ကနေဒါပြည် ရီဂျိုင်းနားမြို့နေ ကရင်မိသားစု သတ်ဖြတ်ခံရ

E-mail Print
ကနေဒါ နိုင်ငံ ရီဂျိုင်းနား မြို့တွင် ကရင် မိသားစု တစုကို သုံးလောင်းပြိုင် သတ်ဖြတ်ခဲ့သည့် အမှုနှင့် ပတ်သက်ပြီး သံသယ ဖြစ်ဖွယ် ရှိသူများ စာရင်း ထုတ်ပြန်ခြင်း မရှိသေးကြောင်း၊ ယင်းအမှု အပေါ်တွင်လည်း အထူး စုံစမ်း စစ်ဆေးမှုများ ပြုလုပ်နေကြောင်း ရီဂျိုင်းနား ရဲစခန်းက ပြောဆိုလိုက်သည်။

skရီဂျိုင်းနား ရဲစခန်းမှ အရာရှိ တဦးက“အခု သုံးလောင်းပြိုင် လူသတ်မှုဟာ ရီဂျိုင်းနားမြို့မှာ အတော်ကို ထိတ်လန့်တုန်လှုပ် သွားစေခဲ့ပါတယ်၊ ဒီအမှု အပေါ်မှာ ကျနော်တို့အနေနဲ့ ဘာကိုမှ တိတိကျကျ မပြောနိုင်သေးပါဘူး၊ ခိုင်လုံတဲ့ တွေ့ရှိချက် တွေ ရလာရင်တော့ မီဒီယာတွေကို ကျနော်တို့ ထုတ်ပြောမှာပါ”ဟု ဧရာဝတီသို့ ယနေ့ပြောဆိုသည်။

သေဆုံးသူများမှာ ကရင်လူမျိုးများ ဖြစ်ကြသည့် ဂရေနေထူး (အသက် ၃၀ ဝန်းကျင်ခန့်)၊ မနော်နော် (အသက် ၂၀ ဝန်းကျင်ခန့်) နှင့် ၎င်းတို့၏ ၃ နှစ်အရွယ် သားတဦး တို့ ဖြစ်ကြသည်။

နောက်ဆက်တွဲ သတင်းများအရ မနော်နော်သည် သေဆုံးချိန်၌ ကိုယ်ဝန်ဆောင်ထားရကြောင်း၊ သို့သော်လည်း ယင်းအချက် ကို ရဲတပ်ဖွဲ့မှ သတင်းထုတ်ပြန်ခြင်း မရှိသေးကြောင်းလည်း ကနေဒါနိုင်ငံရောက် ၈၈ မျိုးဆက်ကျောင်းသား တဦးဖြစ်သူ ကိုမင်းနိုင် က ဆိုသည်။

မြန်မာ့အရေး လှုပ်ရှားနေသော ကနေဒါနိုင်ငံ အွန်တေရီယိုမြို့ အခြေစိုက် Canadian Friends of Burma မှ ကိုတင်မောင် ထူး က သေဆုံးသူများ၏ အိမ်နီးချင်းများသည် မသင်္ကာသဖြင့် ဒေသခံ ရဲတပ်ဖွဲ့များ ထံသို့ အကြောင်းကြားကာ ၎င်းတို့ အိမ်အတွင်း သို့ ဝင်ရောက်ရှာဖွေရာ ရုပ်အလောင်းများကို တွေ့ရှိရခြင်း ဖြစ်သည်ဟု ဆိုသည်။

“သူတို့ အလောင်းတွေက ပုပ်နေပြီဆိုတော့ လွန်ခဲ့တဲ့ တနင်္လာ မဟုတ်ရင် အင်္ဂါ နေ့လောက် ကတည်းက အသတ်ခံထား ရတယ်လို့ ယူဆနိုင်တယ်၊ အိမ်နီးချင်းတွေကတော့ ရုန်းရင်းဆံခတ် ဖြစ်တဲ့အသံကြားတယ်၊ သေနတ်သံပါ ကြားရတယ် လို့ ပြောကြတယ်”ဟု ကိုတင်မောင်ထူးက ဆက်လက် ပြောဆိုသည်။

သို့သော် ယမန်နေ့က ရီဂျိုင်းနား ရဲအရာရှိချုပ် မစ္စတာ ထရွိုင်ဟေဂင် နှင့် မြို့တော်ဝန်တို့မှ ပြုလုပ်ခဲ့သည့် သတင်းစာ ရှင်းလင်းပွဲတွင်မူ ယင်းအမှုဖြစ်စဉ်တွင် သေနတ်အသုံးပြုထားခြင်း မတွေ့ရကြောင်း ပြောဆိုထားသည်ဟုလည်း သိရှိရ သည်။

သေဆုံးသူ ဂရေနေထူးသည် အခင်းမဖြစ်မီ တပတ်ခန့်တွင် အလုပ်မှ ရုတ်တရက် ခွင့်ယူလိုက်ခြင်းသည် ၎င်းအနေဖြင့် မိမိကိုယ်ကို သေကြောင်းကြံစည်သည်ဟုလည်း အများက ထင်မြင်နေကြောင်း ကိုတင်မောင်ထူးက ဆိုသည်။

သူက ဆက်လက်ပြီး“လူတိုင်းကတော့ ထင်ကြေးအမျိုးမျိုး ပေးနေကြတာပေါ့ဗျာ၊ တချို့တွေကလည်း သူတို့နေတဲ့ ရပ်ကွက် ထဲက လူမည်းတွေ သတ်ကြတယ်၊ တချို့တွေကလည်း ပြီးခဲ့တဲ့ သုံးပတ်လောက်က ဂရေနေထူး ဖြစ်ခဲ့တဲ့ ကား အက်ဆီးဒင့် အပေါ်ကို မကျေနပ်လို့ တဘက်လူက ခုလိုလုပ်တာလို့လည်း ပြောကြတဲ့သူတွေရှိတယ်”ဟု ပြောသည်။

သေဆုံးသူ မိသားစုသည် ၎င်းတို့နေထိုင်ရာ ပတ်ဝန်းကျင်နှင့် အဆက်အဆံ သိပ်မရှိဘဲ ၎င်းတို့ဘာသာ နေထိုင်ကြသူများ ဖြစ်ကြောင်း၊ ၎င်းတို့နေထိုင်ရာ နေရာသည်လည်း ရီဂျိုင်းနားမြို့ မြောက်ဘက် မြို့အစွန်တွင် ရှိကြောင်း ရီဂျိုင်းနားမြို့မှ ကရင်လူမျိုးတဦး ဖြစ်သူ ကိုဝင်းမ်နိုး က ဧရာဝတီသို့ ပြောသည်။

“အခုကိစ္စ ဖြစ်သွားပြီးတဲ့ နောက်ပိုင်း ကျနော်တို့ရဲ့ community ထဲမှာ သူတို့နဲ့ ရင်းနှီးတဲ့ အပေါင်းအသင်းတွေက တစ္ဆေ၊ သရဲ ကြောက်သလိုမျိုး ကြောက်တယ်၊ တခြားသူတွေကျတော့လည်း ပတ်ဝန်းကျင်ကို ကြောက်တာမျိုးတွေ ဖြစ်လာတယ်” ဟု ကိုဝင်းမ်နိုး က ဆက်လက် ပြောဆိုထားသည်။

ဂရေနေထူးနှင့် ၎င်း၏ မိသားစုသည် ၂၀၀၇ ခုနှစ်တွင် ထိုင်း- မြန်မာနယ်စပ်မှ ဒုက္ခသည်စခန်းတခုဖြစ်သော မယ်လာဥ ဒုက္ခသည်စခန်းမှ ပြန်လည်နေရာချထားရေး အစီအစဉ်ဖြင့် ကနေဒါနိုင်ငံ ရီဂျိုင်းနားမြို့သို့ ရောက်ရှိခဲ့ခြင်းဖြစ်သည်။ ရီဂျိုင်းနားမြို့တွင် ကရင်လူမျိုး တရာကျော်ရှိကြောင်း သိရသည်။

သေဆုံးသူ ဂရေနေထူးသည် Crown Shred & Recycling ကုမ္ပဏီတွင် Supervisor ရာထူးဖြင့် အလုပ်လုပ်ကိုင်နေသူ ဖြစ်ကြောင်း၊ ၎င်းတို့မိသားစုသည် တည်ငြိမ်အေးဆေးသော မိသားစုတခု ဖြစ်ကြောင်း ၎င်းတို့နှင့် သုံးလခန့် အတူ နေခဲ့ဖူးသူ လှိုင်းနောင်သန်း က Global Regina သတင်းစာသို့ ပြောဆိုထားသည်။

ရီဂျိုင်းနား တက္ကသိုလ်မှ ပါမောက္ခတဦးဖြစ်သူ မစ္စ ပက်ထရစ်ရှာ အယ်လီယော့ထ် ကလည်း“ဒီ အကြောင်းကို ကြားတော့ ကျမ တော်တော်ကို အထိတ်တလန့် ဖြစ်ခဲ့ရပါတယ်၊ ကျမတို့မြို့မှာ အခုလိုမျိုးအဖြစ်အပျက်က ဒါဟာ ပထမဆုံးအကြိမ် ပါပဲ”ဟု ဧရာဝတီသို့ ပြောသည်။

ယခုကဲ့သို့ ကနေဒါနိုင်ငံရောက် ဒုက္ခသည်များ အသတ်ခံရမှုသည် ၂၀၀၃ ခုနှစ် ဒီဇင်ဘာ ခရစ္စမတ်ကာလတွင် တကြိမ် ဖြစ်ပွားခဲ့ဖူးပြီး ထိုအချိန်က သတ်ဖြတ်မှုသည် နှစ်လောင်းပြိုင်သတ်မှု ဖြစ်သည်ဟုလည်း ကိုတင်မောင်ထူး ထံမှ သိရှိရ သည်။

ပြီးခဲ့သည့် မတ်လကလည်း ကနေဒါနိုင်ငံ ဆပ်စကာတွန်မြို့၌ ၈၈ မျိုးဆက် ကျောင်းသား နှစ်ဦးနှင့် ဒေသခံများ အချင်းဖြစ်ပွား ခဲ့ရာ ၈၈ မျိုးဆက်ကျောင်းသား တဦး သေဆုံးခဲ့ကြောင်း သိရှိရသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်