောက်ပွဲနဲ့ ပတ်သက်ရင် လုံးလုံးလျားလျား ထိန်းချုပ်ချင်တယ်ဆိုတာ ထင်ရှားပါတယ်၊ မြန်မာပြည်လို နေရာမျိုးမှာ SB(ရဲအထူးသတင်းတပ်ဖွဲ့)က အိမ်တွေရဲ့တခါးကို လာခေါက်တယ်ဆိုတာက ထိတ်လန့်စရာပါ၊ သူတို့ ဘာကိုလာရှာတယ်ဆိုတာ ဘယ်သူက သိမှာလဲ၊ ရွေးကောက်ပွဲမှာ အတိုက် အခံတွေရဲ့လှုပ်ရှားမှုကို နည်းပရိယာယ်မျိုးစုံသုံးပြီးတော့ တားဆီးတယ်ဆိုတာကတော့ ပြောလို့ရပါတယ်၊ ဒါဟာ လူအခွင့်အရေး အခြေခံ စံနှုန်းတွေကို မထီမဲ့မြင် လုပ်လိုက်တာပါပဲ”ဟု ပြောသည်။

ယခုရွေးကောက်ပွဲသည် ၁၉၈၈ ခုနှစ်နောက်ပိုင်း စစ်တပ်က အာဏာသိမ်းပြီးနောက် ဒုတိယအကြိမ် ကျင်းပသည့် ရွေးကောက်ပွဲ ဖြစ်သည်။

စစ်အစိုးရ ပထမဆုံးကျင်းပပေးသော ၁၉၉၀ပြည့်နှစ် ရွေးကောက်ပွဲတွင် ပါတီ (၉၃) ခု ၀င်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ဒေါ်အောင်ဆန်း စုကြည် ဦးဆောင်သော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က မဲအပြတ်အသတ်ဖြင့် အနိုင်ရခဲ့သည်။

သို့သော် စစ်တပ်က အာဏာလွှဲပြောင်းမပေးခဲ့ဘဲ ယခု ၂၀၁၀ ရွေးကောက်ပွဲကို ထပ်မံကျင်းပရန်ပြင်ဆင်နေပြီး ပါတီ (၄၀) ကို မှတ်ပုံတင်ခွင့်ပြုထားသည်။

ထိုပါတီ (၄၀) တွင် စစ်အစိုးရကျောထောက်နောက်ခံပြု ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး အသင်း(USDA)မှ အသွင် ပြောင်းထားသော USDP ပါတီလည်း ပါဝင်နေရာ မညီမျှမှုများ ဖြစ်နေသည်ဟု နိုင်ငံရေးပါတီတချို့က ပြောဆိုသည်။

ပြည်ထောင်စု ဒီမိုကရေစီ ပါတီ(UDP) ဥက္ကဋ္ဌ ဦးဖြိုးမင်းသိန်းကလည်း စစ်အစိုးရ ကျင်းပမည့် ၂၀၁၀ ရွေးကောက်ပွဲသည် လွတ်လပ်ပြီး တရားမျှတခြင်း ရှိမည်မဟုတ်ဟု ကြေညာကာ ဥက္ကဋ္ဌ တာဝန်မှ သြဂုတ် ၅ ရက်တွင် နုတ်ထွက်လိုက်သည်။

ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်း ကလည်း အမျိုးသားပြန်လည် သင့်မြတ်ရေးနှင့် ရွေးကောက်ပွဲ ကိစ္စရပ်များတွင် မြန်မာစစ်အစိုးရသည် ကုလသမဂ္ဂနှင့် ပူးပေါင်းဆောင်ရွက်မှု မရှိသည့်အတွက် စိတ်ပျက်မိကြောင်း ၊ ယခုကဲ့သို့ အရေးကြီးနေချိန်တွင် ပူးပေါင်းဆောင်ရွက်မှုမရှိသည်မှာ အခွင့်ရေးကောင်းကို လက်လွှတ်ခြင်းတရပ်ဖြစ်ကြောင်း လွန်ခဲ့သည့် တနင်္လာနေ့က ပြုလုပ်ခဲ့သော ကုလသမဂ္ဂ ရုံးချုပ် သတင်းစာ ရှင်းလင်းပွဲတရပ်တွင် ပြောဆိုသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်