MAI ကို ကမ္ဘောဇ လေကြောင်းလိုင်း အဖြစ် ပြောင်းမည်

E-mail Print
ကမ္ဘောဇဘဏ် လီမိတက်မှ အပြည်ပြည်ဆိုင်ရာ မြန်မာ့ လေကြောင်းလိုင်း(MAI) ကို လွှဲပြောင်းရယူပြီးနောက် ကမ္ဘောဇမှ ၀န်ထမ်းများ ၀င်ရောက်ကာ MAI ၀န်ထမ်းများနှင့် ပူးတွဲလုပ်ကိုင်နေကြောင်း သိရှိရသည်။

MAI400MAI ၏ အစုရှယ်ယာ ၈၀ ရာခိုင်နှုန်းကို ကမ္ဘောဇဘဏ် လီမိတက်မှ လွှဲပြောင်း ရယူပြီး Air Kanbawza လေကြောင်းလိုင်း အမည်ဖြင့် ပြေးဆွဲမည်ဖြစ်ကြောင်း ကမ္ဘောဇ စီးပွားရေးလုပ်ငန်းမှ တာဝန်ရှိသူတဦးက ပြောသည်။

MAI ကို စစ်အစိုးရ ဒုတိယ ဗိုလ်ချုပ်မှူးကြီး မောင်အေး၏ စီးပွားရေး လူယုံဟု လူသိများသော ကမ္ဘောဇဘဏ်ပိုင်ရှင်  ဦးအောင်ကိုဝင်းမှ လွှဲပြောင်းရယူမည် ဖြစ်သည်။ ဦးအောင်ကိုဝင်းသည် အနောက်နိုင်ငံများ၏ စီးပွားရေးပိတ်ဆို့ ဒဏ်ခတ်ထားသူများ စာရင်းတွင် ထည့်သွင်းထားခံရသူတဦးလည်း ဖြစ်သည်။

“လက်မှတ်အရောင်းနေရာတို့၊ ရုံးခန်း မန်နေဂျာနေရာတွေမှာ ကမ္ဘောဇက ၀န်ထမ်းတွေ ဒီလဆန်းပိုင်းက စ၀င်လာပြီး  MAIက  ၀န်ထမ်းတွေနဲ့ တွဲလုပ်နေတဲ့ ပုံစံမျိုးပါ” ဟု  မြန်မာ့လေကြောင်းလိုင်းမှ အရာရှိတဦး ကဆိုသည်။

နည်းပညာပိုင်းဆိုင်ရာ အင်ဂျင်နီယာနှင့် လေယာဉ်မှူးများ ပြောင်းရွှေ့ဖွယ် မရှိသော်လည်း ရုံးပိုင်းဆိုင်ရာ လုပ်ငန်းများတွင်မှု ကမ္ဘောဇ ၀န်ထမ်းများ ကျွမ်းကျင်မှုရှိလာပါက အပြောင်းအလဲရှိနိုင်ကြောင်း ၎င်းက ပြောသည်။

ဆက်လက်၍ “အစိုးရအနေနဲ့ ပုဂ္ဂလိကကို ဘယ်လိုပဲရောင်းရောင်း ဒါသူ့အပိုင်းပါ။ အာဏာပိုင်တွေ အနေနဲ့ တခု ထည့်စဉ်းစားစေချင်တာက လုပ်ငန်းကို ပုဂ္ဂလိကဆီ ရောင်းလိုက်ပြီးနောက် ဝန်ထမ်းတွေ ကုမ္ပဏီအသစ် လက်ထဲရောက်ရင် ဖြစ်ချင်ရာဖြစ်၊ ထုတ်ရင်လည်းခံ ဆိုတဲ့ အနေအထားမျိုး မဖြစ်အောင် ညှိနှိုင်းမှုတွေလုပ်သင့်တယ်” ဟု ပြောသည်။

ယခုအချိန်တွင် ပူးတွဲလုပ်ကိုင်နေသော်လည်း ပုဂ္ဂလိသို့ လွှဲပြောင်းပေးသည့် လုပ်ငန်းအများစု၏ ထုံးစံအရ လွှဲပြောင်းယူလိုက်သည့် ကုမ္ပဏီမှ ၀န်ထမ်းများ လုပ်ငန်းကျွမ်းကျင်လာပါက ထုတ်ပယ်မှုများ ရှိလာမည်ကို စိုးရိမ်မိကြောင်း MAI လေကြောင်းလိုင်း၊ ၀န်ဆောင်မှုဌာနမှ ဝန်ထမ်းတဦးက ပြောသည်။

“အခုလောလောဆယ် အကုန်လုံးလွှဲပေးတာ မဟုတ်သေးဘဲ တွဲလုပ်နေတဲ့ ပုံစံမျိုးပါ။ မြန်မာ့လေကြောင်းလိုင်းက ရှယ်ယာ ၂၀ ရာခိုင်နှုန်းပဲ ပိုင်တော့တယ်ဆိုတော့ နောက်ပိုင်း လုပ်ပိုင်ခွင့်ရှိမှာ မဟုတ်တော့ဘူး” ဟု ကမ္ဘောဇ လေကြောင်းလိုင်းမှ တာဝန်ရှိ သူ တဦးက ပြောသည်။

“၀န်ထမ်းတွေ တွဲလုပ်နေတယ် ဆိုပေမယ့် ကမ်းနားလမ်းမှာ ရှိတဲ့ မြန်မာ့လေကြောင်းလိုင်းရုံးနဲ့ ကပ်လျက်မှာ Air Kanbawza  (ကမ္ဘောဇ လေကြောင်းလိုင်း) ဆိုပြီး ဆိုင်းဘုတ်တင် ဖွင့်ထားတယ်။ နောက်ပိုင်း လေကြောင်းလိုင်း လုပ်ပိုင်ခွင့်က တဦးတည်းဖြစ်သွားသလို  မြန်မာ့လေကြောင်းလိုင်းဆိုတာလည်း မရှိနိုင်တော့ဘူး” ဟု ၎င်းက ဆက်လက် ရှင်းပြသည်။

စစ်အစိုးရက ထိန်းချုပ် ကျင်းပမည့် ရွေးကောက်ပွဲ မတိုင်မီတွင် နိုင်ငံပိုင် စီးပွားရေးလုပ်ငန်းများကို ပုဂ္ဂလိကပိုင် အဖြစ် တဖြည်းဖြည်း ခွဲဝေရောင်းချလျှက်ရှိရာ MAI လည်း အပါအဝင်ဖြစ်သည်။

“Air Kanbawza  လေကြောင်းလိုင်းကို MA 60 နဲ့ ATR 72 အမျိုးအစား လေယာဉ် ၅ စီးနဲ့  အောက်တိုဘာလကစပြီး ပြည်တွင်း ခရီးစဉ်တွေ ပြေးဆွဲဖို့ ဆုံးဖြတ်ထားတယ်။ MA 60 အသစ် ၃ စီးကို မြန်မာ့ လေကြောင်းလိုင်းကို လွှဲမယူခင် ကတည်းက ၀ယ်ထားတာ။ ခရီးစဉ် အသေးစိတ်ကတော့ ခုလောလောဆယ် ဆွဲနေတုန်း အတိအကျ မထွက်သေးဘူး”ဟု  ကမ္ဘောဇ လေကြောင်းလိုင်းမှ တာဝန်ရှိသူတဦးက ပြောသည်။

ပြည်တွင်း ပုဂ္ဂလိကပိုင် လေကြောင်းလိုင်းတခု ဖြစ်သော Air Mandalay လေကြောင်းလိုင်းသည် ATR 72 လေယာဉ်ဖြင့်  ပြည်တွင်း ခရီးစဉ်များ ပျံသန်းပြေး ဆွဲနေသော်လည်း လေယာဉ်ကို အကြီးစားပြင်ဆင်မှုပြုလုပ်ရန် ထိုင်းနိုင်ငံ ဘန်ကောက်မြို့ သို့ ဇူလိုင်လ ကုန်ပိုင်းက ထွက်ခွာသွားခြင်းကြောင့်  ပြည်တွင်းပြည်ပ ပျံသန်းမှု ခရီးစဉ်များကို ရပ်နားထားကြောင်း သိရသည်။

“လေယာဉ်က ပြင်နေတာရယ်၊ ပျက်နေတာရယ်များနေတော့ လေကြောင်းလိုင်းဝင်ငွေကလည်း လျော့တဲ့အပြင် Air Mandalay လေကြောင်းလိုင်းရဲ့ စီးပွားရေးကလည်း ကျနေတယ်။ အသစ်ချဲ့တဲ့ အင်းလေး လေကြောင်းလိုင်းနဲ့ ကမ္ဘောဇ လေကြောင်းလိုင်းကို ၀န်ထမ်းတွေ ပြောင်းလျှောက်နေကြတော့ လူကြီးတွေလည်း စိတ်ညစ်နေတယ်” ဟု  Air Mandalay လေကြောင်းလိုင်းနှင့် နီးစပ်သူတဦးက ပြောသည်။

MAI သည် လေယာဉ်ကွင်း တည်ရှိသော မြို့ပေါင်း ၃၁ မြို့သို့ ပျံသန်းပြေးဆွဲနေသည့် တခုတည်းသော လေကြောင်း လိုင်းဖြစ်ပြီး ပြည်ပခရီးစဉ်အနေနှင့် ထိုင်းနိုင်ငံ ဘန်ကောက်မြို့၊ မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့၊ စင်ကာပူနိုင်ငံနှင့် အိန္ဒိယနိုင်ငံ ဗုဒ္ဓဂယာတို့သို့ ပျံသန်းပြေးဆွဲလျက်ရှိသည်။

Union of Burma Airways (UBA) အမည်ဖြင့် ၁၉၄၈ စက်တင်ဘာလ ၁၅ ရက်နေ့တွင် စတင်ဖွဲ့စည်းခဲ့သော MAI ကြောင်း လိုင်းသည် သက်တမ်း ၆၁ နှစ်ပြည့်ခဲ့ပြီ ဖြစ်သည်။

စစ်အစိုးရသည် နိုင်ငံ၏ အဓိက စီးပွားရေးလုပ်ငန်းကြီးများကို ၎င်းတို့နှင့် နီးစပ်သော စီးပွားရေးလုပ်ငန်းရှင်ကြီးများအား လွှဲပြောင်းလုပ်ကိုင်ခွင့်များ ပေးထားသကဲ့သို့ ဘဏ်လုပ်ငန်းသစ်၊ လေကြောင်းလိုင်းသစ် ထပ်မံတိုးချဲ့ လုပ်ကိုင်ခွင့်များလည်း ချထားပေးနေသည်။

မကြာသေးမီကလည်း MAI မှ တာဝန်ယူ လုပ်ကိုင်နေသော တနှစ်လျှင် အမေရိကန်ဒေါ်လာ ၁၀ သန်းခန့် ၀င်ငွေရှိနေသည့် ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ် ၀န်ဆောင်မှုလုပ်ငန်းများကို ပုဂ္ဂလိက အဖြစ် စစ်အစိုးရနှင့် နီးစပ်သူ ဘိန်းဘုရင် လော်စစ်ဟန်၏ သား ဦးထွန်းမြင့်နိုင်၏ အေးရှားဝေါကုမ္ပဏီသို့ လွှဲပြောင်းပေးခဲ့သည်။

စီးပွားရေးလုပ်ငန်းရှင် ဦးနေအောင်နှင့် ကမ္ဘောဇဘဏ်ပိုင်ရှင် ဦးအောင်ကိုဝင်း တို့သည် အင်းလေး လေကြောင်းလိုင်း (Air Inlay) တည်ထောင်လိုက်ကာ ပြည်တွင်းခရီးစဉ်များ စတင် ပြေးဆွဲသွားမည်ဟု  စီးပွားရေးလုပ်ငန်းရှင်အသိုင်းအ၀န်းမှ စုံစမ်း သိရှိရသည်။

ဦးအောင်ကိုဝင်းသည် ကမ္ဘောဇဘဏ် လုပ်ငန်းအပြင် ကမ္ဘောဇ FC အမည်ရှိ ဘောလုံးအသင်းကိုလည်း တည်ထောင်ထားသူဖြစ်သည်။ 

MAI လေကြောင်းလိုင်းနှင့် ပြိုင်ဘက်တခုဖြစ်သော အဲပုဂံလေကြောင်းလိုင်းသည်လည်း စစ်အစိုးရနှင့် နီးစပ်သည့် စီးပွားရေး လုပ်ငန်းရှင် ဦးတေဇက လုပ်ကိုင်ခွင့်ရထားပြီး ယင်းလေကြောင်းလိုင်းတွင်  A-310  ၂ စီး၊ F-100 ၂ စီး ၊ ATR-72 ၂ စီး၊ ATR-42 ၂ စီး စုစုပေါင်းလေယာဉ် ၈ စီးရှိကြောင်း ယင်းတို့ ထုတ်ပြန်ထားသော စာရင်းများအရ သိရသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်